မြစ်ကြီးနား၌ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး ဖွင့်လှစ်

မြစ်ကြီးနား ၂ ဇွန် 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဆောက်လုပ်ပြီးစီးသွားသည့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံး ဖွင့်လှစ်ခြင်းအခမ်းအနားကို ဇွန် ၂ ရက် နံနက် ၉ နာရီက အဆိုပါရုံးသစ်အဆောက်အအုံရှေ့တွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာဒေါ်မြသူနှင့် တာဝန်ရှိသူများက ရုံးအဆောက်အအုံသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ဆက်လက်၍ ရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ရုံးဟောင်းအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပါမောက္ခဒေါက်တာဒေါ်မြသူက ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် လူမျိုး/ဘာသာမရွေး လူမှုဒုက္ခရောက်ရှိနေသူများကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ဖွဲ့စည်းထားသည့် လွတ်လပ်သည့် အဖွဲ့အစည်းတစ်ရပ်ဖြစ်၍ နေရာဒေသမရွေး၊ အချိန်အခါမရွေး ကူညီနိုင်ရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် ရာသက်ပန်အသင်းဝင်များကို အသင်းဝင်စိစစ်ရေး စမတ်ကတ်ပြားများ လွှဲပြောင်းပေးအပ်ကာ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဂဲနက်က အခမ်းအနားသို့ တက်ရောက်လာသည့် ၂၀၁၉ ခုနစ် ထူးချွန်ကြက်ခြေနီမောင်မယ်များနှင့် တာဝန်ရှိသူများကို ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီရုံးသစ်ကို မြို့ပြရွှေပြည်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခြင်းဖြစ်ပြီး အလျား ၄၄ ပေ၊ အနံ ၃၀ ပေရှိ နှစ်ထပ်အဆောက်အအုံဖြစ်ကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)