မြစ်ကြီးနားမှ ပူတာအိုသို့ နေ့ချင်းရောက် သွားလာနိုင်ပြီ

၂၈ ဇန်နဝါရီ

 

မြစ်ကြီးနားမြို့မှ ပူတာအိုမြို့သို့ ယခင်က နှစ်ညအိပ်သုံးရက်ခရီးအဖြစ် သွားရောက်ရသောခရီးအဖြစ်မှ ယခုအခါ မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်း ကောင်းမွန်ပြီဖြစ်သည့်အတွက် မြစ်ကြီးနားမှ ပူတာအိုသို့ နေ့ချင်းရောက်သွားလာနိုင်ပြီ ဖြစ်သည်။ နေ့ချင်းရောက်ခရီးအဖြစ် သွားလာနိုင်သည့်အတွက် ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရန် အခြေအနေကောင်းများ ဖြစ်ပေါ်လာပြီဖြစ်သည်။

 

bbbb111

 

“အရင်ကသွားရလာရခက်ခဲတယ်။ မြစ်ကြီးနားကနေ ပူတာအိုသွားဖို့အတွက် ဖြစ်ဖြစ်၊ ပူတာအိုကနေ မြစ်ကြီးနား သွားဖို့ဖြစ်ဖြစ် လမ်းမှာညအိပ်ပြီးသွား ရတယ်။ အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ ကျန်းမာရေးအတွက်လည်း ခက်ခဲပါတယ်။ ကျန်းမာရေးအတွက် တစ်စုံတစ်ခုဖြစ်ပြီဆိုရင် ညအိပ်ခရီး ဖြစ်နေတော့ လမ်းမှာတင် ဆုံးသွားတာမျိုးတွေ အများကြီးရှိခဲ့ပါတယ်။ အခုက တော့ လမ်းကောင်းသွားပြီဖြစ်တဲ့အတွက် ကားလည်း ပေါပါတယ်။ ဘယ်အချိန်သွား သွားရသွားပြီ” ဟု မြစ်ကြီးနား-ဆွမ်ပရာဘွမ် - ပူတာအိုလမ်းပေါ်ရှိ တီယာန်ဇွပ် ကျေးရွာမှ မဖြူကပြောသည်။

 

နေ့ချင်းရောက်သွားလာနိုင်ပြီ မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းသည် ၂၁၈ မိုင် ရှည်လျားပြီး မြစ်ကြီးနားမှ ပူတာအို အသွားအပြန် ကြာချိန် ၁၂ နာရီဖြစ်၍ နေ့ချင်းရောက်ခရီးအဖြစ် သွားလာနိုင်ပြီဖြစ်သည့်အတွက် ခရီးလမ်းတိုးတက်ကောင်းမွန်လာမှုနှင့်အတူ ဒေသခံများ၏ လူမှုစီးပွားရေးသည်လည်း တိုးတက်လာသည်။

 

“အရင်က လမ်းပန်းဆက်သွယ်ရေး ခက်ခဲတော့ စီးပွားရေးတွေလည်းခက်ခဲ ကြတယ်။ လမ်းကောင်းတော့ ဒီလမ်းပေါ် ကနေ သွားကြ၊ လာကြနဲ့ စီးပွားရှာကြတယ်။ မြစ်ကြီးနားက ပူတာအိုသွား ရင်ဖြစ်ဖြစ်၊ ပူတာအိုကနေ မြစ်ကြီးနား သွားရင်ဖြစ်ဖြစ် ကျွန်မတို့ တီယာန်ဇွပ်ရွာမှာ တစ်ထောက်နားကြတယ်။ အရင်က သွားလာသူမရှိတော့ လက်ဖက်ရည်၊ မုန့်လောက်ပဲ ရောင်းရတယ်။ အခု လမ်းကောင်းပြီး သွားလာတဲ့သူများတော့ စားသောက်ဆိုင်အဖြစ် တိုးချဲ့ရောင်းရပြီး အဆင်ပြေတယ်” ဟုလည်း မဖြူက ဆက်ပြောသည်။

 

“လမ်းတွေ ပိုကောင်းလာတော့ ကျွန်တော်တို့လို ကားမောင်းတဲ့သူတွေ ကားမောင်းရတာသက်သာသလို စီးရတဲ့ ခရီးသွားလည်း သက်သာတာပေါ့။ကားစီးဖို့လည်း အချိန်အရင်ကလောက် မပေးရတော့ဘူး။ အခုလမ်းကောင်းသွားတော့ အလည်အပတ်လာတဲ့ ခရီးသည်တွေလည်း ရှိလာပါပြီ”ဟု မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပေါ်တွင် ယာဉ်လိုင်းမောင်းနှင်သူ ကိုဇော်လတ်က ပြောသည်။

 

“လမ်းတံတားဆိုတာ တိုင်းပြည် ဖွံ့ဖြိုးဖို့အတွက် အဓိကကျပါတယ်။ ဒီလို လမ်းတံတားတွေမဖွံ့ဖြိုးရင် ကုန်ဈေးနှုန်းတွေ ကြီးမြင့်မယ်။ လမ်းရှိ၊ တံတားရှိတော့ ကျန်တဲ့ ပညာရေး၊ ကျန်းမာရေးလည်း ဖွံ့ဖြိုးဖို့ အခွင့်အလမ်းအများကြီးရှိလာတယ်။ အခုဆို မြစ်ကြီးနား- ဆွမ်ပရာဘွမ်ပူတာအိုလမ်းမကြီးက ကောင်းမွန်လာတဲ့ အတွက် မြစ်ကြီးနားကနေ ပူတာအိုကို လွယ်လွယ်ကူကူ သွားလာနိုင်ပြီ။

 

bbb222

 

ငြိမ်းချမ်းရေးကအရေးကြီး “ဖွံ့ ဖြိုးတိုးတက်မှုအတွက် ငြိမ်းချမ်းရေးကလည်း အရေးကြီးပါတယ်။ ကျွန်တော်တို့ ပြည်နယ်တချို့နေရာတွေမှာ ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆောင်ရွက် ရမှာရှိပါတယ်။ ငြိမ်းချမ်းရေးကို တစ်ရက် ထက်တစ်ရက် ပိုလုပ်နိုင်လေ ဖွံ့ ဖြိုးရေးကို တစ်ရက်ထက်တစ်ရက်တိုးပြီး ဆောင်ရွက် လာနိုင်လေ ဖြစ်ပါတယ်။ အခုဆိုရင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို ကတော့ အဆင်ပြေပြေနဲ့ သွားလာနိုင်ပါပြီ။ ကျွန်တော်တို့ ပြည်နယ်က ဆွမ်ပရာဘွမ်၊ ပူတာအိုဆိုတာ သဘာဝအလှအပတွေ အများကြီးရှိတဲ့ဒေသတွေ ဖြစ်ပါတယ်။ မြစ်ကြီးနားကနေ ပူတာအိုကို နေ့ချင်းပေါက် သွားနိုင်ပါပြီ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ တခြားတိုင်းဒေသကြီး၊ ပြည်နယ်က သွေးချင်းညီအစ်ကိုတွေကိုလည်း လာလည်ဖို့ ဖိတ်ခေါ်ချင်ပါတယ်” ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဒွဲက ပြောသည်။

 

မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းသည် သွားလာရလွယ်ကူပြီ ဖြစ် သော်လည်း မြေသားလမ်းအဖြစ် ကျန်ရှိ နေသည့် အပိုင်းများကို ကွန်ကရစ် လမ်းခင်းခြင်း၊ မြစ်ကြီးနား-ဆွမ်ပရာဘွမ်ပူတာအိုလမ်းပိုင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ သိရသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းအား မြစ်ကြီးနားခရိုင် အပိုင်း၊ လမ်းအထူး အဖွဲ့ (၁)အပိုင်း၊ လမ်းအထူးအဖွဲ့ (၂) အပိုင်းနှင့် ပူတာအိုခရိုင်အပိုင်းဟူ၍ လမ်းပိုင်းလေးပိုင်း သတ်မှတ်ခွဲခြား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခရိုင်လမ်းဦးစီးဌာနများနှင့် လမ်းအထူးအဖွဲ့များသည် မြစ်ကြီးနား- ဆွမ်ပရာဘွမ် - ပူတာအိုလမ်းအား လမ်းပိုင်းသတ်မှတ်၍ လုပ်ငန်းပိုင်းခြား ဆောင်ရွက်ခြင်းများရှိသလို ပုဂ္ဂလိက ကုမ္ပဏီများအား တင်ဒါစနစ်ဖြင့် ဆောင်ရွက်စေခြင်းလည်းရှိကြောင်း သိရသည်။

 

“ကျွန်တော်တို့အဖွဲ့က မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်း ကျွန်တော်တို့ တာဝန်ယူရတဲ့အပိုင်းမှာ ကွန်ကရစ် လမ်းခင်းခြင်းကို ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ တာဝန်ယူရတဲ့အပိုင်းက တောင်ပေါ်မြေသားလမ်းအနေနဲ့ ကျန်ရှိ နေတဲ့အပိုင်း ဖြစ်ပါတယ်။ ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၅ ဒသမ ၅ မီတာ အကျယ်ရှိတဲ့ ကွန်ကရစ်လမ်း ၁၀ ဒသမ ၁၅ ကီလိုမီတာခင်းခြင်းကို ကျွန်တော်တို့ အဖွဲ့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီမြေသားလမ်းကို ကွန်ကရစ်လမ်းအနေနဲ့ ပြည်သူတွေ အမြန်ဆုံး အသုံးပြုနိုင်အောင် ကျွန်တော်တို့အဖွဲ့ အနေနဲ့ ကြိုးစားဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆောင်ရွက်တဲ့ လမ်းတွေ ဟာ တောင်ပေါ်လမ်းတွေဖြစ်တဲ့အတွက် မိုးတွင်းရောက်ရင် လမ်းပေါ်ကို တောင်ပြို နိုင်တဲ့အခြေအနေမျိုး ရှိနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်ရင် ဒေသခံပြည်သူတွေ သွားလာရေးခက်ခဲမှု မရှိအောင် ကျွန်တော်တို့အနေနဲ့ အချိန်မီ ပြင်ဆင် ဆောင်ရွက်ပေးလျက်ရှိပါတယ်”ဟု လမ်းအထူးအဖွဲ့ (၂)မှ ဒုတိယညွှန်ကြား ရေးမှူး ဦးကျော်စိုးသိန်းက ပြောသည်။


မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းပိုင်းပေါ်တွင် မြစ်ကြီးနားခရိုင်မှ တာဝန်ယူဆောင်ရွက်မှုနှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ် လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးက” မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းရဲ့ မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပိုင်းမှာမြစ်ကြီးနား မြို့ကနေ တီယာန်ဇွပ်ကျေးရွာအထိ ၅၃ မိုင်ရှိပါတယ်။ အရင်ဒီလမ်းက ကတ္တရာ လမ်းအဆင့် မဟုတ်သေးပါဘူး။ လမ်းကလည်း မချဲ့ရသေးပါဘူး။ အခုကတော့ မြစ်ကြီးနားမြို့ကနေ တီယာန်ဇွပ်ကျေးရွာ အထိ ကတ္တရာလမ်းအဆင့် ဖြစ်သွားပါပြီ။ လမ်းလည်း ချဲ့ ပြီးပါပြီ။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်ကနေစပြီး ကျောက်စီ ရေမြောင်းတည်ဆောက်တာ၊ မြေထိန်း နံရံ တည်ဆောက်တာစတဲ့ လမ်းပိုင်း ရေရှည်တည်တံ့ဖို့ အဆင့်မြှင့်တင်တာတွေ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

 

မြစ်ကြီးနား- ဆွမ်ပရာဘွမ်-ပူတာအို လမ်းကွန်ရက်ပေါ်ရှိ တံတားများ တည်ဆောက်ခြင်းနှင့် ရေရှည်ကြံ့ခိုင် ကောင်းမွန်ရေးကို တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပြီး ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တီယာန်ဇွပ်တံတား၊ ဒရုခတံတား၊ ဆီနင်ခတံတားနှင့် ဖုန်ချန် တံတားတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

“ကျွန်တော်တို့ တံတားဌာနအနေနဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းပေါ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေနဲ့ တည်ဆောက်နေတဲ့ တံတားလေးစင်းရှိ ပါတယ်။ ပထမတံတားဖြစ်တဲ့ တီယာန်ဇွပ် တံတားက ရာခိုင်နှုန်းပြည့် ပြီးစီးနေပါပြီ။ အခုအခါမှာတော့ အများပြည်သူသွားလာ နိုင်နေပါပြီ။ ဒုတိယတံတားဖြစ်တဲ့ ဒရုခ တံတားကလည်း ရာခိုင်နှုန်းပြည့် ပြီးစီးနေပါပြီ။ တတိယတံတားဖြစ်တဲ့ ဆီနင်ခ တံတားကတော့ ၆၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်ပြီးစီးနေပါပြီ။ စတုတ္ထတံတား ဖုန်ချန်ကတော့ ပြီးစီးမှု ငါးရာခိုင်နှုန်း ရှိပါပြီ။

 

“ဒီထဲက ရာခိုင်နှုန်းပြည့် ပြီးစီးနေတဲ့ တံတားတွေ soft opening အစီအစဉ်နဲ့ ဖွင့်လှစ်နိုင်ဖို့ ပြည်နယ်အစိုးရထံ တင်ပြထားပြီး ဖြစ်ပါတယ်။ ပြည်နယ်အစိုးရရဲ့ အတည်ပြုချက်ရရင် ဝန်ကြီးဌာနကို တင်ပြပြီးတော့ ဖွင့်ပွဲအခမ်းအနားကျင်းပ သွားမှာ ဖြစ်ပါတယ်။

 

bbb3333

 

“တံတားတစ်စင်းရဲ့ တန်ဖိုးက ကြီးမားပါတယ်။ ဒါကြောင့် တံတားကြီး ရေရှည်တည်တံ့ဖို့ ပြင်ဆင်ထိန်းသိမ်းတဲ့ ကဏ္ဍကလည်း အရေးကြီးပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ ဦးစီးဌာနနဲ့ အတူ ပြည်သူတွေက ပူးပေါင်းပါဝင်ပေးဖို့ အရေးကြီးပါတယ်။ တံတားတွေမှာ ရာသီဥတုကြောင့်သော်လည်းကောင်း၊ အခြား ထူးခြားဖြစ်စဉ်ကြောင့်သော်လည်းကောင်း အားနည်းချက်တစ်စုံ တစ်ရာဖြစ်ပေါ်ခဲ့ရင် ပြည်သူတွေအနေနဲ့ တံတားဦးစီးဌာနကို ဆက်သွယ်ပေးစေ ချင်ပါတယ်။ ဒါမှသာ ပြည်သူတွေ အဆင်ပြေစွာ အသုံးပြုနိုင်ဖို့ အမြန်ဆုံးပြင်ဆင် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်” ဟု တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး စောဇာနည်လှက ပြောသည်။

 

ရာခိုင်နှုန်းပြည့်ပြီးစီးကာ မကြာမီ ဖွင့်လှစ်တော့မည့် တီယာန်ဇွပ်တံတားသည် တီယာန်ချောင်းပေါ်တွင် တည်ရှိပြီး တံတားအရှည် မီတာ ၉၀၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်းတစ်ဖက် သုံးပေရှိ သော သံကူကွန်ကရစ်တံတား ဖြစ်သည်။

 

မကြာမီဖွင့်လှစ်မည် အလားတူ ရာခိုင်နှုန်းပြည့်ပြီးစီးကာ မကြာမီဖွင့်လှစ်တော့မည့် ဒရုခတံတားသည် ဒရုခချောင်းပေါ်တွင်တည်ရှိပြီး တံတားအရှည် မီတာ ၆၀၊ ယာဉ်သွားလမ်း ၂၄ ပေ၊ လူသွားလမ်းတစ်ဖက် ဝ ဒသမ ၉ မီတာရှိသော သံကူကွန်ကရစ်တံတား ဖြစ်သည်။

 

“မြစ်ကြီးနားကနေ ပူတာအိုကို အရင်က နေ့ချင်းမရောက်နိုင်ဘူး။ လမ်းမှာ ညအိပ်ရတယ်။ သွားရလာရ ခက်ခဲတယ်။ အခုတော့ ချက်ချင်းသွား ချက်ချင်းရောက်နိုင်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် ပိုပြီးချစ်ခင်ရင်းနှီးလာပြီး နားလည်မှုရှိလာမယ်။ ဒီလိုပိုမိုရင်းနှီး နားလည်လာတဲ့အတွက် တိုင်းရင်းသား တွေအချင်းချင်း အထင်အမြင်လွဲမှားတဲ့ ပြဿနာတွေလည်း မရှိနိုင်တော့ဘူးလို့ ထင်ပါတယ်”ဟု တံတားအထူးအဖွဲ့ (၁) မှ ဦးစီးအရာရှိ ဦးအောင်ကျော်လင်းက ပြောသည်။

 

လမ်းဦးစီးဌာနမှ ပထမဦးစားပေး အနေဖြင့် ခရိုင်ချင်းဆက်လမ်းဖြစ်သည့် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းကို ရာသီမရွေးသွားလာနိုင်ရေး၊ ဗန်းမော်- မြစ်ကြီးနားလမ်းပိုင်းကို AC လမ်း၊ ကွန်ကရစ်လမ်း အဆင့်မြှင့်တင် နိုင်ရေး၊ ရွှေဘို- မြစ်ကြီးနားလမ်းပိုင်းကို ၂၄ ပေ အကျယ် AC လမ်း၊ ကွန်ကရစ်လမ်း အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

ရာသီမရွေးသွားလာနိုင် 

 

ထို့ပြင် မံဝိန်း-ချီဖွေလမ်းကို ၁၂ ပေ အကျယ် ကတ္တရာလမ်း ၃၆/၃ မိုင်နှင့် တံတားငယ်စုစုပေါင်း ၇၆ စင်းကိုအဆင့် မြှင့်တင်နိုင်ခဲ့သည့်အတွက် မြစ်ကြီးနားမြို့မှ ချီဖွေမြို့အထိ သုံးနာရီခန့်အတွင်း ရာသီမရွေးသွားလာနိုင်ပြီ ဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။

 

“၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ မချမ်းဘော့- ဖရုခ- နောင်မွန်လမ်းမှာရှိတဲ့ ထီခတံတား ပေ ၄၀ဝ နဲ့ ထာခတံတား ပေ၂၀ဝ ကို အပြီးတည်ဆောက်ပေးမှာ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံ မြောက်ဖျား အစွန်းမှာရှိနေတဲ့ ပန်နန်းဒင်မြို့ကနေ နောင်မွန်၊ ပူတာအို၊ မြစ်ကြီးနားမြို့အထိ လမ်းပန်းဆက်သွယ်ရေးတိုးတက် ကောင်းမွန်လာမှာ ဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူတွေ ကူးလူးဆက်သွယ်သွားလာနိုင်ပြီးတော့ လူမှု စီးပွားဘဝတွေလည်း ဖွံ့ ဖြိုးတိုးတက်လာ မှာ ဖြစ်ပါတယ်” ဟု ကချင်ပြည်နယ် လမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင် မောင်အုန်းက ပြောသည်။

 

ကြိုးပမ်းဆောင်ရွက် မြစ်ကြီးနား- ဆွမ်ပရာဘွမ်- ပူတာအို လမ်းသာမက ပြည်နယ်အတွင်း အခြားနေရာများရှိ လမ်းကွန်ရက်၊ တံတား ကွန်ရက်များ ကောင်းမွန်စေရန်အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့်သက်ဆိုင်ရာ ဦးစီးဌာနများအနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြစ်ကြီး နား- ဆွမ်ပရာဘွမ်- ပူတာအိုလမ်းသာမက မချမ်းဘော့-ဖရုခ-နောင်မွန်လမ်းပေါ်တွင် ထီခတံတား ပေ ၄၀ဝ နှင့် ထာခတံတား ပေ ၂၀ဝ ကိုလည်းကောင်း၊ မန္တလေး- လားရှိုး- ဗန်းမော်- မြစ်ကြီးနားလမ်းပေါ် တွင် နန့်မြစ်ခတံတား လေးလမ်းသွား ၃၀၂ ပေကို လည်းကောင်း၊ နမ္မတီး- တနိုင်း-ပန်ဆောင်လမ်းပေါ်တွင် ဝါရာဇွပ် တံတား ပေ ၆၀ဝ ကို လည်းကောင်း တည်ဆောက်လျက်ရှိသည်။

 

ထာခတံတား ပြီးစီးမှုမှာ ၅၀ ရာခိုင် နှုန်း၊ထီခတံတား ပြီးစီးမှုမှာ ၃၅ ရာခိုင် နှုန်း၊ နန့်မြစ်ခတံတားမှာ ၇၅ရာခိုင်နှုန်း၊ ဝါရာဇွပ်တံတားမှာ ငါးရာခိုင်နှုန်း ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။ ထို့အပြင် တံတား ဦးစီးဌာနအနေဖြင့် ဗလမင်းထင်တံတား အမှတ် (၂) Feasibility Study ကြိုတင်လေ့လာမှုကိုလည်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

ရှင်မင်း
ဓာတ်ပုံ-ထိန်နန်နော်