မြစ်ကြီးနား၊ မောင်တောနှင့် နောင်ချိုမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၂၂

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်နေ ဆွေမင်းဆက် (ခ) ဒေါင်ခေါင်၏ နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ  ဘိန်းဖြူ သုည ဒသမ ၄၄ ကီလို ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၉ နာရီ မိနစ် ၂၀ တွင် နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ‌မောင်တောမြို့နယ်၊ ကျီးကန်းပြင်စစ်ဆေးရေးဂိတ်တွင် ကျော်လှထွန်း မောင်းနှင်ပြီး ကျော်သိန်းထွန်း လိုက်ပါလာသည့် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၉,၇၅၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ နံနက် ၉ နာရီခွဲတွင် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာနေ သင်္ခါကျော်အား ၎င်း၏နေအိမ်၌ ထပ်မံဖမ်းဆီးရမိခဲ့သည်။

 

ထို့ပြင် နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ မူဆယ်-မန္တလေးသွားကားလမ်း၊ မိုင်တိုင်အမှတ် (၈၀/၄) အနီးတွင် ခိုင်ကျော်ထူး (ခ) ဂျပု မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

 

ရဲပြန်ကြား