မြစိမ်းရောင်လွှမ်း အေးချမ်းစေမည် မြန်မာပြည်

 

မြင့်စိုး(နတလ)

 

သင်္ကြန်မိုးရေ တန်ခူးလေ

 

တမြန်နေ့ညနေပိုင်းမှာ မိုးရိပ်လေရိပ်လေး ဆင်လာသည်။ မိုးခြိမ်းသံသဲ့သဲ့လေး ကြားနေရသည်။ ထိုစဉ်ခဏ အခိုက်အတန့်လေးမှာပင် သင်းပျံ့မွှေးထုံသော ပန်းရနံ့တစ်ခုက မိုးသက်လေနှင့်အတူ ဝေ့ဝဲပါလာသလိုမျိုး စိတ်ဝယ်ခံစားရှူရှိုက်လိုက်ရသည်။ ပိတောက်ပန်းရနံ့၊ သည်လိုအချိန် သည်လိုရာသီ သည်လိုကာလရောက်တိုင်း သင်္ကြန်မိုးရေ တန်ခူးလေနှင့်အတူ နမ်းရှိုက်ခွင့်ရခဲ့သော ပိတောက် ပန်းရနံ့ကို ကျွန်တော်လှမ်းလင့်လို့ ကြိုဆိုနေမိ ပါပကော။ ဖြတ်သန်းလာခဲ့ဖူးသော လွမ်းရင့်ရင့် ရာသီတို့က ဟိုအဝေးဆီမှာ ၁၀ စုနှစ် နှစ်ခုစာမျှပင် မကတော့ပြီ။ ၁၉၈၄ ခုနှစ် ရှမ်းပြည်နယ်(တောင်ပိုင်း)ဒေသမှ မိုင်းကိုင်သင်္ကြန်ကို လွမ်းသည်။ ၁၉၉၁ ခုနှစ် ရှမ်းပြည်နယ်(မြောက်ပိုင်း) ဒေသမှ နမ့်ဆန် သင်္ကြန်ကို သတိရမိသည်။ ၁၉၉၆ ခုနှစ်က ဟိုမိန်း ဒေသသင်္ကြန်ကိုလည်း မမေ့။ ၂၀၀၀ ပြည့်လွန်နှစ် များမှာ နယ်စပ်ဒေသအသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူယဉ်ကျေးမှုအဖွဲ့များနှင့် ရေစက်ဆုံခဲ့ ရသော ရန်ကုန်မြို့တော် မဟာသင်္ကြန်ပွဲတော် ပုံရိပ်များကလည်း ကျွန်တော့်နှလုံးသားမှာ တဖျပ်ဖျပ် ထင်ဟပ်လှုပ်ခတ်နေဆဲ၊၊ သင်္ကြန်ရောက်လေတိုင်း သူတို့ကို ကျွန်တော်သတိရသည်။ သူတို့ဆိုသည်မှာ စောစောကကျွန်တော်ပြောခဲ့သည့် နယ်စပ်ဒေသ အသီးသီးမှ တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှု အဖွဲ့များပဲဖြစ်သည်။ သူတို့ကို ယဉ်ကျေးမှုသံတမန် များဟူ၍လည်း ဂုဏ်ပြုခေါ်ဝေါ်ရေးသားခဲ့ဖူးသည်။

 

သင်္ကြန်ပွဲတော်ကြီး ပြီးသွားတိုင်း သူတို့နှင့် ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ် အမြဲရေးဖြစ်ခဲ့ သည်။ အထူးသဖြင့် ၂၀၀၀ ပြည့်လွန်နှစ်တွေမှာပဲ ဖြစ်၏။ နွေဧည့်သည်တို့ အိမ်အပြန်၊ အလွမ်းသင်္ကြန် ပန်းသင်္ကြန်၊ ပြည်ထောင်စုသားတို့ သင်္ကြန်၊ မန်းတောင်ရိပ်မှသည်၊ပြည်ထောင်စုပန်းရနံ့ သင်းပျံ့နေသောသင်္ကြန်၊ နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန် များ အစရှိသည့် ခေါင်းစဉ်များပေး၍ ရေးခဲ့ခြင်း ဖြစ်သည်။

 

ကျွန်တော်နှင့် နယ်စပ်သင်္ကြန်တေးသီချင်းများ

 

တပ်မတော်သားဘဝမှ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန နတလဦးစီးဌာနသို့ ၁၉၉၅ ခုနှစ်တွင် ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သော ကျွန်တော်၊၊ ၁၉၉၇-၉၈ နှစ်လောက်မှစ၍ ဝန်ကြီးဌာန၊ ဦးစီးဌာန၏ ပြန်ကြားရေး လုပ်ငန်းများနှင့် စတင်ရင်းနှီး ကျွမ်းဝင်ဖြစ်ခဲ့ရသည်။ ပြန်ကြားရေးလုပ်ငန်းများဆိုရာတွင် သတင်းထုတ်ပြန်ခြင်း လုပ်ငန်းမှအစ ပြခန်းများပြသခြင်း၊ ဌာနမဂ္ဂဇင်းနှင့် စာအုပ်စာစောင်များ ထုတ်ဝေခြင်း၊ နယ်စပ်ဖွံ့ဖြိုးရေးဆိုင်ရာ ရုပ်မြင်သံကြားအစီအစဉ်များ တည်းဖြတ် ထုတ်လွှင့်ခြင်း၊ နတလလုပ်ငန်း အကောင်အထည် ဖော် ဆောင်ရွက်မှုမှတ်တမ်းစာအုပ်များ ထုတ်ဝေခြင်း၊ တိုင်းရင်းသားလေ့လာရေး ခရီးစဉ်များ၊ သင်္ကြန်ပွဲတော်သို့ ဖိတ်ကြားခေါ်ယူခြင်းများ အပါ အဝင် ဆောင်းပါးစာမူများ ရေးသားခြင်းအဆုံးဟု ပြောရမလိုပင်။

 

ရန်ကုန် မဟာသင်္ကြန်ပွဲတော်များသို့ နယ်စပ်ဒေသတိုင်းရင်းသား၊ တိုင်းရင်းသူများကို ၁၉၉၃-၉၄ မှ စတင်ဖိတ်ကြားခေါ်ယူခဲ့ခြင်းဖြစ်ပေရာ ထိုအချိန်လောက်မှစ၍ ဌာနအတွက် တေးရေးဆရာ အသီးသီးက သင်္ကြန်သီချင်းများ ရေးစပ်သီကုံးပေးထားသည်ကို တွေ့ရသည်။ ထိုစဉ်က ကျွန်တော်တို့ဝန်ကြီးဌာန၏ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး မောင်သင့်သည်ပင်လျှင် အနုပညာသမား တေးရေးဆရာတစ်ယောက် ဖြစ်ပေသည်။ ရဲဘော်သင့်၊ သင့်ရဲဘော်အမည်များနှင့် ရေးဖွဲ့ခဲ့သည်။ စီးပွားရေးပိတ်ဆို့တာ တို့မမှုပါဆို သည့် စာသားများပါဝင်သည့် သူရေးသော သီချင်း တစ်ပုဒ်မှာ နဝတ၊ နယကခေတ်တစ်လျှောက်လုံး ပျံ့လွင့်လာခဲ့ရာ S2 ကြီးက တော်ပါတော့ ကိုသင့်ရယ် ဟူ၍ပင် တားယူခဲ့ရ၏။ ရမခတိုင်းမှူးဘဝက မောကိန္နရီ တေးဂီတအဖွဲ့သည်ပင်လျှင် အဘသင့် စတင်ထူထောင်ခဲ့သည့်အဖွဲ့ ဖြစ်နေမလားမသိပါ။ ကျွန်တော် နတလသို့ ရောက်သွားချိန်မှာ ဆရာ သုခိအောင် (အဘဦးကျော်ဆန်း) ရေးသားပြီး ခွန်တင်မြိုင်နှင့် ခင်နန်းယုထွေးတို့ သီဆိုထားသော တိုင်းရင်းသားမျိုးဆွေ ခါသင်္ကြန်ရေ သီချင်း၊ ဆရာ ဟင်္သာတဦးမြင့်ငွေ ရေးစပ်ပြီး မေမီလင်း သီဆိုသည့် ပြည်ထောင်စုသားတို့ သင်္ကြန်သီချင်း၊ ဆရာ ဟင်္သာတဦးမြင့်ငွေ ပင် ရေးသားပြီး သင်းသီရိ သီဆို သည့် နွေပိတောက်၊ ဆရာမြသန်းစံရေးသားပြီး ပီတာဘသိန်း သီဆိုသည့် ပြည်ထောင်စုနှင့် ခါသင်္ကြန်သီချင်းများက ရှိနေပြီဖြစ်သည်။ မြန်မာ့ အသံမှာ အသံသွင်းထားပုံရသော တိပ်ခွေအကြီး ကြီးများနှင့် တွေ့ရသည်။ ကျွန်တော်က တိပ်၊ စီဒီနှင့် သိမ်းထားလိုသဖြင့် မန်းသီရိတေးသံသွင်းမှာ ပြန်ကူး ရသည်။ ကျွန်တော်ရောက်ပြီးနောက် ဌာနအတွက် ထပ်မံဆောင်ရွက်ခဲ့သော သင်္ကြန်သီချင်းများမှာ ဆရာဦးမြင့်ငွေ ရေးစပ်သီကုံးပြီး ယဉ်ဝေယံထွန်း သီဆိုထားသော ပြည်ထောင်စုကြီး အေးချမ်းပါစေ သီချင်းနှင့် စိုးစန္ဒာထွန်း သီဆိုထားသည့် ရာသက်ပန် ပြည်ထောင်စုအေးချမ်းပါစေ သီချင်းနှစ်ပုဒ်၊ ကေတုဝင်းထွဋ်ရေးသားပြီး စိုးစန္ဒာထွန်းသီဆိုထား သည့် ရိုးရာအလှ မြန်မာ့သင်္ကြန်သီချင်း၊ ရာမ ဦးအုန်းမောင်ရေးသား၍ ဖြူသန့်ထွန်းသီဆိုထား သည့် ပြည်ထောင်စုအားမာန် သွေးချင်းတို့သင်္ကြန် သီချင်းများ ဖြစ်ပါသည်။

 

အမှတ်ရမိသော တိုင်းရင်းသားရိုးရာသီချင်းနှင့် အကများ

 

ရန်ကုန် မဟာသင်္ကြန်ပွဲတော်၌ ပါဝင်ဆင်နွှဲရန် ဖိတ်ကြားခေါ်ယူခဲ့သော တိုင်းရင်းသား၊ တိုင်းရင်းသူ ယဉ်ကျေးမှု အဖွဲ့များမှာ ပြည်နယ်/ တိုင်းဒေသကြီး အလိုက် လူမျိုးစုံ၊ နေရာဒေသစုံဖြစ်သည်။ ၁၉၉၃ ခုနှစ် ထားဝယ်နှင့် ဓနုနှစ်ဖွဲ့မှ အစပြုဖိတ်ကြားလာ ခဲ့ရာ ၂၀၀၃ ခုနှစ်တွင် ၁၉ ဖွဲ့အထိ တိုးတက်များပြား လာခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် ၁၀ ဖွဲ့ဖြင့် နောက်ဆုံး ဖိတ်ကြားခဲ့ခြင်းဖြစ်၏။ ရောက်ရှိလာသော ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် မြန်မာသင်္ကြန် သီချင်းများအတွက် ၁၆ ဦးယိမ်း၊ ၂၀ ဦးယိမ်းများ ခွဲ၍ အကတိုက်ကြရသကဲ့သို့ ၎င်းတို့ယူဆောင်လာသော တိုင်းရင်းသားသီချင်းများ၊ အကများဖြင့် လည်း ဖျော်ဖြေတင်ဆက်ခွင့် ရခဲ့ကြသည်။ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာထဲက နယ်စပ်/ စည်ပင် သင်္ကြန်မဏ္ဍပ်အပြင် ရန်ကုန်မြို့တော်ဝန် မဏ္ဍပ်၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးဝန်ကြီးဌာန မဏ္ဍပ်များ၊ ဗိုလ်ချုပ်ဈေးမဏ္ဍပ် စသည်တို့၌ သွားရောက်ဖျော်ဖြေကပြခဲ့ကြသလို MRTV နှင့် မြဝတီရုပ်သံတို့တွင်လည်း ရုပ်မြင်သံကြား အစီအစဉ် များ ရိုက်ကူးပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများကို ဖော်ထုတ်ပြသခွင့် ရခဲ့ကြသည်။

 

ရဝမ်တိုင်းရင်းသားတို့၏ ‘အဇီးလမ်’ အကသည် စုပေါင်းမနောအကဖြစ်ပြီး ပျော်ပွဲရွှင်ပွဲ၊ ငွေရတု၊ ရွှေရတု၊ စိန်ရတုရိုးရာပွဲများတွင် ကပြဖျော်ဖြေလေ့ ရှိကြောင်း၊ လီဆူတိုင်းရင်းသားတို့၏ ‘ရှာဖဲတာ’ အကကတော့ အလွန်ရင်းနှီးသော မိတ်ဟောင်း ဆွေဟောင်းများ ပြန်လည်ဆုံတွေ့ကြသောအခါ လှိုက်လှိုက်လှဲလှဲ ဝမ်းပန်းတသာ နှုတ်ဆက်သည့် အနေဖြင့် အရက် (သို့မဟုတ်) ခေါင်ရည်ကို ခွက် တစ်ခုတည်းမှာထည့်ကာ အတူမော့သောက်ကြ သည့် ကကွက်ဖြစ်သည်။ စည်းလုံးမှုသည် ခွန်အား၊ စုပေါင်းခြင်းသည်အင်အားဟူသော အဓိပ္ပာယ်ကို လည်း ဖော်ဆောင်ကြောင်း သိရသည်။ လောက်ကိုင်/ ကုန်းကြမ်းဒေသမှ ကိုးကန့် တိုင်းရင်းသူများက ‘လက်ဖက်ခူး’ အကဖြင့် ကပြ သွားခဲ့သည်။ ပန်ဆန်းနှင့် မိုင်းမောဒေသမှ ‘ဝ’ တိုင်းရင်းသူလေးများကမူ နူးညံ့ပျော့ပျောင်းပြီး ရှည်လျားလှပသည့် ဆံပင်ရှည်ကြီးများကို စည်းချက်ဝါးချက်နှင့်အညီ လှုပ်ခါဝှေ့ယမ်းလျက် ‘ဝ’ တို့ပျိုမေ ဆံကေသာ ကပြဖျော်ဖြေခဲ့ကြရာ လာရောက်ကြည့်ရှုသူ သံတမန်မိသားစုဝင်များ အထူးနှစ်သက်သဘောကျကာ ဩဘာလက်ခုပ် သံများ သောသောညံသွားသည်ကိုလည်း သတိရမိ၏။ သူတို့အဖွဲ့ကပြသည့် စပါးလိပ်ပြာပြန်လာပါ အကသည်လည်း ကြည့်၍အလွန်ကောင်းပါသည်။

 

ကယားပြည်နယ် ဒီမောဆိုဒေသမှ ကယားယဉ်ကျေးမှုအဖွဲ့၏ “ဆောင်ဒူပါကန်း” ကယန်းအကဖြင့် တင်ဆက်ခဲ့ကြရာတွင် မြင်းမထိ တောင်ကြီးပေါ်မှ စိုက်ပျိုးရေးလုပ်ငန်းများကို ဖော်ညွှန်းထားကြောင်း သိရသည်။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးဒေသမှ ကရင်တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၏ ကရင်ဒုံးယိမ်းအက၊ ရခိုင် ပြည်နယ်မောင်တောဒေသမှ မြိုတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့၏ “နိန့်ဆာရ်ကျိုးရီမလိုက်” ဟု အမည်ရသည့် နှစ်သစ်ကို ကြိုဆိုသည့် အက၊ ချင်းပြည်နယ် ရိဒ်ခေါရ်ဒါဒေသမှ ချင်းတိုင်းရင်းသူ ယဉ်ကျေးမှုအဖွဲ့၏ ဝါးညှပ်အက၊ မင်းတပ်ဒေသ ချင်းတိုင်းရင်းသားများ၏ ကောက်ရိတ်သိမ်းပွဲ အကများကိုလည်း မမေ့ခဲ့ပါ။ နာဂဒေသ နန်းယွန်း/ ပန်ဆောင်ယဉ်ကျေးမှုအဖွဲ့၏ ‘ကိုင်အီလို’ ဟု အမည်ပေးထားသော နာဂရိုးရာဓလေ့ တောင်ယာ ခုတ်သွားကြပုံ၊ စူးထိုးကောက်စိုက်ကြပုံ၊ စပါးရိတ်ခြင်း၊ နယ်ခြင်း၊ ပြာလှေ့ခြင်းများ ပြုလုပ်ကြပုံ တို့ကို စုပေါင်းညီညာစွာ တင်ဆက်သွားကြပုံများသည်လည်း နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်ငြား ကျွန်တော့်စိတ်ထဲမှာတော့ မနေ့ တစ်နေ့ကအတိုင်း ပုံရိပ်ထင်နေဆဲပင်။ ဪ…သင်္ကြန်မိုးရေ တန်ခူးလေနှင့် နှောင်ဖွဲ့ထားသော သံယောဇဉ်များပါပေတကား။

 

ကျွန်တော်နှင့် ပထမဆုံး ရုပ်သံရိုက်ကူးခြင်းအတွေ့အကြုံ

 

ရန်ကုန်မြို့ သာကေတမြို့နယ် သန်လျင်တံတားကြီးအနီး ပဲခူးမြစ်ကမ်းဘေး၌ တည်ဆောက်ခဲ့သော ပြည်ထောင်စုတိုင်းရင်းသားကျေးရွာကြီးကို ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

 

၎င်းကျေးရွာကြီးသည် ဝန်ကြီးဗိုလ်မှူးကြီးသိန်းညွန့် (သမ္မတရုံးဝန်ကြီး၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ-ငြိမ်း) နှင့် နတလညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး သန်းဆွေ (ယခုပြည်ထောင်စုဝန်ကြီး-နိုင်ငံခြားရေး ဝန်ကြီးဌာန) တို့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ဒုတိယဗိုလ်မှူးကြီးဇော်ဦး (ညွှန်ကြားရေးမှူးချုပ်-ငြိမ်း)၊ ဗိုလ်မှူးရဲနိုင် (အဖွဲ့ဝင်-ပြည်ထောင်စု ရာထူးဝန်အဖွဲ့) တို့က ကြီးကြပ်ကွပ်ကဲတည်ဆောက် ခဲ့ကြခြင်းဖြစ်သည်။ Grand gate၊ သက္ကညီနောင် ဘုရားနှင့် နတ်ကွန်းတစ်ခုမှလွဲ၍ ဘာမှမရှိသော လယ်ကွင်းကြီးထဲမှ အစပြုတည်ဆောက်ခဲ့ရသော မှတ်တမ်းဓာတ်ပုံများ ယခုချိန်အထိ ကျွန်တော် သိမ်းထားဆဲဖြစ်သည်။ ဗိုလ်မှူးဌေးမြင့်၊ ဦးညီညီ၊ ဗိုလ်မှူးစိုးအောင်၊ ဗိုလ်မှူးသန်းထူး၊ ဦးအေးလွင်၊ ဦးစိန်လင်း (ကွယ်လွန်)၊ ဗိုလ်မှူးထွန်းဦး၊ ဗိုလ်မှူး စန်းဝေ အစရှိသော ညွှန်မှူး၊ ဒုညွှန်မှူးများက ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသားရိုးရာ အိမ်အလိုက် တာဝန်ယူကြရ သည်။ ဖွင့်ပွဲအခမ်းအနားတွင် သီချင်းတစ်ပုဒ် ထုတ်လွှင့်ချင်သည်ဟု ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းဆွေက တာဝန်ပေးအပ်လာရာ ကျွန်တော်သည် ဟင်္သာတဦးမြင့်ငွေ၏ နေအိမ်သို့ သွားရောက်ပြီး ဆရာ့ထံ အကူအညီတောင်းခဲ့သည်။ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတည်ထောင် ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်၊ သီချင်းတွင် ပါဝင်စေလိုသော အကြောင်းအရာတို့ကို အကြံပြုရေးသား ပေးခဲ့သည်။ ဆရာက ကျွန်တော်ပေးသော စကား လုံးများကိုပါ ထည့်သွင်းအသုံးပြုလျက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာဟု အမည်ပေး ထားသော သီချင်းတစ်ပုဒ်ကို ရေးသားပေးခဲ့သည်။

 

ယင်းသီချင်းကို စန္ဒရားမောင်လှအေးက တီးခတ်ပေးပြီး တေးသံရှင် ရတနာဦး သီဆိုကာ မေစတူဒီယိုတွင် အသံသွင်းခဲ့သည်ကိုလည်း အမှတ်ရနေ၏။ ရှေးဗမာကြီးများရဲ့ ရိုးရာအိမ်ဟု သီဆိုရ မည့်အစား ရတနာဦးက ရှေးမြန်မာကြီးများရဲ့ ရိုးရာအိမ်ဟု ဆိုထားသဖြင့် မြန်မာမဟုတ် ဗမာဟုသီဆို ရမည်ဖြစ်ကြောင်း ပြန်လည်ပြောပြ အသံသွင်းခဲ့ရ သည်ကိုလည်း သတိတရ ရှိနေပါသည်။ ထိုသီချင်းကို တိုင်းရင်းသားရွာထဲတွင် သရုပ်ဆောင် ရတနာခင်နှင့် ရုပ်မြင်သံကြားရိုက်ကူးကြသောအခါ ထုတ်လုပ် ရေးမှူး ကိုကျော်ကျော်၊ ကင်မရာမင်း ကိုထင်လင်း တို့နှင့်အတူ ဆရာဟင်္သာတဦးမြင့်ငွေကိုယ်တိုင် လာရောက်ကြီးကြပ်ပေးပါသည်။ သီချင်းကိုရှေ့က တစ်ကြောင်းကြို၍ နှုတ်တိုက်ချပေးပြီး သရုပ်ဆောင်က နောက်မှလိုက်၍ ပါးစပ်လှုပ်သီဆိုဟန် ပြုရသည်။ သူ့ဟာနှင့်သူတော့ ကွက်တိကိုကျလို့ပင်။ မြန်မာ့ ရုပ်မြင်သံကြားအထိ လိုက်လံကြည့်ရှုခွင့်ရခဲ့ရာ တည်းဖြတ်ခြင်းလုပ်ငန်းကိုပါ မြင်ခဲ့ရသည်။ ကျေးဇူး တင်ခဲ့ရပါသည်။ ဆရာအလင်္ကာကျော်စွာ ဟင်္သာတ ဦးမြင့်ငွေနှင့် ကိုကျော်ကျော်။

 

ပြည်ထောင်စုကြီးအေးချမ်းပါစေ သင်္ကြန်သီချင်း

 

ထိုသီချင်းသည် နတလဦးစီးဌာန၏မူပိုင်သီချင်း ဖြစ်သည်။ ဆရာဦးမြင့်ငွေ ရေးစပ်သီကုံးပေးပြီး တေးသံရှင်ယဉ်ဝေယံထွန်း (ယဉ်ယဉ်ထွန်း) သီဆိုခဲ့သည်။ ထိုသီချင်းထဲမှာ ကျွန်တော်ပေးခဲ့သော တေးစာသားများကတော့ တိုင်းရင်းသားမျိုးနွယ်စု တွေ… မိသားစုတွေ … ရေမြေအလိုက်စုပေါင်း နေထိုင်… တိုင်းရင်းသားလူမျိုးစုံစွာ… အေးအတူ ပူအမျှ စုစည်းယှက်နွှယ်… ပြည်ထောင်စုငယ်လေး များသဖွယ် ဆိုသည့် စာသားများဖြစ်ပါသည်။ ပြည်ထောင်စုငယ်လေးများသဖွယ်ဆိုသည့် စာသား ၏အဓိပ္ပာယ်မှာ မြန်မာပြည်အတွင်း မည်သည့် ပြည်နယ်/ တိုင်းဒေသကြီးမှာမဆို လူမျိုးတစ်မျိုးတည်း နေထိုင်ခြင်းမဟုတ်ဘဲ ကချင်လည်းနေသည်၊ ကယားလည်းနေသည်၊ ကရင်လည်းပါသည်၊ ချင်းလည်းတွေ့ရမည်။ အရေအတွက် အနည်း အများသာ ကွာချင်ကွာမည်။ အားလုံးရှိနေကြသည့် သဘောကို ရည်ညွှန်းပါသည်။ နယ်စပ်ဒေသ တိုင်းရင်းသားတွေကို ဖိတ်ကြားခေါ်ယူခဲ့စဉ်က မွန်ပြည်နယ် ရေး တောင်ခြမ်းဒေသမှ မွန်တွေပါသလို တနင်္သာရီတိုင်း ချောင်ချိဒေသမှ မွန် တိုင်းရင်းသား တိုင်းရင်းသူများလည်း ပါဝင်ခဲ့သည်။ ထို့အတူ ကယားပြည်နယ် မော်ချီးဒေသမှ ကရင် အဖွဲ့နှင့် ကရင်ပြည်နယ် လှိုင်းဘွဲဒေသမှ ကရင် အဖွဲ့တို့ ဆုံခဲ့ကြသည်။ ကချင်ပြည်နယ် အင်းတော်ကြီးဒေသမှ ရှမ်းနှင့် ကရင်ပြည်နယ် မြဝတီဒေသမှ ရှမ်းအဖွဲ့တို့ဆုံခဲ့ကြသည်။ ဆိုလိုသည်မှာ ရှမ်းလူမျိုးများသည်လည်း ရှမ်းပြည်နယ် ထဲမှာသာမက အခြားပြည်နယ်နှင့် တိုင်းများတွင်လည်း ရှိနေသည့်သဘော။

 

စိုးစန္ဒာထွန်းသီဆိုထားသည့် ရာသက်ပန် ပြည်ထောင်စုအေးချမ်းပါစေ သင်္ကြန်သီချင်းကလည်း နတလဦးစီးဌာနအတွက် ထပ်မံရေးစပ်ခဲ့သည့် သီချင်းဖြစ်သည်။ တေးလက်ရာရှင်ကတော့ ဟင်္သာတဦးမြင့်ငွေပဲ ဖြစ်၏။ ထိုသီချင်းစာသားများ ထဲမှ ရာသက်ပန်ပြည်ထောင်စုဆိုသည့် အသုံး အနှုန်းနှင့် တောင်ပေါ်မြေပြန့်မခွဲခြား…ခိုင်မြဲတဲ့ သန္နိဋ္ဌာန်တွေ… ဆူကြုံနိမ့်မြင့်မရှိ ကွာဟမှုလျော့နည်း… တစ်ပြိုင်တည်း ဖွံ့ဖြိုးတိုးတက်ရမလေ…ဆိုသည့် စာသားများကို ထည့်သွင်းဖော်ပြ ပေးပါရန် ဆရာ့ထံပေးပို့ခဲ့သည်။

 

ထို့ကြောင့် ဤအရာကို နတလဟုခေါ်သည်

 

သည်ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးခဲ့စဉ်က ဆရာအောင်လင်း၏ ထို့ကြောင့် ဤအရာကို အချစ်ဟုခေါ်သည် ဝတ္ထုခေါင်းစဉ် (ရုပ်ရှင်လည်း ရိုက်ခဲ့ပါသည်) အား သဘောကျသဖြင့် ယူသုံးခဲ့ကြောင်း နိဒါန်းချီ၍ ရှင်းလင်းပြောပြခဲ့ဖူးသည်။ ထိုအမည်ကိုပင်သုံးလျက် ၂၀၁၈ ခုနှစ်တွင် ကျွန်တော်သီချင်းတစ်ပုဒ်ရေးသားပြီး ဆရာ ဟင်္သာတဦးမြင့်ငွေထံ ပေးပို့၍ သံစဉ်ရှာပေးပါရန် အကူအညီတောင်းခဲ့သည်။ ဆရာက သံစဉ်ရှာပေး သလို အချို့တေးစာသားများကိုလည်း လှပအောင် ပြင်ဆင်ပေးပါသည်။ တေးရေး မြင့်စိုး (နတလ)ပဲ သုံးလိုက်ပါ။ သံစဉ်ရှာပေးသော သူ့အမည်ကို မထည့်ရန် ခွင့်ပြုပေးခဲ့ပါသည်။ ယခုနှစ် နေပြည်တော် မဟာသင်္ကြန်ပွဲတော်မှာ ယင်းသီချင်း ဖြင့် ကပြဖျော်ဖြေရန် နတလဝန်ထမ်းများ အက တိုက်နေကြကြောင်း သိရသည်။

 

မြစိမ်းရောင်လွှမ်း အေးချမ်းစေမည် မြန်မာပြည်

 

ဒီသီချင်းကတော့ ကျွန်တော်ရောက်ရှိတာဝန် ထမ်းဆောင်နေသော သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာနအတွက် မကြာသေးခင်ကမှ ရေးသားခဲ့သော သီချင်းဖြစ်ပါသည်။ ထုံးစံအတိုင်း ကျွန်တော်သံစဉ် မရှာတတ်ပါ။ ဆရာဦးမြင့်ငွေကပင် သံစဉ်ရှာဖွေ ပြင်ဆင်မွမ်းမံပေးပါသည်။ မြစိမ်းရောင်ဆိုသည့် တေးစာသားသည် မိမိတို့ဝန်ကြီးဌာန အောက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ဆောင်ရွက်နေသော မြစိမ်းရောင်ကျေးရွာ စီမံကိန်းကို ရည်ညွှန်းသလို နိုင်ငံတော်အနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတို့တွင် နိုင်ငံ့ စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထုတ်ပေးကာ အင်တိုက်အားတိုက် ဆောင်ရွက်နေကြသော စိုက်ပျိုးရေးမြစိမ်းရောင်၊ မွေးမြူရေးမြစိမ်းရောင် စီမံကိန်းလုပ်ငန်းများကိုလည်း ရည်ညွှန်းပါသည်။

 

နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း သွားရောက်ခဲ့သည့် ပြည်နယ်၊ တိုင်းဒေသကြီး ခရီးစဉ်များတွင် စိုက်ပျိုးရေးအခြေခံ အချက်များဖြစ်သည့် မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးမြေကောင်းမွန်ရေး၊ စိုက်ပျိုးရေ လုံလောက် စွာ ရရှိရေး၊ စိုက်ပျိုးနည်းစနစ် မှန်ကန်မှုရှိစေရေးတို့အတွက် ပညာပေးခြင်းနှင့် လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ စပါးစိုက်ပျိုးရာတွင် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် မျိုးကောင်း မျိုးသန့်များ ရွေးချယ်စိုက်ပျိုးရန်၊ ဆီထွက်သီးနှံနှင့် အခြားသီးနှံထုတ်ကုန်များ တစ်ဧကအထွက်နှုန်း တိုးစေရေးအတွက် မျိုးကောင်းမျိုးသန့်များဖြင့် သီးထပ်စိုက်ပျိုးပြီး ပန်းတိုင်ရည်မှန်းချက် ပြည့်မီ စေရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သမဝါယမစနစ် ကို ကျင့်သုံးခြင်းဖြင့် လုပ်ငန်းများ ပိုမိုတိုးတက်လာ စေမည်ဖြစ်၍ ဇုန်အလိုက်ခွဲခြားပြီး သမဝါယမအစု အဖွဲ့ဖြင့် လုပ်ဆောင်နိုင်ရေး ပညာပေးဆောင်ရွက်ရန် မှာကြားခဲ့သည်။

 

ပြည်နယ်၊ တိုင်းဒေသကြီး၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသများအလိုက် စီမံဆောင်ရွက်နေကြသော စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ၊ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများသည် ဒေသခံတောင်သူ လယ်သမားများ၊ လုပ်ငန်းရှင်များနှင့် ပြည်သူများအတွက် ထိရောက်သော အကျိုး ဖြစ်ထွန်းမှုများရရှိလာမည်မှာ မလွဲဧကန်ဖြစ်သည်။ နိုင်ငံ့စီးပွား မြှင့်တင်ရေး၊ လယ်ယာကဏ္ဍ စီးပွားမြှင့်တင်ရေးလုပ်ငန်းများဖြင့် တောင်သူလယ်သမား များဘဝ အေးချမ်းသာယာကာ ကြွေးမြီကင်းစင်သော မိသားစုဘဝများကို ပိုင်ဆိုင်ခွင့်ရလာကြမည်ဖြစ် သည်။ စိုက်ပျိုးရေးမြစိမ်းရောင်၊ မွေးမြူရေး မြစိမ်းရောင်များက နိုင်ငံတစ်ဝန်းလုံးအတွက် အေးချမ်းမှုများကို ဆောင်ယူလာပါလိမ့်မည်။

 

ယခုနှစ် နေပြည်တော် မဟာသင်္ကြန်ပွဲတော် ကြီးတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ထမ်းများက ထိုသီချင်းဖြင့် ကပြ ဖျော်ဖြေတင်ဆက်ရန် အကတိုက်နေကြပြီဖြစ် သည်။ မကြာမီအချိန်လေးမှာ သင်္ကြန်မိုးရေ တန်ခူး လေနှင့်အတူ သင်းပျံ့ကြိုင်လှိုင်သော ပိတောက် ပန်းရနံ့တို့ကို ဆောင်ယူလာပါတော့မည်။ ထိုနည်းတူစွာ မြစိမ်းရောင်လွှမ်း၍ အေးချမ်းသာယာသော ရွှေပြည်မြန်မာကို ကျွန်တော်တို့ ဖန်တီး တည်ဆောက်ခွင့် ရကြပါလိမ့်မည်။ မင်္ဂလာရှိသော နှစ်သစ်ကို ဝမ်းပန်းတသာ ကြိုဆိုကြပါစို့။