မအူပင်မြို့၌ တတိယအကြိမ်မြောက် ချည်ဖြူဖွဲ့မင်္ဂလာကျင်းပ

မအူပင် ဩဂုတ် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တတိယအကြိမ်မြောက် ချည်ဖြူဖွဲ့ မင်္ဂလာကို မအူပင်မြို့ မှန်ပင်ပရိယတ္တိစာသင်တိုက်တွင် ဩဂုတ် ၁၀ ရက် နံနက်ပိုင်းက စတင်ကျင်းပသည်။

အခမ်းအနားတွင် ကရင်အမျိုးသား မင်္ဂလာဖားစည်တီး၍ အခမ်းအနားဖွင့်လှစ်ပြီး မအူပင်မြို့နယ် ကရင်တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယကဆရာတော်က အဖွင့်စကား ပြောကြားသည်။ ဆက်လက်၍ တတိယအကြိမ်မြောက် ချည်ဖြူဖွဲ့မင်္ဂလာ (စုပေါင်းလက်ချည်ပွဲ) ဖြစ်မြောက်ရေး ကော်မတီက နှုတ်ခွန်းဆက် စကားပြောကြားကာ ဝါခေါင်လချည်ဖြူဖွဲ့ခြင်း (စုပေါင်းလက်ချည်ပွဲ) အကြောင်းနှင့်ပတ်သက်၍ ရှေးအစဉ်အလာ အယူအဆများအား ရှင်းလင်းပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အောင်ခိုင်၊ အောင်မြင့်မြတ်(မအူပင်)