မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မဲခေါင်ဒေသ လုံခြုံမှု ပေါင်းစပ်ညှိနှိုင်းရေးစင်တာ “Safe Mekong Coordination Center ” မဲခေါင်ရိပ်သာ ဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော်၊ နိုဝင်ဘာ ၃၀ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ မဲခေါင်ဒေသ လုံခြုံမှုပေါင်းစပ်ညှိနှိုင်းရေးစင်တာ၊ Safe Mekong Coordination Center မဲခေါင်ရိပ်သာ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။ 

အခမ်းအနားသို့ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး၊ ရှမ်းပြည်နယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့တို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်ဝင်းနိုင်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံမှူးကြီး Dr.Zheng Zhihong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန မဲခေါင် - လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ပူးပေါင်းညှိနှိုင်းရေးအဖွဲ့ ဒုတိယဥက္ကဌ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာဦးတို့က အမှာစကား ပြောကြားခဲ့ကြပြီး တာဝန်ရှိသူများက Safe Mekong Coordination Center မဲခေါင်ရိပ်သာ ဆိုင်းဘုတ်ကို စက်ခလုတ် နှိပ်ဖွင့်လှစ်ပေး သည်။

ထို့နောက် တက်ရောက်လာသူများ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ပြီး၊ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များက တိုးနရားအကဖြင့် ဖြေဖျော်ကြကာ အခမ်းအနား ဖွင့်ပွဲအထိမ်းအမှတ် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာများဖြင့် ပက်ဖျန်းကြပြီး အဆောက်အဦကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ Safe Mekong Coordination Center မဲခေါင်ရိပ်သာ အဆောက်အဦကို မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုစီမံကိန်း ၂၀၁၈ ခုနှစ်၊ အထူးရန်ပုံငွေမှ အမေရိကန် ဒေါ်လာ ၄၉၉,၄၀၀ နှင့် ညီမျှသော မြန်မာကျပ်ငွေ ၇၇၄ ဒသမ ၀၇ သန်းနှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် ရန်ပုံငွေမှငွေကျပ် ၇၈ ဒသမ ၇ သန်း၊ စုစုပေါင်း ငွေကျပ် ၈၅၂ ဒသမ ၇၇ သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး မဲခေါင်မြစ်ကြောင်းတစ်လျှောက်ရှိ တရုတ် - မြန်မာ - လာအို - ထိုင်း - ကမ္ဘောဒီးယားနှင့် ဗီယက်နမ်နိုင်ငံတို့အနေဖြင့် မူးယစ်ဆေးဝါး နိုင်ငံဖြတ်ကျော် သယ်ဆောင်ရောင်းဝယ်သူများကို ဖော်ထုတ်ဖမ်းဆီးနိုင်ရေး အထောက်အကူဖြစ်စေမည့် သတင်း အချက်အလက်များ ရရှိစေရေးအတွက် ပူးပေါင်းစုံစမ်းစစ်ဆေးမှုများပြုလုပ်ရန် နိုင်ငံအလိုက် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအဖွဲ့များမှ ကိုယ်စားလှယ် အချင်းချင်းပူးပေါင်း၍ မဲခေါင်မြစ်ကြောင်းတစ်လျှောက် မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှုပပျောက်ရေးအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓာတုပစ္စည်းများ ထိန်းချုပ်ရေး၊ နည်းပညာပူးပေါင်းဖလှယ်ရေးနှင့် တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို  အားကောင်းလာစေရန်နှင့် မဲခေါင်မြစ်ဝှမ်းတစ်လျှောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်နိုင်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်သည်။ 

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အဓိကရည်ရွက်ချက်သည် မဲခေါင်ဒေသတွင်း နိုင်ငံများ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကိုရရှိစေရန်နှင့် နိုင်ငံအလိုက် ဒေသဖွံ့ဖြိုးတိုးတက်မှု ကွာဟနေခြင်းကို လျှော့ချသွားရန်၊ အာဆီယံအသိုင်းအဝိုင်း တည်ထောင်မှုကို အထောက်အကူပြုရန်၊ ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု အစီရင်ခံစာ၏ ရည်မှန်းချက်များကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်သည်။ မဲခေါင်ဒေသလုံခြုံရေး ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ဗဟိုဌာန “Safe Mekong Coordination Center”ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအလိုက် ကိုယ်စားလှယ်များအတွက် ရုံးခန်းများဖွင့်လှစ် ဆောင်ရွက်နိုင်ခြင်း၊ မဲခေါင်ဒေသအတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး သတင်းဖလှယ်မှုအစည်းအဝေးများ ကျင်းပနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်သည့်အပြင် မိမိတို့ရည်မှန်းချက်ဖြစ်သည့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု အခန်းကဏ္ဍကို ယခုထက် ပိုမိုထိရောက်အောင်မြင်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

သတင်းစဉ်