မအီမြို့နယ်တွင် ဘိလပ်မြေဖျော်စက်တင်ယာဉ်တိမ်းမှောက်မှုဖြစ်ပွား ယာဉ်မောင်းသေဆုံး     

မအီ ၊ ၁၅ ဇန်နဝါရီ     

ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပန်ကျေးရွာအုပ်စု၊ မအီခြေတော်ရာသွားလမ်း၊ မိုင်တိုင်အမှတ်(၁၃/၄)အနီးတွင် ဇန်နဝါရီ ၁၅ ရက် နံနက်(၁၁)နာရီခန့်က ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေဖျော်စက်တင်ယာဉ်တစ်စီး တိမ်းမှောက်နေကြောင်း သတင်းရရှိသဖြင့် မအီနယ်မြေရဲစခန်းမှ စခန်းမှူးရဲအုပ် ထွန်းထွန်းဝေနှင့် တပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြသည်။

အဆိုပါ အခင်းဖြစ်နေရာတွင် ယာဉ်မောင်း ကိုစောဘွယ်ထူး (၂၂)နှစ်၊   အမှတ်(၈/၆)၊ ယန္တရားဝင်း၊ (၁၅)ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူ မောင်းနှင်သော ယာဉ်အမှတ်၊ 3G/----(CM) အမျိုးအစား CONCREE MIXER ဖြူ/နီ ယာဉ်မှာ တောင်ဆင်းလမ်းအတိုင်း တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်တွင် ယာဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ ပေ(၅၀)ခန့်အနက်ရှိ အောက်ဘက်လမ်းပေါ်သို့ တိမ်းမှောက်ပြုတ်ကျသွားခဲ့သည်။ 

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းစောဘွယ်ထူးတွင် ရရှိဒဏ်ရာများ ရရှိကာ ကားခေါင်းတွင်ပိညှပ်၍ သေဆုံးလျှက်ရှိကြောင်း တွေ့ရှိရသည်။

ယင်းနောက် သေဆုံးသူယာဉ်မောင်း၏အလောင်းအား မအီမြို့၊ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)