မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားပွဲတော်မှာ ဖျော်ဖြေရတာ ကုသိုလ်လည်းရ ပျော်လည်း  ပျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပပေးစေချင်ပါတယ် (ကိုလှိုင်ဘွား)

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားပွဲတော်မှာ ဖျော်ဖြေရတာ ကုသိုလ်လည်းရ ပျော်လည်း  ပျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပပေးစေချင်ပါတယ် (ကိုလှိုင်ဘွား)

 

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားတော်မူသည့် ကမ္ဘာပေါ်ရှိ စကျင်ကျောက်ထွင်း ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပထမဆုံးအကြိမ် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ပူဇော်ပွဲနှင့် တန်ဆောင်တိုင်မီးထွန်းပွဲတော်ကြီးကို ဆီမီး ၉၀၀၀ ပူဇော်ပွဲများ၊ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ၊ မီးပုံးပျံလွှတ်တင်ပူဇော်ပွဲများဖြင့် သုံးရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ တတိယမြောက်နေ့တွင် လာရောက်ပါဝင် ဆင်နွှဲသူများ၏ ပီတိစကားသံများကို ပြန်လည်ဖော်ပြပေးလိုက်ပါသည်။

 

mdn

 

ဦးရဲမင်းကျော်

ရွှေပွင့်စံ စားသောက်ကုန်လုပ်ငန်း

 

အခုကျင်းပနေတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး တန်ဆောင်တိုင်  မီးထွန်းပွဲတော်ကြီးမှာ  အဓိက  ရောင်းချတာကတော့ မျှစ်ချဉ်နဲ့ ငါးခြောက်ဖြစ်ပါတယ်။ မျှစ်ခြောက်လည်းပါ ပါတယ်။ အဓိက ရောင်းကုန်တွေက MSME စံနှုန်းနဲ့အညီ ထုတ်လုပ်ထားတဲ့ နေပြည်တော်ဒေသ ထွက်ကုန်တွေပါပဲ။ ဒီပွဲတော်ကြီးမှာ ရောင်းချရတာလည်း အဆင်ပြေပါတယ်။ နယ်ဝေးကလူတွေလည်း အများကြီး လာရောက်ကြတာဖြစ်တဲ့အတွက် အများစုက သူတို့စားဖို့အပြင် လက်ဆောင်အဖြစ်ယူသွားဖို့ လာဝယ်ကြတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို နေပြည်တော် wholesale မှာလည်း တင်ထားပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ ပွဲတိုင်းကိုလည်း ကျွန်တော်တို့ရဲ့ MSME လုပ်ငန်းက ထုတ်လုပ်တဲ့ ထုတ်ကုန်တွေ ရောင်းချခွင့်ရဖို့ ဖိတ်ခေါ်စေချင်ပါတယ်။

 

mdn

ကိုလှိုင်ဘွား

ဖျော်ဖြေရေးအဖွဲ့ဝင်

 

နဂိုကတည်းက အနုပညာ ဝါသနာပါတဲ့သူဖြစ်တော့ အခုလိုနိုင်ငံတော်တာဝန်ရှိသူတွေက ဦးဆောင်ဦးရွက် ကျင်းပပေးတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီးမှာ လာရောက်ဖျော်ဖြေခွင့်ရတဲ့အတွက် အများကြီး ဝမ်းသာဂုဏ်ယူပါတယ်။ တန်ဆောင်တိုင် မီးထွန်းပွဲတော်မှာ ကျွန်တော်တို့ တတ်ကျွမ်းတဲ့ အနုပညာနဲ့ ဖျော်ဖြေပူဇော်တာပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာတွေရဲ့ အထင်ကရ နေ့တစ်နေ့လည်းဖြစ်တယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဘုရားပွဲတော်မှာ ဖျော်ဖြေရတာ ကုသိုလ်လည်းရ ပျော်လည်းပျော်ပါတယ်။ နှစ်စဉ်နှစ်တိုင်းလည်း ကျင်းပပေးစေချင်ပါတယ်။

 

 

mdn

ဒေါ်ညွန့်ရီ(ပျဉ်းမနားမြို့)

 

အခုဒီ မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး တန်ဆောင်တိုင်ပွဲကြီးကို စည်စည်ကားကားနဲ့ ကျင်းပနေတာကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီရုပ်သံတို့မှာ မြင်တွေ့ရတော့ မီးပုံးပျံလွှတ်တင် တာတွေ၊ မီးပူဇော်တာတွေကို ကြည့်ရှုချင်တာရယ်၊ ထိုင်တော်မူ ဗုဒ္ဓကျောက်ဆစ်ရုပ်ပွားတော် မြတ်ကြီးကို ကိုယ်တိုင်ကိုယ်ကျ ဖူးမြော်ချင်တာရယ်ကြောင့် လာခဲ့တာပါ။ ဒီကိုရောက်လာတဲ့အချိန်မှာ ရုပ်မြင်သံကြားက ထုတ်လွှင့်တာတွေထက်တောင် ပိုပြီးစည်ကားသလို ပိုပြီးလည်းကြည်ညိုစရာ မြင်ကွင်းတွေကိုလည်း တွေ့ခဲ့ရတယ်။ ကျွန်မ အသက်က ၆၇ နှစ်ရှိပြီ။ ဒီကို မြေးသုံးယောက်၊ အိမ်နီးချင်း နှစ်ယောက်နဲ့လာခဲ့တာပါ။ ဘုရားကြီး ဖွင့်ပွဲတုန်းကလည်း တစ်ခေါက်လာဖူးသေးတယ်။ အခုလည်း မြေးတွေက လိုက်ခဲ့ပါ အတူတူဖူးရအောင်ဆိုလို့ လိုက်ခဲ့တာပါ။

 

mdn

ဦးဇော်ဝင်း

ဖျော်ဖြေရေးအဖွဲ့ခေါင်းဆောင်

 

ကျွန်တော်တို့ ဖျော်ဖြေရေးအဖွဲ့မှာ အဖွဲ့သားအားလုံး အယောက် ၂၀ ပါပါတယ်။ ဘုရားပွဲတော်ကြီး စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်နဲ့ ဖြစ်လာအောင် တစ်ဖက်တစ်လမ်းကနေ လာရောက်ပံ့ပိုး ကူညီခြင်းပါပဲ။ ကျွန်တော်တို့အဖွဲ့မှာ ဦးရွှေရိုး ဒေါ်မိုးအကပါတယ်။ အိုးစည်၊ ဒိုးပတ်အပြင် အနောက်တိုင်း လေမှုတ်တူရိယာ အစုံအလင်နဲ့ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

 

mdn

ဒေါ်သန်းညွန့်(မိတ္ထီလာမြို့)

 

ဒီဘုရားကြီးကို လာဖူးချင်နေတာ ကြာပါပြီ။ အခုဒီမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးကိုပါ နိုင်ငံတော်တာဝန်ရှိသူတွေက တခမ်းတနား ကျင်းပပေးနေတာ သိရတော့ သားဖြစ်သူ ကို လိုက်ပို့ခိုင်းတာပါ။ အခုလို လာရောက်ဖူးမြော်ခွင့်ရတော့ ဘုရားကြီးကိုလည်း ဖူးရတယ်။ စည်စည်ကားကားနဲ့ ကျင်းပနေတဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်ကြီးရဲ့ လှပတဲ့မြင်ကွင်းတွေကိုလည်း ကြည့်ရှုခံစားရတယ်။ အသက်က ၉၀ ရှိပြီဆိုတော့ လာရတာပင်ပန်းပေမယ့် ဒီဘုရားကြီး ကိုဖူးလိုက်ရတော့ ပင်ပန်းတာတွေ လည်းပျောက်သွားတယ်။ မောင်ဖြစ်သူက ရုပ်မြင်သံကြားကလာတဲ့ မာရဝိဇယတန်ဆောင်တိုင် အခမ်းအနားကိုပြတော့ ပိုပြီးလာဖြစ်သွားတာပါ။

 

တွေ့ဆုံမေးမြန်း - အလင်းသစ်

ဓာတ်ပုံ - နေမျိုး