မာန်အောင်မြို့နယ် ဘဲအင်းအုပ်စုပန်းခြံချောင်း တံတားတည်ဆောက်ရေးလုပ်ငန်းခွင်၌ မတော်တဆ ထိခိုက် ဒဏ်ရာရသူ တစ်ဦးသေဆုံး

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ဘဲအင်းအုပ်စုပန်းခြံချောင်းတံတား တည်ဆောက်ရေးလုပ်ငန်းခွင်၌ ဒီဇင်ဘာ ၁၄ ရက်ညနေ ၇ နာရီ ၄၅ မိနစ်က လူတစ်ဦး မတော်တဆထိခိုက်ဒဏ်ရာရကာ သေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြို့နယ်ရဲစခန်းတွင် ဒုရဲအုပ်ပြည့်ဖြိုးကိုကို တာဝန်မှူးတာဝန်ထမ်းဆောင်နေစဉ် မာန်အောင်ပြည်သူ့ ဆေးရုံသို့ ဒဏ်ရာပြင်းထန်စွာ လူနာတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ သွားရောက်စစ်ဆေးရာ မာန်အောင်ကျွန်းပတ်လမ်းပေါ်ရှိ မိုင်တိုင်အမှတ် ၅ မိုင် ၇ ဖာလုံနှင့် ၆ မိုင်အကြား ပန်းခြံချောင်းတံတား တည်ဆောက်နေသော တံတားတည်ဆောက်ရေးအဖွဲ့(၂) တံတားအထူးအဖွဲ့(၈)၊ ပန်းခြံချောင်းတံတားပေ -၁၃၀( တည်ဆောက်ဆဲ) တံတားမှ အလုပ်သမားဖြစ်သူ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာနေ ကိုထိုက် အသက်( ၁၉ )နှစ်သည် တံတားဆောက်ရာတွင် အသုံးပြုသည့် ဘိုးပိုင်တူးစက်နှင့် ၄ လက်မပတ်လည် ဘီလူးခေါင်းပိုက်တွင် ချည်နှောင်ထားသော ကြိုးအား မတော်တဆ ခလုတ်တိုက်မိပြီး ချော်လဲကျကာ စက်အရှိန်ဖြင့် လည်ပတ်နေသော Mini Ball Pine နှင့် ရစ်ပတ်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများရရှိကာ သွေးထွက်လွန်ပြီး သေဆုံးနေသည်ကို တွေ့ရ၍ မြို့နယ်ရဲစခန်းမှူး ဒုရဲမှူး ဉာဏ်လင်းသန်း၊ နယ်ထိန်းခေါင်းဆောင်ရဲအုပ် ရဲထွန်းနှင့် ဘူးရေမျက်ကျေးရွာအုပ်ချုပ် ရေးမှူး ပါဝင်သောအဖွဲ့သည် အခင်းဖြစ်ပွားနေရာသို့ သွားရောက်စစ်ဆေး၍ သေဆုံးသူအား ရင်ခွဲစစ်ဆေးပေးရန် ရဲဆေးစာပို့ထားပြီး ဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သိရှိနိုင်ရန် သေမှုသေခြင်း အမှတ်စဉ်(၈/၂၀၁၈)ဖြင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

သိန်းဖေ(ပြန်/ဆက်)