လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကျင်းပ

နေပြည်တော် ၂၆ ဖေဖော်ဝါရီ 

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော် မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကိုယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဦးမင်းသူ၊ ဒေါက်တာအောင်သူ၊ ဦးအုန်းဝင်း၊ ဦးခင်မောင်ချို၊  ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဗဟိုကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် ဒုတိယသမ္မတက ယနေ့အစည်းအဝေးသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ပြည်သူတို့၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများအပေါ် အမြန်ဆုံး စွန့်လွှတ်လွှဲပြောင်းနိုင်ရေးအတွက် မူဝါဒလုပ်ငန်းစဉ်(၅၂)ချက်ကို အောက်ခြေအဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာ ဆောင်ရွက်စေရေး စီမံဆောင်ရွက်ခဲ့ပြီး နိုင်ငံတော်အကြီးအကဲများ၏ ခရီးစဉ်များနှင့် မိမိတို့အဖွဲ့ခရီးစဉ်များတွင် ပြည်သူတို့၏လိုလားချက်များနှင့် မြေသိမ်းခံတောင်သူတို့၏ တင်ပြချက်များကို အထူးအလေးထား ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

 

မိမိတို့နိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာမြေများနှင့် တောင်သူလယ်သမားများသည် နိုင်ငံ၏အဓိကအခန်းကဏ္ဍတွင် ပါဝင်နေပါကြောင်း၊ နိုင်ငံ၏ပုံရိပ်တစ်ခုဖြစ်သော မြေယာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၂၁/၂၀၁၉) ဖြင့် ပြင်ဆင်ဖွဲ့စည်းခြင်းအပေါ် သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ယခုကဲ့သို့ အစည်းအဝေး ခေါ်ယူကျင်းပရခြင်းဖြစ်ပါကြောင်း၊ သိမ်းဆည်းမြေများ ပြန်လည်စွန့်လွှတ်လွှဲပြောင်းပေးရေး ဆောင်ရွက်မှုအခြေအနေများကို နိုင်ငံတော်အကြီးအကဲများထံ လစဉ်တင်ပြလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအထိ လုပ်ငန်းဆောင်ရွက်မှု တင်ပြချက်နှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက “လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများမှာ တရားစွဲဆိုခံနေရခြင်းနှင့် ရရှိထားသည့် လုပ်ငန်းရှင်များကလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ စာချွန်တော်တင်သွင်းသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး အစိုးရများက တရားပြိုင်အဖြစ် ချေပနေရခြင်းများ ရှိလာပါ၍ နိုင်ငံတော်၏မူဝါဒနှင့်အညီ အမြန်ဆုံးစိစစ်ရန်” ဟူ၍ လမ်းညွှန်မှာကြားထားရှိပါကြောင်း။

 

နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်ကို ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းလမ်းညွှန်ချက်အဖြစ် ခံယူပြီးနောက်ဆုံးပြင်ဆင် သတ်မှတ်ထားသည့် မူဝါဒ(၅၂)ချက်နှင့်အညီ ထိထိရောက်ရောက် လျင်မြန်စွာ စီမံဆောင်ရွက်ပေးကြရန် အထူးအလေးထား မှာကြားလိုပါကြောင်း။

 

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်အနေဖြင့် မြေကိစ္စတိုင်ကြားစာများအပေါ် မူဝါဒ၊ လုပ်ငန်းစဉ်များနှင့်အညီ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးသွားကြရမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဗဟိုကော်မတီ၏မူဝါဒနှင့် လုပ်ငန်းစဉ်များအတိုင်း စိစစ်ဆောင်ရွက်မှုမရှိခြင်း၊ အထောက်အထား မှတ်တမ်းမှတ်ရာများ ပြည့်စုံစွာတင်ပြမှု မရှိခြင်းတို့ကြောင့် ဗဟိုကော်မတီက ပြန်လည်စိစစ်ရန်ပေးပို့ရသည့် အမှုတွဲများကိုလည်း တွေ့ရှိရပါကြောင်း၊ ယခုအခါ ဝန်ကြီးဌာနများအသုံးပြုရန် မလိုအပ်သောမြေများကို ပြန်လည်စွန့်လွှတ်ပေးအပ်လျက်ရှိရာ စွန့်လွှတ်သည့်ရည်ရွယ်ချက်မှာ မူလပိုင်ရှင်ထံ ပေးအပ်ရန်၊ ပိုလျှံပါက နိုင်ငံတော်မြေအဖြစ် အရန်ထားရှိရန်နှင့် အခြားလိုအပ်သော ဝန်ကြီးဌာနများသို့ လွှဲပြောင်းပေးရန်ဖြစ်တို့ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနများသို့လွှဲပြောင်း ပေးရန်မြေများနှင့် ပတ်သက်၍ လွှဲပြောင်းရယူမည့် ဝန်ကြီးဌာများအနေဖြင့် မြေလွှဲကိစ္စရပ်များ ပြီးစီးအောင် ဆောင်ရွက်သွားကြရန် ဖြစ်ပါကြောင်း။

 

ပိုလျှံအပ်နှံ၍ နိုင်ငံပိုင်မြေအဖြစ် သတ်မှတ်ထားသည့်မြေများကို အများပြည်သူ အကျိုးရှိအောင် အသုံးပြုရန်နှင့် အသုံးမပြုပါက သေချာစွာစာရင်းရေးသွင်း ထိန်းသိမ်းထားရှိရန် ဖြစ်ပါကြောင်း၊ မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းသည့်မြေများတွင် အချို့မှာ သက်ဆိုင်ရာဝန်ကြီးဌာနမှ စွန့်လွှတ်ထားပြီးဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရေးတွင် အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင်လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ်အငြင်းပွား နေမှုများ ဖြစ်ပွားနေသည်ကိုလည်း စိစစ်တွေ့ရှိနေရမှုများကြောင့် အမှုတွဲများပြီးပြတ်မှုမရှိဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း၊ ကော်မတီဥက္ကဋ္ဌများအနေဖြင့် အောက်ခြေစိ စစ်တွေ့ရှိချက်များနှင့် မြေပြင်ပကတိအခြေအနေ ကွဲလွဲမှုမရှိစေရေးအတွက် ကွင်းဆင်းစိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရန်နှင့် တာဝန်ရှိသူများကိုအဖွဲ့ဖွဲ့၍ တာဝန်ပေးအပ်သွားကြရမည် ဖြစ်ပါကြောင်း။

 

ဗဟိုကော်မတီသို့ ရောက်ရှိလာသော တိုင်ကြားစာအမှုတွဲပေါင်း ၇၁၁၉ မှု ရှိပြီး သက်ဆိုင်ရာ ကော်မတီများသို့ စိစစ်ဆောင်ရွက်ရန် လွှဲပြောင်းပေးပို့ထားရာ ဗဟိုကော်မတီ စိစစ်မှုအရ တိုင်ကြားစာအမှုတွဲ ၃၁၆၈ မှုကိုသာ ဖြေရှင်းဆောင်ရွက်နိုင်ခဲ့ပြီး ကျန်ရှိသည့် တိုင်ကြားစာ ၃၉၅၁ မှုကို ပိုမိုအလေးထား ဖြေရှင်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီများသို့ တိုက်ရိုက်တိုင်ကြားသော တိုင်ကြားစာ အမှုတွဲများကို ဖြေရှင်းဆောင်ရွက်မှု နောက်ဆုံးအခြေအနေများနှင့် ယခင် ပြည်ထောင်စုလွှတ်တော် သက်တမ်းတွင် ဖွဲ့စည်းခဲ့သော ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ တိုင်ကြားစာများနှင့် ပတ်သက်၍ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လွှဲပြောင်းပေးပို့ထားသည့် စိစစ်တွေ့ရှိချက် အစီရင်ခံစာအပေါ် ဆောင်ရွက်ထားရှိမှု နောက်ဆုံး အခြေအနေများကိုလည်း ဆွေးနွေးကြစေလိုပါကြောင်း။

 

တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များက တင်ပြလာသည့်မြေကိစ္စရပ်များကို ဆောလျင်စွာဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စား လှယ်များနှင့် ဝန်ကြီးဌာနကိုယ်စားလှယ်များ သီးခြားအစည်းအဝေးများပြုလုပ် ဖြေရှင်းဆောင်ရွက်လျက်ရှိရာ ဆောင်ရွက်မှုအခြေအနေများကို ပြည်သူများသိရှိနိုင်ရေးအတွက် သတင်းထုတ်ပြန်ကြေညာပေးသွားကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဗဟိုကော်မတီနှင့် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အားနည်းချက်၊ အားသာချက်များ ညှိနှိုင်းဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအဆင့် အစည်းအဝေးများကျင်းပခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် တစ်လတစ်ကြိမ်အစည်းအဝေးကို မဖြစ်မနေပြုလုပ်ဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း။

 

အစည်းအဝေးများ ပြုလုပ်ရာတွင် အဆင့်ဆင့်သော ကော်မတီများကိုနိုင်ငံတော် အကြီးအကဲများ၏ ခရီးစဉ်လမ်းညွှန်ချက်များ၊ လုပ်ငန်းဆိုင်ရာညွှန်ကြားချက်များနှင့် နိုင်ငံတော်၏ မူဝါဒများကို အလေးအနက် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ဗဟိုကော်မတီကချမှတ်ခဲ့သည့် အစည်းအဝေးဆုံးဖြတ်ချက်များနှင့် မူဝါဒလမ်းညွှန်ချက်များကို အလေးအနက် အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး တွန်းအားပေး ဆောင်ရွက်သွားကြမှသာ ပြည်သူလူထုနှင့် မြေသိမ်းခံတောင်သူတို့က မြေယာနှင့် ပတ်သက်၍ ပိုမိုအားကိုးယုံကြည်လာမည် ဖြစ်ပါကြောင်း။

 

ကော်မတီများအနေဖြင့် အောက်ခြေအဆင့်အထိ ကော်မတီရုံးများ သီးခြားဖွင့်လှစ်၍ လုံလောက်သည့် ဝန်ထမ်းအင်အားဖြင့် တာဝန်ပေးအပ်ထားရန်နှင့် ကော်မတီအဖွဲ့ဝင်များ၊ ဝန်ထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု ရှိစေနိုင်ရေးအတွက် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ပိုမိုသိမြင်နိုင်ရန် သင်တန်းများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို အလေးထား ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်းနှင့် ဗဟိုကော်မတီအဖွဲ့ဝင်များအနေဖြင့် ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍ မြေပြင်တွင် တွေ့ကြုံရသည့်အခက်အခဲများ၊ ဗဟိုကော်မတီမှ ပံ့ပိုးဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို ပွင့်လင်းမြင်သာစွာ အကြံပြုဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူး ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က ဗဟိုကော်မတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများ၊ ဗဟိုကော်မတီ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်မည့်အစီအမံများကို ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက ဗဟိုကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ ဗဟိုကော်မတီ၏ မူဝါဒ ၅၂ ချက်ပါ လမ်းညွှန်ချက်များနှင့်  လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး လုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဥက္ကဋ္ဌများဖြစ်ကြသည့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများပြန် လည်စိစစ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ဒေါက်တာအောင်သူနှင့် ဦးအုန်းဝင်းနှင့်  ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးတို့က ဖြည့်စွက်ဆွေးနွေးကြသည်။

 

ထို့နောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးသည်။   

 

(သတင်းစဉ်)