နေပြည်တော် ဧပြီ ၂၂

 

ထွန်ယက်စိုက်ပျိုးသည်မှ ရိတ်သိမ်းခြွေလှေ့သိုလှောင်သည်အထိ စက်မှုလယ်ယာစနစ် အပြည့်အဝ အသုံးပြုဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုဝန်ကြီးရုံး ရုံးအမှတ်(၁၅) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်မင်းဦး၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တိုင်းဒေသကြီး ပြည်နယ် ဦးစီးမှူးများ တက်ရောက်ကြသည်။

 

အစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က နှစ်စဉ်တိုးတက်နေသည့် လူဦးရေအတွက် လိုအပ်လာသည့်  စားနပ်ရိက္ခာချက် ဖြည့်ဆည်းပေးနိုင်ရေး၊ ဖောက်ပြန်ပြောင်းလဲလာသော ရာသီဥတုကြောင့် စိုက်ပျိုးရိတ်သိမ်းမှု လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးနှင့် လယ်ယာလုပ်သား ရှားပါးလာမှုအခြေအနေများ ကျော်လွှား နိုင်ရေးတို့အတွက် လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲကျင့်သုံးရေးမှာ မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း၊ မိမိတို့ရေမြေ ရာသီဥတုနှင့် ကိုက်ညီသည့် လယ်ယာသုံး စက်ကိရိယာများ ဖြစ်စေရေးအတွက် လယ်ယာသုံးစက်ကိရိယာ ကျွမ်းကျင်သူများအနေဖြင့် စဉ်ဆက် မပြတ် လေ့လာတီထွင်ဆောင်ရွက်ရန် လိုကြောင်း၊ အလားတူ တောင်သူများလက်ဝယ်ရှိ လယ်ယာသုံး စက်ကိရိယာများကို စနစ်တကျ အသုံးပြုနိုင်စေရေးနှင့် ပြုပြင်ထိန်းသိမ်းမှုနည်းစနစ်များ အသုံးပြု နိုင်စေရေးအတွက် လေ့ကျင့်ပညာပေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရန်လိုကြောင်း၊ စနစ်ကျစက်မှု လယ်ယာမြေများ တိုးတက်ပေါ်ထွန်းလာစေရေးနှင့် ရွှေ့ပြောင်းတောင်ယာများနေရာတွင် အတည်တကျ စိုက်ပျိုးလုပ်ကိုင်နိုင်မည့်  လှေခါးထစ်နှင့် ကုန်းမြင့်လယ်ယာမြေများအဖြစ် ပြောင်းလဲဆောင်ရွက် နိုင်စေရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍများအလိုက် တင်ပြဆွေးနွေးကြသည်။

 

လယ်ယာကုန်ထုတ်စွမ်းအား မြင့်မားစေရန် လေလွင့်ဆုံးရှုံးမှုလျော့ပါးစေရန်နှင့် အရည်အသွေးမီ ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် စက်မှုလယ်ယာကဏ္ဍ ဖွံ့ဖြိုးလာရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန တွန်းအားပေး ဆောင်ရွက်လျက်ရှိသကဲ့သို့ ဝန်ဆောင်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ပုဂ္ဂလိက စက်မှုလယ်ယာဝန်ဆောင်မှု အသင်းများ ဖွဲ့စည်းဆောင်ရွက်ပေးခဲ့ရာ ယနေ့အထိ ပုဂ္ဂလိကစက်မှုလယ်ယာ ဝန်ဆောင်မှုအသင်း(၁၃၆)သင်း ဖွဲ့စည်းဆောင်ရွက်လျက်ရှိ ကြောင်း၊ တောင်သူနှင့် ပုဂ္ဂလိကများ အားလုံးအတွက် လယ်ယာသုံးစက်ကိရိယာဆိုင်ရာ ကျွမ်းကျင်မှု မြင့်မားလာရေးအတွက် ဝန်ကြီးဌာနက ဘက်စုံကဏ္ဍစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး စက်မှုလယ်ယာ လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလိုသူများအတွက် စက်မှုလယ်ယာဦးစီးဌာနက စက်မောင်း စက်ပြင်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကာ နိုင်ငံတကာအသိအမှတ်ပြု ကျွမ်းကျင်မှုလက်မှတ် ရရှိနိုင်ရေး အတွက် မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေး အဖွဲ့(National Skills Standards Authority-NSSA)နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း၊ အခြားတစ်ဘက်တွင် လည်း စက်မှုလယ်ယာဆိုင်ရာ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် စက်မှုလယ်ယာအခြေခံသော အသက်မွေးဝမ်းကျောင်းပညာရပ်များ တိုးတက်မြင့်မားရေးအတွက် ဒီပလိုမာသင်တန်းများ ဖွင့်လှစ်ပို့ချ ပေးနိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)