လယ်ယာစိုက်ပျိုးမွေးမြူရေးကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး

၁  မေ

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍသည် တိုင်းပြည်၏ လူဦးရေသုံးပုံနှစ်ပုံခန့် မှီခိုအားပြုနေရသောကဏ္ဍ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တိုင်းပြည်၏ စီးပွားရေးဖွံ့ ဖြိုးတိုးတက်ရေး၌ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အခြေခံလိုအပ်ချက် ဖြစ်ပါသည်။ ဤသို့ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးကိုဆောင်ရွက်ရာ၌ တိုင်းပြည်၏ ပြောင်းလဲလာသော ရာသီဥတုကို အလေးအနက်သုံးသပ်ရန် လိုအပ်သကဲ့သို့ ဈေးကွက် အလားအလာရှိမည့် သီးနှံတို့ကိုလည်း ရွေးချယ်စိုက်ပျိုးရန် လိုအပ်ပါသည်။မွေးမြူရေးကဏ္ဍသည်လည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့် ဆက်နွှယ်နေသည်ဖြစ်၍ လယ်ယာစိုက်ပျိုးရေး ကဏ္ဍနှင့်အတူ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးရေးကိုပါ ပူးတွဲအကောင်အထည်ဖော်ရမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် ပြောင်းလဲလာသောဈေးကွက်အပေါ် အခြေခံ၍ သက်ဆိုင်ရာဒေသ၏ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီသည့် အမျိုးမျိုးအဖုံဖုံသော လယ်ယာ၊ သားငါးထွက်ကုန်များ စိုက်ပျိုးထုတ်လုပ်ရေးကို ဦးတည်ဖော်ဆောင်လျက် ရှိပါသည်။ ဤကဲ့သို့ စိုက်ပျိုးထုတ်လုပ်ရာ၌လည်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်ဝရေးနှင့် လယ်ယာအခြေခံစက်မှု ကုန်ထုတ်လုပ်ငန်းများ ထွန်းကားရေးအပေါ် အလေးအနက် အာရုံစိုက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ လယ်ယာစိုက်ပျိုးရေး ကဏ္ဍနှင့်အတူ မွေးမြူရေးကဏ္ဍ၏ ဖွံ့ ဖြိုးတိုးတက်မှုကို ဖော်ဆောင်သည့်အခါ ကျေးလက်ဒေသ ပြည်သူတို့၏ လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ကွက်ငယ်လယ်သမားတို့၏ အမှန်တကယ် ဝင်ငွေတိုးရေးကို မဖြစ်မနေဖော်ဆောင်ရမည် ဖြစ်ပါသည်။

 

လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသည့် လယ်ထွန်စက်နှင့် ကောက်ရိတ်သိမ်းစက် ကဲ့သို့သော ခေတ်မီလယ်ယာသုံး စက်ကိရိယာများ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးကိုလည်း တွန်းအားပေး ဖော်ဆောင်လျက်ရှိပါသည်။ အလားတူပင် ထွက်ရှိလာသော စိုက်ပျိုးရေးထွက်ကုန်တို့ကို နိုင်ငံတကာဈေးကွက်သို့ အဆင့်အတန်းမီမီ တင်ပို့နိုင်ရေးအတွက် ခေတ်မီဆန်စက်များနှင့် သစ်သီးဝလံ သန့်စင်စက်များ အပါအဝင် ခေတ်မီထုပ်ပိုးစက်များ အသုံးပြုနိုင်ရေးကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ အထက်၌ တင်ပြထားသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်ရာ၌ ဘဏ္ဍာငွေကြေး လိုအပ်ချက်များ ပံ့ပိုးပေးနိုင်ရေးသည် အဓိကလိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။ အဆိုပါ လိုအပ်ချက်နှင့်အညီ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အား စိုက်ပျိုးမွေးမြူရေး ကဏ္ဍတစ်ရပ်လုံးကို ဘဏ္ဍာငွေကြေးပံ့ပိုးပေးသည့် ဘဏ်အဖြစ် အကောင်အထည်ဖော်ရန် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံအနှံ့အပြား၌ ဘဏ်ခွဲပေါင်း ၂၃၀ ခန့်ရှိသော မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို Digital စနစ်သို့ အဆင့်မြှင့်တင်နိုင်ရေးအတွက် လိုအပ်သည့် Banking Software System ကိုလည်း စတင်စမ်းသပ်ဆောင်ရွက်နေပြီ ဖြစ်ပါသည်။ နိဂုံးချုပ်အနေဖြင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍနှင့်အတူ မွေးမြူရေးကဏ္ဍ ဖွံ့ ဖြိုးတိုးတက်ရေးကို ရှုထောင့်ပေါင်းစုံမှ သုံးသပ်ချဉ်းကပ်ဆောင်ရွက်နေပြီဖြစ်၍ များမကြာသောကာလ၌ တိုးတက်မှုအသီးအပွင့်တို့ကို မြင်တွေ့ရတော့မည် ဖြစ်ပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း (အယ်ဒီတာ့အာဘော်)