လယ်လုပ်သူများ လယ်ယာမြေပိုင်ဆိုင်

နေပြည်တော် ၁၅ သြဂုတ်

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန မန္တေလးအပြည်ပြည်ဆိုင်ရာ ဒုတိယအကြိမ် ပြန်လည်စွန့်လွှတ်မြေ ၃၀၁၉ ဒသမ ၄၄ ဧကအား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃) များကို ဩဂုတ် ၆ ရက်က ပေးအပ်ခဲ့ကြောင်း ကြားသိရသည်။

အဆိုပါအခမ်းအနားသို့ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ပြီး လယ်ယာမြေသိမ်းဆည်းခံရသည့် ဒေသခံ ပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေး စသည့်အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ပြည်သူများ၏ နစ်နာဆုံးရှုံးနေရမှုများကို မိမိတို့အစိုးရအဖွဲ့အနေဖြင့် စာနာထောက်ထားကာ ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူသော မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံးဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစ၍ လယ်ယာမြေ၊ အခြားမြေများကို သိမ်းဆည်းယူခဲ့မှုများ ရှိခဲ့သည်။ ထိုသို့သိမ်းဆည်းမှုများကြောင့် ဓားမဦးချလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများသာမက နိုင်ငံတော်ပါ အကျိုးမဲ့ ထိခိုက်နစ်နာမှုများ ရှိခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းပြီးနောက် မူလမြေပိုင်ဆိုင်ခဲ့သူများအား ပြန်လည်ပေးအပ်ရေးကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ်တွင် ယခုပြန်လည် ပေးအပ်မှုအပါအဝင် စွန့်လွှတ်အပ်နှံမြေများ မူလတောင်သူများထံ လွှဲပြောင်းပေးအပ်ခြင်း ခြောက်ကြိမ် ပြုလုပ်နိုင်ခြင်းဖြစ်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မန္တလေးတိုင်းဒေသကြီးသည် စွန့်လွှတ်မြေ အများဆုံး အပ်နှံသည့်ဒေသအဖြစ် အသိအမှတ်ပြုရမည် ဖြစ်သည်။ လယ်ယာမြေနှင့် အခြားမြေများကို အစိုးရစီမံကိန်းများ၊ ပုဂ္ဂလိကစီမံကိန်းများနှင့် အခြားလုပ်ပိုင်ခွင့်ရှိသူတို့က အစောပိုင်းကာလများက ရယူခဲ့ကြသည်ကို မြင်တွေ့ကြားသိကြရမည် ဖြစ်သည်။

မြို့ပြအရေး၊ လုံခြုံရေး၊ စီးပွားရေးစသည့် အကြောင်းကိစ္စများဖြင့်  လယ်ယာမြေနှင့် အခြားမြေများကို သိမ်းဆည်းခဲ့ကြသည်။ ဝန်ကြီးဌာနများ ၏ စီမံကိန်းများအတွက် ရယူထားသည့်မြေများနှင့် ပတ်သက်၍ စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှု မရှိသည့်မြေများကို မူလတောင်သူများလက်ဝယ်သို့ ပြန်လည်စွန့်လွှတ် လွှဲပြောင်းနိုင်ရေး၊ စီမံကိန်းအတွက် အသုံးပြုပြီး မြေအစားထိုးပေးခြင်းမရှိပါက နစ်နာငွေ၊ လျော်ကြေးငွေ ပေးဆောင်ရေးတို့ကို သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိသည်။ စွန့်လွှတ်မြေများနှင့် ပတ်သက်၍ အချို့ကိစ္စရပ်များတွင် ပြည်သူ့လက်ဝယ်သို့ ရောက်ရှိရန် အချိန်ကြန့်ကြာနေခြင်းသည် အခြားသူထံ ပေးအပ်ထားခြင်း၊ မူလလက်ငုတ်နှင့် လက်ရှိလက်ငုတ် အငြင်းပွားနေခြင်း၊ ကျူးကျော်များအား ရှင်းလင်းဖယ်ရှားနေရခြင်း စသည့် အကြောင်းများကြောင့် ဖြစ်ရသည်။

သို့ဖြစ်ရာ ယနေ့အချိန်အခါတွင် လယ်လုပ်သူများ လယ်လုပ်ပိုင်ခွင့် ရရှိရေး၊ မြေပိုင်သူများ မြေပိုင်ဆိုင်ခွင့် ရရှိရေးကို နိုင်ငံတော်က ဆောင်ရွက်ပေးနေပြီဖြစ်ရာ တောင်သူ လယ်သမားကြီးများ အနေဖြင့် မိမိတို့ ပိုင်ဆိုင်လုပ်ကိုင်ခွင့် ပြန်လည်ရရှိသည့် မြေယာများကို သားစဉ်မြေးဆက်တိုင်အောင် အဘက်ဘက်မှ တိုးတက်အောင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ရင်း ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးအတွက်သာမက ပြည်ပပို့ကုန်များ တိုးတက်ထုတ်လုပ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

ကြေးမုံ