လွယ်ကူ အကျိုးနည်း ကလေးများ ဘေးအန္တရာယ်ဖြစ်မည့် အသင့်စားခေါက်ဆွဲ

၁၆  အောက်တိုဘာ

အရှေ့တောင်အာရှမှာ ဈေးတော်တဲ့အစားအစာတွေ ဥပမာ ခေါက်ဆွဲခြောက်ကဲ့သို့ အသင့်စားအစားအစာတွေဟာ ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်ပေမယ့်လည်း အာဟာရဓာတ်ပါဝင်မှုကတော့ နတ္ထိပါပဲ။ အာဟာရတန်ဖိုးမရှိတဲ့ ခေါက်ဆွဲခြောက်တွေကို အများအပြားစားတဲ့ကလေးတွေဟာ ကျုံလှီပိန်သေးပြီး ခန္ဓာကိုယ် ဖွံ့ဖြိုးထွားကျိုင်းခြင်း မရှိသလို ဆန့်ကျင်ဘက်အနေနဲ့ အဝလွန်ခြင်းတွေဖြစ်တတ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပြောကြားထားတဲ့ သတင်းတစ်ပုဒ်ကို နိုင်ငံတကာသတင်းဝက်ဘ်ဆိုက်တစ်ခုမှာ ဖတ်မှတ်လေ့လာ လိုက်ရပါတယ်။

အာဟာရပြည့်၀ရဲ့လား

ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံတွေဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံတွေဖြစ်ပြီး လူနေမှုအဆင့်အတန်းဟာလည်း မြင့်တက်လျက်ရှိပါတယ်။ သို့သော်လည်း အပြင်မှာ ပိုက်ဆံထွက်ရှာပြီး အလုပ်ကြိုစားနေတဲ့ မိဘတွေဟာ သူတို့အတွက် အချိန်သိပ်မရှိတဲ့အတွက် ဘယ်လိုအစားအစာတွေဟာ ကလေးငယ်တွေအတွက် သင့်တော်မှုရှိလား၊ မရှိဘူးလားဆိုတာကို မဝေခွဲကြတော့ဘဲ အဆင်ပြေသလို လုပ်နေကြရ ပါတယ်။ အကျိုးဆက်အားဖြင့် ကလေးငယ်တွေဟာ ပြည့်၀တဲ့ အာဟာရတန်ဖိုးကို မရရှိကြတော့ဘဲ အဆိုးဆုံးကတော့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလောက်တဲ့အထိ ဆိုးကျိုးတွေ ဖြစ်လို့တောင် လာပါပြီ။

အဲဒီနိုင်ငံတွေမှာရှိတဲ့ ကလေးငယ်တွေရဲ့ ပျမ်းမျှ အသက်ငါးနှစ်မှ ငါးနှစ်အောက် ကလေးငယ် ၄၀ ရာခိုင်နှုန်းဟာ အာဟာရ တန်ဖိုးအပြည့်အဝ မရရှိကြတော့ဘဲ အာဟာရချို့တဲ့နေကြပါပြီ။ ဒါဟာ ကမ္ဘာ့အဆင့် ကလေးသုံးယောက်မှာ တစ်ယောက်နှုန်းထက် ပိုနေပါတယ်လို့ ယူနီဆက်က အောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါ တယ်။

“မိဘတွေဟာ သူတို့ကလေးတွေ ဗိုက်ပြည့်ဖို့ပဲ အရေးကြီးဆုံးကိစ္စလို့ ထင်နေကြတယ်။ သူတို့ကလေးတွေ ပရိုတင်း ဓာတ်ပမာဏပြည့်၀လုံလောက်စွာရရဲ့လား။ ကယ်လ်ဆီယမ် ဒါမှမဟုတ် အမျှင်ဓာတ်ပမာဏ ပြည့်ပြည့်ဝဝရရဲ့လား စတဲ့အချက်တွေကို မစဉ်းစားကြတော့ဘူး”လို့ အင်ဒိုနီးရှား ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် ဟက်စ်ဘူလာသာဘရန်နီက ပြောပါတယ်။

အာဟာရပြည့်၀စေတဲ့ အစားအစာနေရာမှာ အစားထိုးနိုင်

ကလေးတွေကို အန္တရာယ်ဖြစ်စေတဲ့ဟာတွေဟာ အစာအာဟာရချို့တဲ့နေတဲ့ နောက်ခံအကြောင်းအရာတွေ ရှိနေခြင်း၊ ဆင်းရဲတဲ့အနေအထားရောက်နေခြင်းတို့ပဲ ဖြစ်ပါတယ်။ ထို့အတူ သံဓာတ်ချို့တဲ့နေတဲ့ကလေးတွေဟာ လေ့လာသင်ယူ နိုင်စွမ်းအားကျဆင်းခြင်းနဲ့ မိခင်လောင်းတွေအနေနဲ့လည်း ကလေးမွေးဖွားနေချိန်နဲ့ မွေးဖွားပြီးနောက်ပိုင်းမှာ သေဆုံးနိုင်ခြေများခြင်း စတဲ့အန္တရာယ်တွေ ဖြစ်စေနိုင်တယ်လို့ ယူနီဆက်က ပြောကြားထားပါတယ်။

ယူနီဆက်စာရင်းဇယားတွေအရ အင်ဒိုနီးရှားမှာ လွန်ခဲ့တဲ့နှစ်က ငါးနှစ်အောက် ကလေး ၂၄ ဒသမ ၄ သန်း၊ ဖိလစ်ပိုင်နိုင်ငံမှာ ၁၁ သန်းနဲ့ မလေးရှားနိုင်ငံမှာ ၂ ဒသမ ၆ သန်းတို့ဟာ အာဟာရဓာတ်ချို့တဲ့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ယူနီဆက်ရဲ့ အာရှအာဟာရဖွံ့ဖြိုးမှုကျွမ်းကျင်သူ မြူနီမူတွန်ဂါက မိသားစုတွေဟာ လုပ်ရတာလွယ်ကူတဲ့ ခေတ်ပေါ် အစားအစာတွေကို အားကိုးလွန်းပြီး အာဟာရပြည့်၀တဲ့ ရိုးရာအစားအစာတွေ မစီမံချင်တာတွေ စတဲ့အချက်တွေကြောင့် အခုလိုဖြစ်နေတာပါလို့ ပြောပါတယ်။ သို့သော်လည်း အလုပ်များလွန်းတာကြောင့်နဲ့ အလွယ်ရတဲ့ အစားအစာတွေကို စားသုံးရာကနေ အခုလိုမျိုးအကျိုးဆက်တွေ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

အသင့်စား ခေါက်ဆွဲတွေက မြန်တယ်။ လုပ်ရတာလွယ် ကူတယ်။ ဈေးလည်းတော်တယ်။ အာဟာရဓာတ် ပြည့်၀စွာပါတဲ့ အစားအစာနေရာမှာ အလွယ်တကူ အစားထိုးနိုင်တယ်။ ဒါကြောင့် သူတို့ ခေါက်ဆွဲတွေကို ရွေးချယ်ပြီးစားသုံးနေကြတာ ဖြစ်မယ်လို့ သူက ပြောပါတယ်။

ဆင်းရဲခြင်းက အဓိကအချက်

မနီလာမှာ ခေါက်ဆွဲတစ်ထုပ်ကို အမေရိကန် ၂၃ ဆင့်ပဲပေး ရပါတယ်။ တစ်ဒေါ်လာတောင် မပြည့်ပါဘူး။ ဒါပေမယ့် ပါဝင်ရမယ့် အာဟာရတန်ဖိုးတွေတော့မပါဝင်ပါဘူး။ ဥပမာ သံဓာတ်နဲ့ ပရိုတင်းဓာတ်တွေ မပါဝင်ပါဘူး။ အဲဒီအစား အဆီတွေများနေပြီးတော့ ဆားပါဝင်မှုဟာလည်း မြင့်မားနေပါတယ်လို့ မူတွန်ဂါက ပြောပါ တယ်။

အင်ဒိုနီးရှားနိုင်ငံဟာ ကမ္ဘာမှာ ဒုတိယခေါက်ဆွဲခြောက် အစားဆုံးနိုင်ငံဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာတော့ လူပေါင်း ၁၂ ဒသမ ၅ သန်းဟာ ခေါက်ဆွဲခြောက်တွေစားသုံးခဲ့ ပါတယ်လို့ ကမ္ဘာ့ခေါက်ဆွဲခြောက်အသင်းက ပြောပါတယ်။ အိန္ဒိယနဲ့ ဂျပန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ခေါက်ဆွဲခြောက် စားသုံးတဲ့နေရာမှာ အတူတူပဲဖြစ်ပါတယ်။

အာဟာရဓာတ်ပြည့်၀စွာပါတဲ့ အသီးတွေ၊ ဟင်းသီးဟင်း ရွက်တွေ၊ ဥအမျိုးမျိုး၊ နို့ထွက်ပစ္စည်း၊ အသားနဲ့ ငါးတွေဟာ တဖြည်းဖြည်းနဲ့ စားသုံးမှုတွေ နည်းလာပါတယ်။ အကြောင်း ကတော့ ကျေးလက်ကလူတွေဟာ မြို့ကြီးပြကြီးတွေမှာ အလုပ်တွေ သွားရောက်ရှာဖွေ လုပ်ကိုင်နေကြလို့ပဲဖြစ်ပါတယ်။ အလုပ်တွေကြိုးစားပြီး ငွေစုတဲ့အတွက်ကြောင့် အသင့်စား အစားအစာတွေကိုပဲ ပိုမိုစားသုံးလာကြတယ်လို့ ယူနီဆက်ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့တိုင်းတာမှု စစ်တမ်းများအရ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံနဲ့ မလေးရှားနိုင်ငံတို့ဟာ အလယ်အလတ်ဝင် ငွေရှိတဲ့ နိုင်ငံတွေဖြစ်ကြပါတယ်။ အဲဒီနိုင်ငံတွေမှာနေထိုင်တဲ့ လူသန်းပေါင်းများစွာဟာ ချမ်းချမ်းသာသာနေထိုင်ဖို့ ရုန်းကန် ကြိုးစားနေကြရပါတယ်။

ဆင်းရဲမွဲတေခြင်းက အဓိကပြဿနာတစ်ရပ်ပါပဲလို့ မလေးရှားနိုင်ငံရဲ့ ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်ပညာရှင် တီဂျာရာဘလမ်က ပြောပါတယ်။ မိဘနှစ်ဦးလုံး အလုပ်လုပ်နေရတဲ့ အိမ်ထောင်စုတွေဆို အလွယ်တကူ အစားအစာတွေကို လျင်လျင်မြန်မြန်ပဲ လုပ်ကိုင်စားသောက်လေ့ရှိတယ်လို့ သူကပြောပါတယ်။ ဝင်ငွေနည်းတဲ့ မိသားစုတွေဆို အသင့်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်တွေ၊ ကန်စွန်းဥတွေ၊ ပဲငါးပိ တွေပေါ်ပဲ အဓိက မှီခိုအားထားနေရတယ်လို့ သူက ပြောပါတယ်။

ချမှတ်အကောင်အထည်ဖော်သင့်

သကြားများတဲ့ ဘီစကစ်တွေ၊ အဖျော်ယမကာတွေ၊ အမြန်စား အစားအစာတွေဟာလည်း ဒီနိုင်ငံတွေမှာ အရေးကြီးတဲ့ နောက်ထပ်ပြဿနာတစ်ခုပဲလို့ ကျွမ်းကျင်သူတွေက ထပ်မံပြော ကြားထားပါတယ်။ သို့သော်လည်း ခေါက်ဆွဲခြောက်ကိုတော့ မပါမပြီးဆိုသလို နေ့စဉ် စားသုံးနေကြပါတယ်လို့ သူတို့က ပြောပါတယ်။

ခေါက်ဆွဲခြောက်တွေကို အသားပေးထားတဲ့ အရောင်းမြှင့်တင်ခြင်းနဲ့ ကြော်ငြာတွေကလည်း အလွန်ကိုပဲ ဆိုးရွားပါတယ်လို့ အင်ဒိုနီးရှားပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူတစ်ဦးက သုံးသပ်ထားပါတယ်။ ခေါက်ဆွဲခြောက်တွေကို အများအပြားဖြန့်ဖြူးနေပါတယ်။ အဲဒါတွေကို နေရာတိုင်းမှာရပါတယ်။

အထူးသဖြင့် မြို့ကြီးပြကြီးနဲ့ အလှမ်းဝေးတဲ့နေရာတွေမှာ ပိုလို့တောင် ရပါသေးတယ်လို့သူက ဆက်ပြောပါတယ်။ ဒါတွေကို အလွယ်တကူလည်း ရပါတယ်။ အသင့်စားတွေလည်းဖြစ်ပါတယ်။ မြန်လည်းမြန်၊ သက်လည်းသက်သာပါတယ်။ ဒါပေမယ့် ကြာရှည်ဆိုရင်တော့ ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေပါတယ်။ အရှေ့တောင်အာရှမှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးကိုကာကွယ်ဖို့ အစိုးရတွေအနေနဲ့လည်း မူဝါဒတစ်ရပ်အနေနဲ့ ချမှတ်အကောင် အထည်ဖော်သင့်တယ်လို့ သူတို့က ဆက်လက်ပြောကြား ထားပါတယ်။ ။

ကိုးကား-အေအက်ဖ်ပီ