လူထုအခြေပြုဗဟိုဌာနများကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကျင်းပ

ထက်အံ့လင်း

 

လူထုအခြေပြု ဗဟိုဌာန(Community Centre)များကို အကျိုးရှိအောင် ဘယ်လိုအသုံးပြုမလဲ စကားဝိုင်းကို ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ရန်ကုန်မြို့ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) ၌ ကျင်းပခဲ့သည်။ အဆိုပါစကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ဦးဆောင်ဆွေးနွေး သူအဖြစ် ဆောင်ရွက်ပြီး MRTV-4 အစီအစဉ်တင်ဆက်သူ ငြိမ်းချမ်းကိုကို၊ မခင်ရတနာဦး၊ MRTV-4 သရုပ်ဆောင် ဖြိုးရာဇာနိုင်နှင့် ဝိုင်းရွှေရည်တို့က ပါဝင်ဆွေးနွေးခဲ့သည်။

 

ဦးဆောင်ဆွေးနွေးသူ။ ။ နိုင်ငံတစ်ဝန်းမှာ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်တဲ့ Community Centre ၁၆ ခု ရှိပါတယ်။ လွန်ခဲ့တဲ့ ၁၉၆၀ ခုနှစ်လောက်ကတည်းက စပြီးတော့ Community Centre ကို ကျွန်မတို့ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ဆောင်ခဲ့ တာဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ လိုအပ် ချက်ကို ပြည်သူတွေလည်း သိလောက်မယ်လို့ထင်ပါတယ်။ Community Centre ဟာ ကျွန်မတို့ ပြည်သူတွေအတွက် ဘယ်လောက်အထိ အရေအတွက်များများ  လိုအပ်နေတယ်ဆိုတဲ့ ကဏ္ဍလေးက ရှိလာတာပေါ့။ ဒါက ကျွန်မတို့ နိုင်ငံတော်ရဲ့လိုအပ်ချက်။ အမေရိကန်နဲ့ အင်္ဂလန်တို့မှာ အခြေပြုပြီးတော့ Community Centre ဆိုတာ ပေါ်ပေါက်လာတာ။ အာရှနိုင်ငံတွေထဲမှာဆိုရင် စင်ကာပူကတော့ ဥပမာပြလို့ အကောင်းဆုံး နိုင်ငံတစ်ခုထဲမှာ ပါပါတယ်။ ၁၉၆၀ မှာ စင်ကာပူမှာ စလုပ်ခဲ့တယ်။ ကျွန်မတို့ဆီမှာလည်း ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ပြီးတော့ စလုပ်နေပါပြီ။ ကျွန်မတို့ အစိုးရလက်ထက်မှာ ဒါက Nation Building တစ်ခုပဲ ဖြစ်ပါတယ်။ ဒီ community Centre ထဲမှာ ပါဝင်တာတွေနဲ့ပတ်သက်ပြီး ပြည်သူတွေအတွက် ဘာတွေအကျိုးရှိမလဲဆိုတာ မောင်လေးငြိမ်းချမ်းကိုကိုက လူငယ်တစ်ယောက်အနေနဲ့ ပြည်သူတွေကို ပြောပြပေးစေချင်ပါတယ်။

 

ငြိမ်းချမ်းကိုကို။ ။ ကျွန်တော် ဝင်ဝင်ချင်းမှာပဲ ပြတိုက်ဆိုတာလေးကို မြင်တွေ့ရတဲ့အတွက် အရင်ဦးဆုံး လူငယ်တွေ အနေနဲ့ ပြတိုက်ထဲမှာ ဘာတွေရှိမလဲဆိုတာကို စိတ်ဝင်တစားနဲ့ လေ့လာသင့်တယ်လို့ ထင်ပါတယ်ခင်ဗျ။ နောက်ပြီးတော့ ကျွန်တော်ကလည်း လူငယ်ထဲက လူငယ်တစ်ဦးပဲဆိုတော့ Recreation Centre တွေ၊ Gym ကစားမယ့် နေရာတွေကို စိတ်ဝင်စားပါတယ်။ လူငယ်တွေဆိုတာက ဒီနေ့ခေတ်မှာ IT ကို တော်တော် စိတ်ဝင်စားလာကြတယ်။ Technology ပိုင်းကို ပိုပြီးတော့ စိတ်ပါဝင် စားကြတဲ့သူတွေ ဖြစ်တဲ့အတွက် Community Centre မှာ အခုလိုမျိုး Laptop ၂၅ လုံး စီစဉ်ဆောင်ရွက်ပေးထားတာမြင်တော့ တော်တော်လေး ဝမ်းသာ မိပါတယ်ခင်ဗျ။

 

ဦးဆောင်ဆွေးနွေးသူ။ ။ ဒီ ဗဟန်း Community Centre နဲ့ ပတ်သက်ပြီးတော့ ဘယ်နေရာလေးတွေကို သဘောကျသလဲ။ နောက်ပြီးတော့ ဒီ community Centre ဟာ ဗဟန်းမြို့နယ်မှာရှိတဲ့ ပြည်သူတွေသာမက ရန်ကုန်မြို့မှာရှိတဲ့ တခြားမြို့နယ်တွေက ပြည်သူတွေလည်း အားကျပြီးတော့ သူတို့ မြို့နယ်တွေမှာ ဒီလို Community Centre တွေ အမြန်ဆုံးပေါ်လာအောင် လိုချင်စိတ်တွေ ဖြစ်ပေါ်လာအောင် ဘယ်လို Attraction တွေ တွေ့လာနိုင်မလဲ။ ညီမလေး ခင်ရတနာဦးအနေနဲ့ ဒီမြို့နယ်မှာ နေခဲ့မယ်ဆိုရင် ဒီ Community Centre ကို ဘယ်လို အကျိုးရှိအောင် အသုံးချမယ်လို့ ရည်ရွယ်ထားတယ်ဆိုတာ ပြောပြပေးပါဦး။

 

ခင်ရတနာဦး။ ။ ကျွန်မက တာမွေမှာနေတော့ ဗဟန်းနဲ့က နီးနီးလေးပါ။ ကားလမ်းကြောင်းလည်း သင့်ပါတယ်။ အိမ်နဲ့ကလည်းနီးတော့ အမြဲတမ်းရောက်ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီမှာက Gym ခန်းမရှိတယ်။ အဲဒီတော့ သူငယ်ချင်းတွေ အားလုံးပေါင်းပြီးတော့ Gym လာကစားမလား။ ဒါမှမဟုတ် ကိုယ့်ရဲ့ လုပ်ငန်းခွင်အကြောင်းတွေကို Gymကစားပြီး တဲ့အခါ ဆွေးနွေးတိုင်ပင်မလား။ ခန်းမတွေလည်း အများကြီးရှိတာဆိုတော့ တကယ်ကို ဝမ်းသာမိပါတယ်။ သရုပ်ဆောင်တွေဆိုရင်လည်း ခန္ဓာကိုယ် အချိုးအစားပြေပြစ်ဖို့ အဓိက ထိန်းသိမ်းဖို့လိုအပ်တယ်။ အဲဒီတော့ အမြဲတမ်း လည်း အိမ်မှာနေရင်းနဲ့ ကိုယ်နဲ့နီးစပ်ရာ ပတ်ဝန်းကျင်မှာ Gym တွေကို အခကြေးငွေပေး ပြီးတော့ ကစားရတာရှိတယ်။ ကိုယ့်ရဲ့ အချိန်တွေကို ပေးရတာရှိတယ်။ သူငယ်ချင်းတွေနဲ့ ဆုံမှကစားဖြစ်တာ။ မဆုံရင်လည်း မကစားဖြစ်ဘူး။

 

ဒီမှာဆိုရင် အိမ်နဲ့လည်း နီးနီးနားနားဖြစ်တော့ Gym ခန်းမကို အဓိကထား လာကစား ဖြစ်မယ်ထင်တယ်။ နောက်ပြီးတော့ အလုပ် ကိစ္စနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လူငယ်တွေနဲ့ပတ်သက်လို့ ဆွေးနွေးတိုင်ပင် သင့်တဲ့ အကြောင်းအရာတွေကို အခုလို သူငယ်ချင်းတွေဆုံတုန်း အားကစားခန်းမမှာ Gym ပြေးကစား၊ ပြီးရင် သူငယ်ချင်းတွေ ဝိုင်းဖွဲ့ပြီးတော့ စကားပြောမလား၊ အလုပ်ကိစ္စတွေ ဆွေးနွေးမလား၊ ရှေ့ဆက်လျှောက်မယ့် ဘဝလမ်းကြောင်းနဲ့ ပတ်သက်တဲ့ကိစ္စတွေ ဆွေးနွေးမလား။ ဒါကြောင့်မို့ Gym ခန်းမရော၊ ဆွေးနွေးပွဲခန်းမတွေရော ရှိတဲ့အတွက်ကြောင့် မို့ တကယ့်ကို ဝမ်းသာမိပါတယ်။

 

နောက်တစ်ခုက ဒီမှာဆိုရင် Computer Class Room တွေလည်းရှိတယ်လို့ သိရပါတယ်။ အဲ့ဒီတော့ Computer နဲ့ပတ်သက်တဲ့ နည်းပညာတွေကိုလည်း သင်ယူလို့ရတယ်။ ဆွေးနွေးတိုင်ပင်လို့ရတယ်။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်လုပ်ရမယ်ဆိုတော့ တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့ Community Centre တစ်ခုအနေနဲ့ အကျိုးရှိမယ် ဆိုတာ ယုံကြည်ပါတယ်။ နောက်ပြီးတော့ ဒီမှာ ကလေးငယ်တွေအတွက်လည်း ကစားကွင်းတွေရှိတယ်။ စာကြည့်တိုက်တွေရှိတယ်။ အဓိကက ညီမဆိုရင်လည်း Presenter ဖြစ်တဲ့အတွက် စာပေတွေ အမြဲတမ်း ဖတ်နေရတယ်ဆိုတော့ စာကြည့်တိုက်မှာရှိတဲ့ စာအုပ်စာပေနဲ့ ပတ်သက်ပြီးတော့လည်း လေ့လာလို့ရတယ်။ ငှားရမ်းလို့ရတယ်။ တကယ့်ကို ဝမ်းသာပျော်ရွှင် မိပါတယ်လို့ ပြောချင်ပါတယ်ရှင့်။

 

ဦးဆောင်ဆွေးနွေးသူ ။ ။ ဖြေထားတာ တော်တော်ပြည့်စုံပါတယ်။ ဒီ community Centre နဲ့ ပတ်သက်ပြီးတော့ ခုနကပြောသလို Sport နဲ့ပတ်သက်ပြီး ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်လို့ရတယ်။ အပေါ်ထပ်မှာ ကရာတေးတို့၊ စားပွဲတင်တင်းနစ်တို့ ကစားလို့ရတယ်။ ဒီလို အားကစားရှုထောင့်အနေနဲ့လည်း ကောင်းတယ်။ နောက်ပြီးတော့ လူငယ်တွေအတွက် တွေ့ဆုံတဲ့နေရာ၊ Business Activities တွေလည်း လုပ်လို့ရတဲ့ နေရာလည်းဖြစ်တယ် ဆိုတော့ ညီမလေးအနေနဲ့ ရုပ်ရှင်သရုပ်ဆောင် အနေနဲ့မဟုတ်ဘဲ ရန်ကုန်မြို့မှာနေတဲ့ မြို့သူ မြို့သားတစ်ယောက်အနေနဲ့ ဒီ Community Centre ကို ဘယ်လိုအသုံးချမယ်လို့ စိတ်ကူးထားသလဲ။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောသွားသလိုပဲ သာရေးနာရေးကိစ္စအကုန်လုံးက ဒီမှာအသုံးချလို့ ရတယ်ဆိုတော့ ညီမလေး ဝိုင်းရွှေရည်တို့ သရုပ်ဆောင်တွေအနေနဲ့ ပြည်သူလူထုနဲ့ ဆက်ဆံထိတွေ့တဲ့အခါမှာ ဒီ Community Centre ကို တကယ် အသုံးဝင်အောင် ဘယ်လိုအသုံးချမယ်လို့ ရည်ရွယ်ထားပါသလဲ။

 

ဝိုင်းရွှေရည်။ ။ ကျွန်မတို့က သရုပ်ဆောင်ဖြစ်လို့ ပရိသတ်နဲ့ အမြဲထိတွေ့ ဖြစ်တယ်။ အခုခေတ်က Internet ခေတ်လည်း ဖြစ်တော့ Fun လေးတွေဆိုတာလည်း ပေါ်လာတယ်။ အရင်ဆုံး ဒီအခန်းကိုတွေ့တော့ ပြေးမြင် လိုက်တာက Fun တွေနဲ့ Meeting ကို ဒီအခန်းထဲမှာ လုပ်မယ်ဆိုရင် ဘယ်လောက်တောင်ကောင်းမလဲ။ အဲဒီလို မြင်မိတယ်။ ညီမတို့လိုပဲ လူငယ်အချင်းချင်း တွေ့ဆုံမလားပေါ့။ အခုခေတ်ကတော့ ဘယ်မှာ တွေ့လို့ တွေ့ရမှန်း မသိဘူး။ သူငယ်ချင်းတွေတွေ့တာနဲ့ စားသောက်ဆိုင်တန်းရောက်သွားတယ်။ တစ်ခုခု စားရင်းသောက်ရင်းနဲ့ ပြောကြတယ်။ အဲဒီလိုများတယ်။

 

ညီမတို့အနေနဲ့လည်း အောက်ထပ်ကို ဆင်းသွားရင် စာကြည့်တိုက်တွေရှိတယ်။ ကိုယ့်သူငယ်ချင်းအချင်းချင်း၊ ကိုယ့် Fun တွေ အချင်းချင်း စကားပြောမလား၊ ဒီအခန်းထဲမှာပဲ အေးအေးဆေးဆေး စကားပြောလို့ရတယ်။ တကယ်လို့ ဗဟုသုတရှာချင်တယ်ဆိုရင် စာကြည့်တိုက်မှာ သွားရှာလို့ရတယ်။ ပြီးရင် အပေါ်ထပ်မှာလည်း ခုနက အစ်မပြောသလို တကယ့်ကို Relax လည်းဖြစ်တယ်။ ညီမအနေ နဲ့ ညီမပရိသတ်တွေနဲ့ အမြဲတွေ့တဲ့အခါပဲ ဖြစ်ဖြစ်၊ အစည်းအဝေး လုပ်တဲ့အခါပဲဖြစ်ဖြစ် Community Centre ကြီးကို လာဖြစ်မယ်လို့ ထင်ပါတယ်။

 

ဦးဆောင်ဆွေးနွေးသူ။ ။ ညီမလေးလည်း ပြောသွားတယ်။ သူ့ Fun တွေနဲ့ ဒီနေရာမှာ တွေ့မယ်တဲ့။ ဒီနေရာကတော့ ဗဟန်းမှာရှိတဲ့ ပြည်သူလူထုအတွက် တကယ်ကို တန်ဖိုးရှိတဲ့နေရာကြီး ဖြစ်သွားမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ အပြင်မှာ ဒီလိုခန်းမငှားမယ်ဆိုရင် တစ်နာရီကို ငါးသောင်း၊ တစ်သိန်းလောက်ပေးရပါတယ်။ အဲဒီတော့ ဒါကို ကျွန်မတို့ပြည်သူလူထုအနေနဲ့ အကျိုးရှိရှိ အသုံးချနိုင်မယ်။ ဘဝတိုးတက်ရာ တိုးတက်ကြောင်းအတွက်၊ Community Development အတွက် အသုံးချတာမျိုးတွေ ရှိလာတာပေါ့။ အဲဒီတော့ မောင်လေးဖြိုးရာဇာ နိုင်အနေနဲ့ကော ဒီ Community Centre ကြီးကို ဘယ်လိုမျိုးအသုံးချမယ်လို့မြင်ထားပါသလဲ။

 

ဖြိုးရာဇာနိုင်။ ။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ လူငယ်တွေ Community Centre ဘာလဲဆိုတာကို အများကြီး သိဖို့လိုအပ်ပါတယ်။ ကျွန်တော်ဆိုရင် အမှန်တိုင်းပြောရရင် ဒီပွဲကိုလာမှ ဒီဟာကို သိတာပါ။ Community Centre မှာ ဘာတွေ လုပ်လို့ရသလဲဆိုတာ ကျွန်တော်တို့ လူငယ်တွေ သိဖို့လိုအပ်ပါတယ်။ ဘာလုပ်လို့ရသလဲ ဆိုတာသိမှ စိတ်ဝင်စားပြီး လာကြမှာပါ။ ပြန်ကြားရေးဝန်ကြီးက Community Centre မှာ မွေးနေ့ပွဲတွေလည်း လုပ်လို့ရတယ်။ မင်္ဂလာဆောင်လည်း လုပ်လို့ရတယ်ဆိုတာကို ပြောသွားတာ သိလိုက်ရတော့ တကယ်ကို ဝမ်းသာစရာ ကောင်းပါတယ်။

 

ကျွန်တော်တို့ဆိုလည်း Fun Meeting တွေ လုပ်လို့ရမယ်။ ဒါမျိုးတွေက သိဖို့လိုအပ်တယ်။ ဪ ဒီမှာ ဒါမျိုးတွေ လာလုပ်လို့ ရပါလားဆိုတာသိမှ လာလုပ်ကြမှာပါ။ ကျွန်တော်တို့ ပြည်သူတွေ၊ လူငယ်တွေထင်တာက ဒါက ရုံးကြီးပဲကွာ ငါတို့လူငယ်တွေနဲ့ မဆိုင်ပါဘူး။ လူကြီးတွေလုပ်မယ့် အစည်းအဝေးခန်းမကြီးပါ အဲဒီလိုမျိုးကြီး သတ်မှတ်သွားနိုင်တယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ဒီ Centre ကြီးတွေမှာ ဒါမျိုးတွေ လာလုပ်လို့ရတယ်ဆိုတာ အများကြီး သိဖို့လိုတယ်။ ကျွန်တော်ဆိုရင် ဒီတာမွေထဲမှာပဲနေတာပါ။ ကျွန်တော် ဒီမှာ Gym လာကစားလို့ရတယ်။ အစ်မပြော သလို ကျွန်တော်တို့ တိုင်ပင်နေကြတာ Fun Meeting တွေ လာလုပ်လို့ ရတယ်။ အစည်းအဝေးတွေ လုပ်လို့ရတယ်။ တခြား ဆွေးနွေးတိုင်ပင်စရာတွေလည်း လုပ်လို့ရတယ်။ ပွဲတွေ၊ အခမ်း အနားတွေ ကအစ လုပ်လို့ရတယ်ဆိုတာ အကုန်လုံး သိပြီး အသုံးချမယ်ဆိုရင် ဒီ Community Centre ကြီးက အလွန်ပျော်စရာကောင်းတဲ့ Centreကြီးဖြစ်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်ခင်ဗျ။

 

ဦးဆောင်ဆွေးနွေးသူ။ ။ Community Centre ကို ဖြစ်စေချင်တဲ့ ပုံစံလေးတွေ၊ အများပြည်သူ သိဖို့လိုအပ်လာတဲ့ အကြောင်းပေါ့။ ကျွန်မတို့နိုင်ငံမှာ Community Centre ဆိုတာ ပြည်သူလူထုရဲ့နားထဲမှာ စိမ်းနေသေးတယ်။ ဒီထက်မက ပိုသိလာဖို့လိုအပ်တယ်။ ဒါကြောင့် ပြန်ကြားရေးဝန်ကြီးဌာနက ကျွန်မတို့ ဒီစကားဝိုင်းတွေကို ဖန်တီးပေးတာပါ။ ဒီ community Centre ကို ပြည်သူတွေသိရုံမက အသုံးချတတ်ဖို့လည်း လိုပါတယ်။ ကျွန်မတို့ နိုင်ငံမှာ Community Centre ၁၆ ခုပဲ ရှိပါတယ်။ လူဦးရေက ၅၄ သန်းရှိတယ်။ ကျွန်မတို့ ရန်ကုန်မြို့ကတော့ လူဦးရေ ၇ သန်းကျော် လောက်ရှိတာပေါ့။ ဒီလောက်လူဦးရေ သိပ်သည်းတဲ့နေရာမှာ Community Centre ရှိခြင်းအားဖြင့် ပြည်သူတွေအတွက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ အဲဒါက လူငယ်တွေအတွက် Community Leader လေးတွေထွက်လာဖို့ ရည်ရွယ်ပါတယ်။ ကျွန်မတို့မှာ ခန်းမရှိသလို Meeting Room လည်းရှိတယ်။ လူငယ်တွေ အစုအဖွဲ့ လေးတွေ စုဖွဲ့ပြီးတော့ ဆောင်ရွက်လို့ရတယ်။ မောင်လေးငြိမ်းချမ်းကိုကို အနေနဲ့ Community Centre ရှိခြင်းကြောင့် ကျွန်မတို့ရဲ့ ပြည်သူလူထုအတွက် ဘယ်လိုအကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်လို့ ထင်ပါသလဲ။

 

ငြိမ်းချမ်းကိုကို။ ။ ခုနက စကားပြောရင်းနဲ့ တစ်ခုစဉ်းစားမိတာကို ပြောချင်ပါတယ်ခင်ဗျာ။ အခုဆို ရင် ကျွန်တော်တို့ Community Centre ကို ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မှာ ဖွင့်လှစ်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ IT သုံးတဲ့သူတွေ၊ Social Media သုံးတဲ့သူတွေဆိုရင် Community Centre ဆိုတာကို Facebook မှာ ဒီနေရာကို ရိုက်ထည့်ပြီးရှာရင် အလွယ်တကူသိနိုင်ပြီး၊ ဘာတွေရှိသလဲဆိုတာကို ပိုပြီးတော့ ဖြန့်ကြက်ပေးထားသင့်တယ်လို့ မျှော်လင့်ပါတယ်။ အဲဒါမှ ကျွန်တော်တို့ တကယ်ဝင်လာရင် စာကြည့်ခန်းတွေ၊ စာဖတ်ခန်းတွေ ဒီဟာတွေနဲ့ ကျွန်တော်တို့ အိပ်မက်တစ်ခုက ငယ်ငယ်ကတည်းကရှိခဲ့တာ၊ နိုင်ငံတကာ ရုပ်ရှင်တွေကြည့်တဲ့အခါ သူတို့ရဲ့ စာကြည့်တိုက်မှာ စာဖတ်တယ်၊ ကိုယ်လိုချင်တဲ့ အကြောင်းအရာ၊ အချက်အလက်တွေကို ဒီစာကြည့်တိုက်လို နေရာမျိုးမှာ သွားပြီးတော့ လွယ်လွယ်ကူကူနဲ့ ရှာဖွေနိုင်ပါတယ်။

 

ဖုန်းထဲက ရှာတာထက် စာအုပ်ထဲကတာက ပိုပြီးတော့ ပြည့်စုံတယ်လို့ ထင်ပါတယ်။ ဒီလိုမျိုးရှာရင်းနဲ့ နိုင်ငံ တစ်နိုင်ငံရဲ့ GDP တွေ နည်းနည်းလည်း မြင့်သွားပြီဆိုရင် ကိုယ့်မိသားစု တစ်စုရဲ့ အသိဉာဏ်ပညာ တိုးတက်လာနိုင်ဖို့ အတွက် ဘယ်လိုမျိုးအကျိုးရှိအောင် အသုံးချနိုင်မယ်ဆိုတာ ဒီစာဖတ်ခန်းထဲ ကနေပြီးတော့ ရှာနိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီလိုမျိုး Community Centre မှာ ကိုယ့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေကို များများဖိတ်ခေါ်ပြီး အတူတူတပျော်တပါး လုပ်ဆောင်နိုင်မယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းမယ်လို့ မျှော်လင့်ပါတယ်။

 

ဦးဆောင်ဆွေးနွေးသူ ။ မောင်လေးအနေနဲ့ ဒီမှာရှိတဲ့ Community Library ကို ပြည်သူတွေအနေနဲ့ များများ အသုံးချခြင်းအားဖြင့် အသိဉာဏ်ဗဟုသုတတွေ ပြည့်ဝလာမယ်။ အသိဉာဏ်ဗဟုသုတတွေ ပြည့်ဝလာရင် Nation Building အတွက် အစိတ်အပိုင်း တစ်ခုအဖြစ် မြင်တယ်လို့ ယူဆမိပါတယ်။ ဒီမှာ Knowledge တွေ ရှာဖွေလို့ရတယ်။ ကျွန်မအနေနဲ့ သိထားတဲ့ အရာတစ်ခုက ဘာလဲဆိုတော့ ပညာရှင်တွေရဲ့ ဆန်းစစ်ချက်အရ လူဦးရေတစ်သိန်းမှာ Community Centre တစ်ခုလောက်တော့ ရှိသင့်တယ်။ အဲဒီ လူဦးရေတစ်သိန်းကို ကျွန်မတို့ Research လုပ်ကြည့်တဲ့ အခါ ရာဇဝတ်မှုတွေ ကျဆင်းလာတယ်။ ခုနကမောင်လေးပြောတာနဲ့ ဆက်စပ်ပါတယ်။

 

Library တွေ၊ Network တွေရှိတဲ့ အခါကြတော့ လူငယ်တွေ တွေ့ဆုံကြတယ်။ တစ်ယောက်ကိုတစ်ယောက် ထိန်းသွားကြတယ်။ ဒီဟာသည် ပြည်သူလူထုထဲမှာ တည်ရှိနေတဲ့ Centre ဖြစ်တဲ့အတွက်ကြောင့် အိမ်တွင်းအကြမ်း ဖက်မှုဆိုရင် လူတစ်သိန်းမှာ ၁ ဒသမ၇ရာခိုင်နှုန်းလောက် လျော့နည်း ကျဆင်းစေနိုင်ပါတယ်။ Violence ဖြစ်တဲ့ Criminal Rate တွေမှာ ၁ ရာခိုင်နှုန်း လျော့ကျသွားတာရှိတယ်။ ဒါတွေဟာ ကျွန်မတို့ Community Centre ကို အသုံးချတယ်။ ညှိနှိုင်းကြတယ်။ တွေ့ဆုံကြတယ်။ ဆွေးနွေးကြတာတွေကြောင့် ဖြစ်ပါတယ်။ ဒါကတော့ Community Centre ရှိခြင်းအားဖြင့် ပြည်သူတွေအတွက် အကျိုး ရှိလာတဲ့ အရာလေးတွေ ဖြစ်ပါတယ်။

 

ဒီဗဟန်း Community Centre မှာ နောင်ဆိုရင် ရပ်ကွက်အလိုက် club လေးတွေလည်း ရှိလာတော့မယ် ထင်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ အသက် ၁၅ နှစ်နဲ့ ၃၅ နှစ်ရှိတဲ့ လူငယ် ၃၃ ဒသမ ၈ ရာခိုင်နှုန်းရှိပါ တယ်။ အဲဒီတော့ ဒီလူငယ်တွေအနေနဲ့က ဒီ Community Club လေးတွေကို Community  Centre မှာ ဖွင့်ခြင်းအားဖြင့် ဘယ်လိုအကျိုးကျေးဇူးရှိနိုင်မလဲ။ ညီမဆိုရင်ရော ဒီလို Club လေးတွေဖွဲ့မလား။ Club လေးတွေဖွဲ့ပြီး Participate လုပ်ကြမလား။ ဒါလေးကို ညီမလေး ခင်ရတနာဦးရဲ့ အမြင်လေး သိလိုပါတယ်။

 

ခင်ရတနာဦး ။ ။ အခုဆိုရင် ကျွန်မတို့ သူငယ်ချင်းလေးယောက် ဆွေးနွေးပြီးသွားပြီ။ ကျွန်မတို့ Gym ကစားမယ်၊ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ကြမယ်။ ဒီလို club တွေ ဖွဲ့စည်းပြီး လုပ်ကြမယ်ဆိုရင် အားလုံးကတပျော်တပါးကြီး ပါလာကြမှာပဲ။ လူငယ်တွေဆိုတာကလည်း တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်းတွေ့ဆုံပြီး ပြောနေကြတာမို့လို့ တစ်ဖွဲ့တစ်စည်းတည်းလုပ်ဖြစ်ရင် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ ဘယ်လို Club မျိုး လုပ်သင့်သလဲဆိုရင် အဓိကက Computer ပညာရပ်တွေ ပိုပြီးကျွမ်းကျင်ဖို့ Computer Club တွေ ဖွဲ့စည်းမယ်ဆိုရင် လူငယ်တွေအနေနဲ့ ဒီမှာ ဝင်ရောက်ပြီး ဆွေးနွေးနိုင်မယ်။ စာကြည့်တိုက်မှာဆိုရင်လည်း ကိုယ်သိချင်တဲ့၊ ကိုယ်ဖတ်ချင်တဲ့စာအုပ်တွေကို အပြင်မှာရှာမယ့်အစား ဒီထဲမှာပဲ ငါတို့သူငယ်ချင်းတွေစုပြီးတော့ စာအုပ်တွေ ဖတ်ကြမယ်။ ငှားကြမယ်။ Library ကို အသုံးပြုတာမျိုးတွေ ဖြစ်သင့်ပါတယ်။

 

ဦးဆောင်ဆွေးနွေးသူ။ ။ လူငယ်တွေအနေနဲ့ အုပ်စုအဖွဲ့လေးတွေ စုဖွဲ့ပြီးတော့ ကိုယ့် Club အလိုက် ကိုယ့် Fun လေးတွေကို ကိုယ့်မတည်ငွေလေးတွေနဲ့ ကိုယ်အသုံးချပြီး ဒီ Community Centre ကြီး ရေရှည်ခိုင်မြဲဖို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်လို့ရတဲ့ ကိစ္စလေးတွေလည်း ပေါ်ပေါက်လာတာပေါ့။ အဲဒါကတော့ ကျွန်မအနေနဲ့ လူငယ် Club တွေအကြောင်း ပြောသွားတာပါ။ လူငယ်တွေအပြင် Community Centre မှာ ကလေးစာဖတ်ခန်းလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

 

အဲဒီလိုမျိုးပဲ အသက် ၆၀ ကျော်သွားတဲ့ လူကြီးတွေလည်း ရှိတယ်။ သားသမီးတွေ အလုပ်သွားကြတဲ့ နေ့လယ်ခင်း ဘက်မှာ အားနေကြတဲ့အတွက် ရပ်ရေးရွာရေးကို ပိုစိတ်ဝင်စားလာကြတယ်။ ရပ်ရေးရွာရေးမှာ ပိုပြီးအချိန်ပေး လာနိုင်တဲ့ လူကြီးတွေရှိတယ်။ ညီမလေးအနေနဲ့ ဒီရပ်ရေးရွာရေးမှာ အမြဲတမ်းတက်ကြွပြီး ပါဝင်နေကြတဲ့ ဒီလူကြီးတွေကို ညီမလေးပြောသလိုပဲ club လေးတွေဖွဲ့ပြီးတော့ ဒီ Community Centre မှာ အသုံးချနိုင် ခဲ့မယ်ဆိုရင် သာရေး နာရေးကိစ္စတွေ၊ ရပ်ရွာဒေသမှာ ဖြစ်ပေါ်နေတဲ့ မြောင်းတွေပိတ်နေတာတို့၊ အမှိုက်တွေ ပုံနေတာတို့ ဒါမျိုးဆိုရင် အစိုးရနဲ့ ပြည်သူနဲ့ ထိစပ်နိုင်ဖို့ဆောင်ရွက်ပေးနိုင်တဲ့အတွက် အကျိုးကျေးဇူးတွေ အများကြီးရှိတာပေါ့။ အဲဒီတော့ ညီမအနေနဲ့ ညီမရဲ့ အဖေ အမေတွေ ဒီ community Centre ကို ဘယ်လိုများ အသုံးချလာမလဲ။ အသုံးချအောင် ဘယ်လိုလုပ်မလဲ။ လူကြီးတွေအနေနဲ့ ဒီ Community Centre ရှိခြင်းအားဖြင့် ဘယ်လို အကျိုးကျေးဇူးတွေ ရှိလာနိုင်တယ်လို့ ညီမလေး ဝိုင်းရွှေရည်အနေနဲ့ ထင်ပါသလဲ။

 

ဝိုင်းရွှေရည် ။ ။ ညီမအနေနဲ့တော့ အလုပ်သွားတယ်။ ရှုတင်တွေ သွားတယ်။ သွားစရာရှိတာတွေ သွားတယ်။ အဲဒီ အချိန်မှာ အဖေတို့ အမေတို့က ရုပ်ရှင်ကြည့်ချင်ကြည့်၊ စကားပြောချင်ပြော၊ အိမ်မှာရှိတဲ့ စာအုပ်တွေ ဖတ်ချင်ဖတ် ဆိုတာမျိုးတွေ ရှိတယ်။ အပြင်တွေဘာတွေ သွားလေ့သွားထမရှိဘူး။ တစ်ခါတစ်ရံမှ သူငယ်ချင်းတွေနဲ့ တွေ့တဲ့ အခါမျိုးတော့ ရှိတယ်။ အိမ်ထဲမှာပဲ နေတာများတယ်ပေါ့။ ညီမတို့ လူငယ်တွေကလည်း အခုချိန်မှာ ကိုယ့်အလုပ်နဲ့ ကိုယ်သွားနေကြတာဖြစ်တဲ့အတွက် လိုက်မပို့ပေးနိုင်ဘူး။ အဓိကအား ဖြင့် တစ်ပတ်တစ်ခါလောက်၊ တစ်လတစ်ခါ လောက်ပဲ ပို့ပေးနိုင်တာများတယ်။

 

ဘာပဲဖြစ်ဖြစ် အခုလို Community Centre ရှိလာတဲ့အခါကျတော့ အိမ်ရောက်ရင် ညီမအဖေတို့ အမေတို့ကို ပြောပြလို့ရပြီ။ သမီးသွားခဲ့တဲ့ ဒီ Community Centre မှာ ဘာတွေရှိတယ်။ လူကြီးတွေ၊ Club တွေနဲ့ မေမေတို့ သူငယ်ချင်းတွေနဲ့ ဆက်သွယ်ရင် ဘယ်လို ဆက်သွယ်လို့ရမယ်။ သူငယ်ချင်း တွေနဲ့ ဝေးဝေးလံလံ သွားဆွေးနွေးစရာ မလိုတော့ဘူး။ ရှိတာက ဒီ ဗဟန်းမှာပဲ ဆိုတော့ နီးနီးနားနားလည်း ဖြစ်တယ်။ အေးအေးဆေးဆေးလည်းရှိတယ်။ သူငယ်ချင်းတွေ အချင်းချင်း ဒီမှာဆွေးနွေးလို့ရပြီဆိုတာ ပြောပြလို့ရတယ်။ အစ်မပြောလိုက်တဲ့ အခါကျတော့ ညီမစဉ်းစားမိလိုက်တယ်။

 

- ငါ့အဖေနဲ့ ငါ့အမေက အိမ်မှာ ဒီအတိုင်းကြီး ပျင်းနေမှာပဲလို့၊ သူတို့ကိုယ်သူတို့ ဘာဗဟုသုတမှ ရှာဖွေလို့မရတော့ဘူးလို့ ထင်နေတာ။ သူငယ်ချင်းတွေနဲ့ တစ်ပတ်တစ်ကြိမ်လောက်တွေ့မှ သွားရတယ်။ ဒီမှာ အမေတို့လိုမျိုး လူကြီးတွေလည်း လာကြမှာ။ ကလေးတွေလည်း လာကြမှာဖြစ်လို့ မိတ်ဆွေအသစ်တွေလည်း တိုးမှာဆိုတော့ အိမ်ပြန်ရောက်တာနဲ့ အဖေနဲ့အမေတို့ကို ဒီမှာတွေ့ကြုံခဲ့ရတာတ ွေပြောပြမယ်။ Sharing လုပ်ပေးမယ်။ ညီမကတော့ အဲဒီလိုမျိုး ယုံကြည်ပါတယ်။

(ဆက်လက်ဖော်ပြပါမည်)