လူသားအကျိုးပြု ဂေဟစနစ်ပျိုးထောင်

၁၀ စက်တင်ဘာ

 

ဂေဟစနစ်ဟူသည် သက်ရှိသက်မဲ့အရာအားလုံး ရှင်သန်ဖွံ့ဖြိုးပြီး လူမှုလောကဝန်းကျင်အား အကျိုးပြုသည့် ရပ်ဝန်းတစ်ခုကို စနစ်တကျ ထိန်းသိမ်းထူထောင်ခြင်းဖြစ်ပါသည်။ ဂေဟစနစ်ကို ကောင်းမွန်စွာတည် ဆောက်ထားနိုင်ခြင်းသည် သက်ရှိသတ္တဝါအားလုံး၏ အကျိုးစီးပွားကို ဖြစ်ထွန်းစေသည်။ သဘာဝ ပတ်ဝန်းကျင်ကို မပျက်စီးအောင်ထိန်းသိမ်းထားနိုင်သည်။

 

ဂေဟစနစ်သည် သက်ရှိသတ္တဝါများနှင့်လူသားများ ရှင်သန်ရပ်တည်နိုင်ရေးအတွက် ကြီးမားသော အခန်းကဏ္ဍမှ ဖြည့်ဆည်းပေးလျက်ရှိသည်။ မျက်မှောက်ကာလတွင် လူသားများအား ကြီးမားစွာခြိမ်းခြောက် လျက်ရှိသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတို့သည် ဂေဟစနစ်ပျက်ယွင်းမှုကြောင့် ပေါ်ပေါက်လာသော အကျိုးဆက်များဖြစ်သည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်း၌ ရေကြီးရေလျှံ၊ မုန်တိုင်းထန်သောစသည့် သဘာဝဘေးဆိုးများ တစ်ခုပြီးတစ်ခုဖြစ်ပေါ်နေသည်။ လူမှုဘဝပတ်ဝန်းကျင်နှင့် အသက်စည်းစိမ်ဥစ္စာများ ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံကြရသည်။ မိုးကြီးရေလျှံ၊ မုန်တိုင်းထန်သည့် သဘာဝဘေးပြီးလျှင်လည်း ပူပြင်းခြောက်သွေ့သည့် ဘေးဒဏ်များကို ပြည်သူများ ကြုံကြရဦးမည်ဖြစ်သည်။

 

ဤကဲ့သို့သော ဘေးဒုက္ခအမျိုးမျိုးကို ကျော်လွှားနိုင်ရန်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လုပ်ငန်းများကို ကမ္ဘာပေါ်ရှိလူသားများအားလုံး ဝိုင်းဝန်းလက်တွဲ ထိန်းသိမ်းစောင့်ရှောက်ကြရန်အလျင်အမြန် လိုအပ်လာပြီဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဖြစ်သည့် ဂေဟစနစ်ထူထောင်ရေးကို မိမိတို့ တတ်နိုင်သည့်ဘက်မှ ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပြီ။ သစ်ပင်များစိုက်ပျိုးခြင်း၊ ထိန်းသိမ်းခြင်း၊ သဘာဝ တိရစ္ဆာန်များအား ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် ဂေဟစနစ်ကို ထူထောင်ခြင်းဖြစ်သည်။မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်၊ တောတောင်၊ သဘာဝပတ်ဝန်းကျင်ဂေဟစနစ်များကို ထူထောင်ကြရမည် ဖြစ်သည်။

 

သဘာဝပတ်ဝန်းကျင်ပျက်စီးလျှင် ထိုပတ်ဝန်းကျင်ကို မှီခိုရှင်သန်နေသော သတ္တဝါများ တစ်စတစ်စ ပျက်စီးကြရသည်။ သဘာဝပတ်ဝန်းကျင်ပျက်စီးလျှင် သဘာဝတိရစ္ဆာန်များ တိမ်ကောသွားပြီး လူအများလည်း သဘာဝဘေးအမျိုးမျိုးနှင့် ကြုံတွေ့ကြရသည်။ သဘာဝပတ်ဝန်းကျင်နှင့် သဘာဝတောရိုင်းတိရစ္ဆာန်များမှာ တစ်ခုနှင့်တစ်ခု အပြန်အလှန်အမှီသဟဲပြုနေပြီး အပြန်အလှန်အကျိုးပြုလျက်ရှိသည်။ ယင်းကိုပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ဂေဟစနစ်ထူထောင်ရေးတွင် ပါဝင်လာအောင် အသိပညာပေးစည်းရုံးပြီး လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 

ဩစတြေးလျနိုင်ငံရှိ ဂေဟစနစ် ထူထောင်ရေးမှာ အတုယူဖွယ်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး စေတနာ့ဝန်ထမ်းတို့က နည်းပေးလမ်းပြ ပြုလုပ်ပေးကြသည်။ တန်ဖိုးမများ၊ ဝန်မကျယ်သော သဘာဝတိရစ္ဆာန်အသိုက်အမြုံ တစ်ခုစီကို စေတနာ့ဝန်ထမ်း လေးဦးခန့်ဖြင့် နယ်မြေတစ်ခုအတွင်း ဖန်တီးပေးခဲ့ရာ များမကြာမီတွင် သဘာဝတိရစ္ဆာန်ငယ်များ မှီခိုနေထိုင်လာကြသည်။ သက်ဆိုင်ရာတို့ကမူ ထိုဧရိယာကို သဘာဝဘေးမဲ့တောအဖြစ် သတ်မှတ်ပေးခဲ့သည်။ ဆယ်စုနှစ်တစ်ခု ကျော်ကာလတွင် ထိုဒေသတွင် ကောင်းမွန်သောဂေဟစနစ်ကို ထူထောင်နိုင်ခဲ့သည်။ သတ္တဝါများ ရှင်သန်မှီခိုနေထိုင်ခြင်းသည် ဂေဟစနစ်ကို ထူထောင်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းခြင်းဖြစ်၍ ရာသီဥတုပြောင်းလဲမှုကို ရင်ဆိုင် ကျော်လွှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် သဘာဝတောရိုင်းတိရစ္ဆာန်များ မပျက်စီးအောင်ဝိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ဂေဟစနစ်ထိန်းသိမ်းစောင့်ရှောက်ရေးတွင် အဓိကကျသည့် သဘာဝတောရိုင်း တိရစ္ဆာန်များကို သတ်ဖြတ်ခြင်းမှ ကာကွယ်ခြင်း၊ သဘာဝတောရိုင်းတိရစ္ဆာန်များ ရှင်သန်နေထိုင်နိုင်ရန် ဝိုင်းဝန်းလက်တွဲ ကူညီဆောင်ရွက်ပေးခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ သဘာဝ ပတ်ဝန်းကျင် မပျက်စီးရေး၊ မဖျက်ဆီးရေးကိုဆောင်ရွက်ခြင်းဖြင့် လောကလူသားများကောင်းကျိုးအား အကျိုးရလဒ်ကြီးမားစွာဖြင့် ဆောင်ကြဉ်းပေးနိုင်သည်ကို ပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေး စည်းရုံးလှုံ့ဆော်ခြင်းများ ပိုမိုတိုးချဲ့ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။ ။(ကြေးမုံ)