မျောက်ညိုအမြီးဘာကြောင့်တို
“အဆွေတော်ကိုကျားကြီး ဘာကြောင့်များ ထိတ်လန့်တကြား ပြေးလွှားနေရပါသလဲ”
“မျောက်ညိုရေ ကျွန်ုပ်ခိုအောင်းရာ ဂူထဲမှာ ကျားသားစားသတ္တဝါတွေရောက်နေလို့ အသက်ဘေးက မနည်း လွတ်အောင်ပြေးလာရတာ”
မျောက်ညိုရဲ့ အမေးစကားကို ကိုကျားကြီးက အမောတကောနဲ့ပြန်ဖြေရှာတယ်။ ကိုကျားကြီးရဲ့ စကားကိုနားစွင့်ရင်း မျောက်ညိုကစဉ်းစားကာ ဖြည်းဖြည်းချင်းပြန်ပြောတယ်။
“ဖြစ်မှဖြစ်ရလေ အဆွေတော် ကိုကျားကြီးရယ်၊ သင့်ရဲ့ဂူထဲကိုရောက်နေတာဟာ ကျားသားစားသတ္တဝါတွေ မဟုတ်ပါဘူး။ မြေခွေးမောင်နှံတို့သာ သင့်ရဲ့ဂူအတွင်းကို ဝင်သွားတာ ကျုပ် ကိုယ်တိုင်မြင်လိုက်ရတာပါ”
မျောက်ညိုရဲ့ စကားကိုကြားတဲ့အခါ ကိုကျားကြီးကကြောင်အမ်းအမ်းဖြစ်နေပြီး ထိတ်လန့်မှုကတော့ လျော့မသွားသေးဘူးပေါ့ကွယ်။
“မကြောက်ပါနဲ့ ကိုကျားကြီးရာ၊ သင့်ကို ကျုပ်ကိုယ်တိုင် လိုက်ပို့ပေးမှာပါ”
မျောက်ညိုက ပြောပြောဆိုဆို ကိုကျားကြီးကို သူ့ရဲ့ဂူရှိရာသို့ ပြန်လည်ခေါ်ဆောင်လာတော့တာပေါ့။ ကိုကျားကြီးကတော့ မျောက်ညိုနဲ့အတူလျှောက်လာနေရပေမယ့် သူ့ရဲ့ဂူဝအနီးမှာ ကြုံခဲ့ရတဲ့ဖြစ်စဉ်ကို ပြန်တွေးမိနေလေရဲ့။
ရှေးသရောအချိန်ကပေါ့ကွယ်။
မြေခွေးမောင်နှံတို့ဟာ မြေခွေးမမွေးဖွားဖို့ အချိန်ကျရောက်လာလို့ နေရာရှာကြရင်း ဂူတစ်ခုအတွင်း ဝင်ရောက်ကာ မီးဖွားလိုက်ရတာပေါ့။ အဲဒီဂူဟာ ကိုကျားကြီးရဲ့ဂူဆိုတာသိရတဲ့အခါ မြေခွေးမောင်နှံဟာ အတော်ကိုကြောက်လန့်နေပြီး ကိုကျားကြီးပြန်လာတဲ့အခါ ရင်ဆိုင်ဖို့အတွက် မြေခွေးဖိုက အကြံထုတ်နေလေတယ်။
“ရှင်မရေ... ကျုပ်ကတော့ ဂူဝအနားကနေ ကိုကျားကြီးပြန်အလာကိုစောင့်နေမယ်။ ကိုကျားကြီးလာတာနဲ့ ကျုပ်အချက်ပေးလိုက်တဲ့အခါ မြေခွေးငယ်လေးတွေကို ငိုကြွေးအောင်လုပ်ပေတော့။ ကလေးတွေဘာလို့ ငိုနေကြတာလဲလို့ ကျုပ်လှမ်းမေးလိုက်ရင် ကလေးတွေက ကျားသားစားချင်လို့ ငိုနေကြတာပါလို့ အသံကျယ်ကျယ်နဲ့ ပြန်ဖြေလိုက်ပေါ့”
မြေခွေးဖိုက ရရှိတဲ့အကြံကို မြေခွေးမ ကိုပြောကြားထားကာ ဂူဝကနေ ကိုကျားကြီး ပြန်အလာကို စောင့်နေလေတယ်။
မကြာခင်မှာပဲ ကိုကျားကြီးပြန်လာတာကို တွေ့လိုက်ရတဲ့မြေခွေးဖိုက ကြိုတင်စီမံထားတဲ့အတိုင်း ပြုလုပ်လေရာ ကိုကျားကြီးက ကျားသားစားသတ္တဝါတွေ သူ့ရဲ့ဂူအတွင်းမှာ ရောက်နေပြီအထင်နဲ့ ထိတ်လန့်တကြားပြေးမိပြေးရာ ပြေးတော့သတဲ့ကွယ်။
“ကဲကဲ ကိုကျားကြီးရဲ့ ဂူကိုရောက်ခါ နီးပြီနော်”
မျောက်ညိုရဲ့ သတိပေးသံကိုကြားလိုက်ရတော့မှ ကိုကျားကြီးဟာ ပိုပြီး ထိတ်လန့်လာတော့တယ်။
“အဆွေတော်ကိုကျားကြီး သင်ကြောက်နေရင် သင့်ရဲ့အမြီးနဲ့ ကျုပ်ရဲ့ အမြီးကိုပူးချည်ပြီး အတူတကွ ဂူအတွင်းကို ဝင်ကြတာပေါ့”
မျောက်ညိုရဲ့ အားပေးစကားကို ကိုကျားကြီးက သဘောတူကာ အမြီးတို့ကို ခိုင်မြဲအောင်ပူးပြီး ချည်နှောင်လိုက်တယ်။ ပြီးမှ ဖြည်းဖြည်းချင်းဂူအနီးကို တိုးကပ်လာတာပေါ့ကွယ်။
ကိုကျားကြီးနဲ့မျောက်ညိုတို့ အတူတကွလာနေတာကို မြင်လိုက်ရလို့ အကြံဉာဏ်ကောင်းတဲ့ မြေခွေးဖိုက မျောက်ညိုကို လှမ်းပြောလိုက်တယ်။
“အို .. အဆွေတော်မျောက်ညိုရေ၊ ကျေးဇူးတင်လိုက်တာဗျာ။ ကိုကျားကြီးကို အမိဖမ်းပြီး ကျုပ်ဆီကို ခေါ်လာပေးတဲ့အတွက်ပေါ့။ ကျုပ်ရဲ့သားငယ်လေးတွေကလည်း ကျားသားမစားရကောင်းလားဆိုပြီး ငိုနေကြတာ ချော့လို့ကိုမရ နိုင်အောင်ပါပဲဗျာ။ ခုတော့ ... အဆင်သင့်လိုက်တာ၊ ကျေးဇူးအထူးတင်ပါတယ် မျောက်ညိုရေ”
မြေခွေးဖို လှမ်းပြောလိုက်တဲ့အသံကို ကြားလိုက်ရတဲ့အတွက် ကိုကျားကြီးဟာ အကြောက်လွန်ပြီး အားကုန်ရုန်းကာ ထွက်ပြေးတော့တာပေါ့။
ကိုကျားကြီးရဲ့ အမြီးနဲ့ခိုင်မြဲအောင် ချည်နှောင်ထားတဲ့ မျောက်ညိုရဲ့အမြီးဟာ အပိုင်းပိုင်းပြတ်ကာ ကိုကျားကြီး ထွက်ပြေးရာနောက်သို့ ပါသွားပါလေရော။
အဲဒီအချိန်ကစပြီး မျောက်ညိုတွေရဲ့ အမြီးဟာ တိုနေရတော့တာပေါ့ကွယ်။ ။
မင်းသက်တင်