လူငယ်တိုင်းအတွက် ဘဝအာမခံချက်ပေးမည့် သက်မွေးပညာသင်ကျောင်းများ နိုင်ငံအနှံ့ပျံ့စေချင်

Dr.အောင်အောင်မင်း- ပါမောက္ခချုပ် (ငြိမ်း)

သက်မွေးပညာရပ်နှင့်ပတ်သက်ရင် ၁၉၆၆ ခုနှစ်လောက်က စာရေးသူ မင်းဘူးအစိုးရအထက်တန်းကျောင်းမှာ အဋ္ဌမတန်းတက်စဉ် လက်တွေ့ချိန်တွေမှာ သင်ယူခဲ့ရတာကို မှတ်မိနေပါတယ်။

စက်မှု၊ လက်မှုဘာသာရပ်ပြတဲ့ ဆရာဦးတိုးက ကျွန်တော်တို့ယောက်ျားလေးတွေကို လွှဖြတ်စက်သုံးနည်း၊ ရွေပေါ်ထိုးနည်း၊ သစ်သားစရွေး ဆက်နည်း၊ တွင်ခုံလုပ်ငန်းနဲ့ အိမ်အသုံးအဆောင်၊ ပရိဘောဂလုပ်နည်းတွေကို လက်တွေ့သင်ကြားပေး ပါတယ်။ မိန်းကလေးအုပ်စုကိုတော့ အိမ်တွင်းမှုဘာသာ ပြတဲ့ ဆရာမက စက်ချုပ်၊ လက်ချုပ်၊ ဇာထိုး၊ ပန်းထိုးနဲ့ ပန်း အလှပြင်နည်းတွေကိုလက်တွေ့ချိန်မှာ သင်ပြပေးတာပါ။ ဒီလိုလက်တွေ့ချိန်တွေမှာ အခြေခံသက်မွေးပညာတွေ သင်ပေးခြင်းဟာ ကျောင်းသား ကျောင်းသူတွေရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင်မှုအဆင့်မြင့်လာပြီး သူတို့မိသားစုများကို လက်တွေ့အကျိုးပြုစေနိုင်ပါတယ်။

ဒါကြောင့် အထက်တန်း ကျောင်းတွေမှာ ပုံမှန်သင်တဲ့ဘာသာရပ်များအပြင် အခြေခံသက်မွေးပညာရပ်တွေကို လက်တွေ့ချိန်သတ်မှတ် ပြီး ပြန်လည်သင်ကြားပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော့်ရဲ့ကျောင်းနေဖက်သူငယ်ချင်းတချို့က အတန်းအောင်ပြီးကျောင်းဆက်နေ့ဖို့ အခက်အခဲရှိတော့ ထောက်ပံ့ကြေးရတဲ့ စက်မှုလက်မှု အထက်တန်းကျောင်းကိုပြောင်းတက်ခဲ့ကြတယ်။

အဲဒီအထက်တန်းကျောင်းတွေမှာ အဆောင်နေခွင့်ရပြီး လစဉ်ပညာသင်ထောက်ပံ့ကြေးလည်း ရကြပါတယ်။ အခြေခံသက်မွေးပညာရပ်တွေကို စာတွေ့လက်တွေ့သင်ကြားပေးတယ်။ အခြေခံ ဘာသာရပ်နဲ့ စက်မှုလက်တွေ့ဘာသာတွေကို နှစ်နှစ် ခြောက်လကြာသင်ပေးပြီး လုပ်ငန်းခွင်ဝင်စေပါတယ်။ ပထမနှစ်နှစ်မှာ စာတွေ့ ၆၀ ရာခိုင်နှုန်းနဲ့ လက်တွေ့ ၄၀ ရာခိုင်နှုန်းသင်ကြားတဲ့ စနစ်ပါ။ ကျောင်းပြီးတာနဲ့ နိုင်ငံရဲ့ စက်ရုံနဲ့အလုပ်ရုံတွေမှာ ကျွမ်းကျင်လုပ်သားတွေအဖြစ် အင်အားဖြည့်တင်းပေးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အဲဒီခေတ်က တက္ကသိုလ်ဝင်တန်း (ခ) အဆင့်နဲ့အောင်ရင် စက်မှုလက်မှုသိပ္ပံနဲ့ စိုက်ပျိုးရေးသိပ္ပံတွေကို တိုက်ရိုက် တက်ခွင့်ရကြပါတယ်။ ကျွန်တော်နဲ့အတူ ၁၉၆၈ ခုနှစ်မှာ ၁၀ တန်းအတူတက်ရင်း (ခ) အဆင့်နဲ့ အောင်တဲ့သူငယ်ချင်း နှစ်ယောက်ဟာ စက်မှုလက်မှုသိပ္ပံ (အင်းစိန် G.T.I) တက်ခွင့်ရသွားကြတယ်။ ကျောင်းပြီးလို့ ဒီပလိုမာရပြီးတာ နဲ့ စက်မှုနဲ့မြို့ပြအငယ်တန်းအင်ဂျင်နီယာတွေ ဖြစ်သွား ကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ရုက္ခဗေဒအဓိကနဲ့ ဘွဲ့ရပြီး တစ်ရာ့ကိုး၊ တစ်ရာ့တစ်ဆယ် အလုပ်လက်မဲ့ဘဝ ယောင်လည်လည်ဖြစ်နေရဆဲပါ။
(၂)

ဖွံ့ဖြိုးပြီး စက်မှုနိုင်ငံကြီးတွေမှာဆိုရင် နိုင်ငံအတွက် လိုအပ်တဲ့ ကျွမ်းကျင်လုပ်သားတွေ ပြုစုပျိုးထောင်ပေးဖို့ သက်မွေးပညာသင်တန်းတွေ၊ သက်မွေးပညာကောလိပ်နဲ့ တက္ကသိုလ်တွေကို နိုင်ငံတစ်ဝန်းမှာ ဖွင့်လှစ်ပေးထားတာပါ။ နမူနာပြရရင် အမေရိကန်ပြည်ထောင်စုမှာ သက်မွေးပညာရေး ကို ဖက်ဒရယ်အဆင့်မှာ ပညာရေးဌာနနဲ့ အလုပ်သမားဌာန တို့က ကြီးကြပ်ပါတယ်။ ပညာရေးဌာနအောက်မှာ သက်မွေး ပညာသင်ကျောင်းတွေ၊ နည်းပညာနဲ့ သက်ကြီးပညာရေး ကျောင်းတွေရှိပါတယ်။ အလုပ်သမားဌာနကလည်း လူငယ် တွေကို လုပ်ငန်းခွင်ဝင်ရောက်နိုင်ဖို့နဲ့ လုပ်ငန်းကျွမ်းကျင်မှုရှိဖို့ လေ့ကျင့်သင်ကြားပေးခြင်းကို ဦးတည်ဆောင်ရွက်ပေး ပါတယ်။ ကြီးကြပ်သင်တန်းတွေကိုလည်း နည်းပညာ အထက် တန်းကျောင်းတွေ၊ ဒေသကောလိပ်တွေနဲ့ လုပ်ငန်းခွင်တွေမှာ ဖွင့်လှစ်ပေးထားတာပါ။

ဥပမာအားဖြင့် သက်မွေးပညာသင်တန်းတွေထဲမှာ စားသုံးသူနှင့် အိမ်ထောင်မှုဆိုင်ရာ သက်မွေးသင်တန်းတွေ ဖွင့်လှစ်ပေးထားပါတယ်။ သင်တန်းအမျိုးအစားအချို့ကို ဖော်ပြရရင် (၁) မိသားစုစီးပွားရေးနှင့် အိမ်ထောင်စု စီမံခန့်ခွဲရေးသင်တန်း၊ (၂) မိသားစုဆက်ဆံရေးနှင့် ကလေး သူငယ် ဖွံ့ဖြိုးရေးသင်တန်း၊ (၃) အထည်အလိပ်နှင့် အဝတ် အထည်ဆိုင်ရာသင်တန်း၊ (၄) အစားအစာနှင့် အာဟာရ သင်တန်း၊ (၅) အိမ်ရာပရိဘောဂနှင့် ကိရိယာတန်ဆာပလာ စတဲ့ သင်တန်းတွေကို စာတွေ့လက်တွေ့သင်ကြားပေးတာပါ။ ဒီလိုသက်မွေးပညာသင်တန်းမျိုးတွေက လူငယ်တွေသူတို့ရဲ့ မိသားစုတွေကို လက်တွေ့ကူညီပံ့ပိုးပေးနိုင်သူတွေ ဖြစ်လာအောင်ရည်ရွယ်ပြီး ပြုစုပျိုးထောင်ပေးတာဖြစ်ပါ တယ်။ ဒီလူငယ်တွေ ကြီးပြင်းလာရင်လည်း သူတို့သင်ယူခဲ့တဲ့ သက်မွေးပညာရပ်တွေက သူတို့ဘဝကို များစွာအထောက် အကူပြုနိုင်မှာပါ။

အမေရိကန် အစိုးရအထက်တန်းကျောင်းတွေမှာ ကျောင်းသားအများစု စိတ်ဝင်စားတဲ့ သက်မွေးပညာသင်တန်း တွေက စီးပွားရေးဆိုင်ရာသင်တန်းမျိုးစုံ ဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်ရေးနှင့် စက်မှုလက်မှုသင်တန်းတွေ၊ ကွန်ပျူတာ သင်တန်း၊ နည်းပညာနဲ့ ဆက်သွယ်ရေးသင်တန်းတွေကိုလည်း စိတ်ဝင်စားမှုများပါတယ်။ ခေတ်ကာလတောင်းဆိုမှုအရ ကျွန်တော်တို့ နိုင်ငံမှာလည်း စီးပွားရေးဆိုင်ရာ ကွန်ပျူတာနဲ့ ဘာသာစကားဆိုင်ရာ၊ နည်းပညာဆိုင်ရာသင်တန်းတွေ အပြိုင်အဆိုင်ဖွင့်လာကြတယ်။ ဒီကျောင်းတွေက သက်မွေး ပညာရပ်တိုင်းကို လူငယ်တွေကျွမ်းကျင်ပိုင်နိုင်အောင်၊ အလုပ် အကိုင်ရရှိအောင် အမှန်တကယ်သင်ကြားပေးရဲ့လားဆိုတာ မေးခွန်းထုတ်စရာပါ။ လူငယ်တွေကလည်း ဒီလိုသင်တန်းတွေ ကို ငွေကုန်ကြေးကျခံပြီး အပြိုင်အဆိုင်တက်ကာ certificate တွေ ရကြပေမယ့် ပညာရပ်မှာ ကျွမ်းကျင်ထက်မြက်မှုမရှိကြ တော့ အလုပ်လျှောက်တဲ့အခါ ကိုယ့်ရဲ့ စွမ်းရည်နဲ့ ကျွမ်းကျင် မှုကို မပြနိုင်ကြပါဘူး။ ဘွဲ့၊ ဒီပလိုမာလက်မှတ်တွေထက် အရေးကြီးတဲ့ ကျွမ်းကျင်ထက်မြက်မှုမရှိရင် အလုပ်တစ်ခုရဖို့ ခဲယဉ်းတဲ့ ခေတ်ပါ။
(၃)
ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံတွေမှာ သင်ကြားပို့ချပေးတဲ့ သက်မွေးပညာသင်တန်း အမျိုးအစားတွေဟာ ကျွန်တော်တို့ နိုင်ငံမှာ သင်ကြားပေးနေတဲ့ သင်တန်းတွေနဲ့အတူတူပါပဲ။ ဇီဝနည်းပညာ၊ ဓာတုနည်းပညာစတဲ့ အဆင့်မြင့်သင်တန်း တွေက ခြွင်းချက်ပါ။ အရေးကြီးတဲ့အချက်က ကျွန်တော်တို့ နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာရှိကြတဲ့ စက်ရုံ၊ အလုပ်ရုံနဲ့ ကုမ္ပဏီတွေ၊ စီမံကိန်းလုပ်ငန်းတွေမှာ လိုအပ်နေတဲ့ လုပ်ငန်းအမျိုးအစားအလိုက် ကျွမ်းကျင်လူငယ်လုပ်သားတွေ မွေးထုတ်ပေးနိုင်မယ့် သက်မွေးပညာသင်ကျောင်းနဲ့ နည်းပညာကောလိပ်တွေကို နိုင်ငံတစ်ဝန်း တိုးချဲ့ဖွင့်လှစ်ပေးဖို့ လိုအပ်နေပါပြီ။ ဥပမာအားဖြင့် စက်မှုလက်မှုသင်တန်းကျောင်း များ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသင်တန်းကျောင်းများ၊ အိမ်တွင်းမှုသင်တန်းကျောင်းများ၊ သူနာပြုနှင့် သားဖွား သင်တန်းကျောင်းများ၊ အချက်အပြုတ်ဆိုင်ရာသင်တန်း ကျောင်းများ၊ ဘာသာစကားကျွမ်းကျင်မှုသင်တန်းကျောင်းနဲ့ ဟိုတယ်နှင့် ခရီးသွားလာရေးသင်တန်းကျောင်းတွေ တိုးချဲ့ ဖွင့်လှစ်ပေးသင့်ပါတယ်။

အမေရိကန်နိုင်ငံလို ဖွံ့ဖြိုးပြီးစက်မှုနိုင်ငံကြီးတွေမှာ လည်း ပညာချို့တဲ့ပြီး နွမ်းပါးတဲ့လူငယ်တွေ၊ အလုပ်လက်မဲ့ လူတန်းစားတွေ အများကြီးရှိပါတယ်။ ဒီလိုလူငယ်လူရွယ်တွေ အတွက် အမေရိကန်အလုပ်သမားဌာနကဦးစီးပြီး ဖွင့်လှစ် သင်ကြားပေးတဲ့ “Job Corps” ဟာ ထင်ရှားတဲ့ သက် မွေးဝမ်းကျောင်းအစီအစဉ် တစ်ခုပါပဲ။ ဒီသက်မွေးသင်တန်း အစီအစဉ်မှာ အသက် ၁၆ နှစ်မှ ၂၄ နှစ်အတွင်း ဆင်းရဲနွမ်းပါးတဲ့ လူငယ်တွေကို အတန်းပညာနဲ့ သက်မွေးပညာရပ်တွေ အခမဲ့ ဖွင့်လှစ်သင်ကြားပေးတယ်။ အထူးသဖြင့် မိသားစုဝင်ငွေနည်း ပါးပြီး အထက်တန်းကျောင်းမပြီးသေးတဲ့ အလုပ်လက်မဲ့ လူငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ပေးတာပါ။ Job Corps မှာ ပို့ချပေးတဲ့ အဓိကသင်တန်း ၁၀ မျိုးကို ဖော်ပြရရင် (၁) စက်မှုလုပ်ငန်း၊ (၂)စက်ပြင်လုပ်ငန်း၊ (၃) ဆောက်လုပ်ရေး လုပ်ငန်း၊ (၄) ငွေကြေးနှင့် စီးပွားရေး၊ (၅) ကျန်းမာရေး၊ (၆) နိုင်ငံတော်လုံခြုံရေး၊ (၇) ဟိုတယ်နှင့် စားဖိုမှူးသင်တန်း၊ (၈) သတင်းနှင့် ပြန်ကြားရေးနည်းပညာသင်တန်း၊ (၉) စွမ်းအင်နှင့် သယံဇာတစွမ်းအင်များ၊ (၁၀)လက်လီရောင်း ဝယ်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းစတဲ့ သင်တန်းများဖြစ်ကြပါ တယ်။ ဒီသက်မွေးသင်တန်းတွေတက်ရောက်တဲ့ လူငယ် အားလုံးရဲ့ နေရေး၊ စားရေး၊ ကျန်းမာရေးပါမကျန် ‘Job Crops' က အခမဲ့ စီစဉ်ဆောင်ရွက်ပေးပါတယ်။

ကျွန်တော်တို့ နိုင်ငံမှာ လည်း အထက်တန်းပြီးအောင်မသင်နိုင်တဲ့ မိသားစုနွမ်းပါး သော ကျေးလက်နှင့် ပြည်နယ်ဒေသက တိုင်းရင်းသားလူငယ် တွေ၊ မသန်စွမ်းလူငယ်တွေကိုလည်း နေရေး၊ စားရေး၊ ကျန်းမာ ရေး အပါအဝင် အားလုံးအခမဲ့သင်ကြားပေးနိုင်တဲ့ သက်မွေး ပညာကျောင်းတွေကို နိုင်ငံတော်က ဦးစားပေးပြီး မဖွံ့ဖြိုးတဲ့ ဒေသတွေမှာ ဖွင့်လှစ်ပေးရမှာပါ။ သို့မှသာ လူငယ်တွေလည်း ပညာပြည့်ဝ အလုပ်အကိုင်လည်းရပြီး သူတို့မိသားစုတွေရဲ့ လူနေမှုအဆင့်မြင့်လာမှာ ဖြစ်ပါတယ်။ ထိုမျှမကဘဲ ပြည်ပ ထွက်ခွာပြီး ရရာအလုပ်ရှာလုပ်နေကြတဲ့ လူငယ်ဦးရေ လျော့သွားပြီး နိုင်ငံတော်အတွက် စွမ်းရည်ထက်မြက်တဲ့ လူသားအရင်းအမြစ်တွေ တိုးပွားလာမှာသေချာပါတယ်။
(၄)
(၉.၁၀.၂၀၁၉) နေ့ထုတ် 7 days ဂျာနယ်မှာ အစိုးရ စက်မှုလက်မှုသိပ္ပံကျောင်းများနဲ့ နည်းပညာကောလိပ်များ မှာ ဖွင့်မယ့် A.G.T.I သင်တန်းတွေကို သင်္ချာ၊ ဓာတု၊ ရူပ ဘာသာတွဲနဲ့ တက္ကသိုလ်ဝင်တန်းအောင်သူများ လျှောက် ထားနိုင်ကြောင်း သတင်းကောင်းတစ်ခုဖတ်လိုက်ရပါတယ်။ ထူးခြားတာက ပုံမှန်ဖွင့်လှစ်တဲ့ ဘာသာရပ်တွေအပြင် စိုက်ပျိုး ရေးလုပ်ငန်းခွင်မှာသုံးမယ့် စက်မှုပစ္စည်း ထုတ်လုပ်ပြုပြင် ခြင်းဆိုင်ရာ ပညာရပ်နဲ့ဆိုင်တဲ့ စက်မှုလယ်ယာနည်းပညာ ဘာသာရပ်အသစ်ကို ရွှေဘိုနည်းပညာကောလိပ်နဲ့ ဝါးခယ်မ၊ ကျိုက်လတ် စက်မှုလက်မှုသိပ္ပံတွေမှာ တက်ရောက်သင် ယူနိုင်တော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကအားထားတဲ့နိုင်ငံဖြစ်တော့ လက်မှုလယ်ယာကနေ စက်မှုလယ်ယာကို ကူးပြောင်းဖို့အတွက် ခေတ်မီစက်မှု လယ်ယာသုံးစက်ပစ္စည်းကိရိယာတွေကို ထုတ်လုပ်ပြုပြင် ပေးနိုင့်မယ့် ကျွမ်းကျင်လူငယ်အင်ဂျင်နီယာတွေ လိုအပ် မှုကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းမှုနည်းပညာဘာသာရပ် သစ်တစ်ခုကိုလည်း ပြင်ဦးလွင်စက်မှုလက်မှုသိပ္ပံမှာ တက် ရောက်သင်ယူနိုင်တော့မှာဖြစ်ပါတယ်။ ဒီထက်ပိုပြီးမုဒိတာ ပွားစရာက စက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းနဲ့ အစိုးရနည်း ပညာကောလိပ် သုံးကျောင်းမှာတက်မယ့် ပထမနှစ် ကျောင်းသားတွေကို အစိုးရက တစ်လ သုံးသောင်း ထောက်ပံ့ပေးမှာပါ။ A.G.T.I သုံးနှစ်သင်တန်းပြီးဆုံးလို့ သတ်မှတ်အရည်အချင်းမီရင် နည်းပညာတက္ကသိုလ်သို့ ဆက်ပြီးပေါင်းကူးတက်ရောက်ခွင့်ပြုမှာဖြစ်လို့ လူငယ် တွေအတွက် အခွင့်အလမ်းကောင်းတွေကို နိုင်ငံတော်က ဖန်တီးပေးနေတာ ဖြစ်ပါတယ်။

"လက်တွေ့ကျတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု တွေကို အကောင်အထည်ဖော်ရာမှာ နည်းပညာနဲ့ အသက် မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်တွေကို အလေးထား ဆောင်ရွက်ပေးရမယ်"လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကလည်း သက်မွေးပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်းညွှန်ခဲ့တာပါ။ နိဂုံးချုပ်ရရင် မြန်မာလူငယ်များ ရဲ့ အလုပ်အကိုင်ရရှိရေးနဲ့ ဘဝအာမခံမှုပေးနိုင်တဲ့ သက်မွေးပညာသင်တန်းကျောင်းများကို နိုင်ငံအနှံ့ပျံ့ အောင် ဦးစားပေးဖွင့်လှစ်မှသာလျှင် နိုင်ငံအတွက်အားထား ရမယ့် စွမ်းရည်ထက်မြက်သော လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်မှာ ဖြစ်ပါကြောင်း။ ။
မှီငြမ်း ၁။ Dr.ခင်စောငြိမ်း (၂၀၁၆) အမေရိကန် ပြည်ထောင်စု ၏ အသက်မွေးဝမ်းကျောင်းပညာ ရေးစနစ် (ခေတ်ရနံ့၊အတွဲ ၁.အမှတ် ၃၀)


၂။ Dr.အောင်အောင်မင်း (၂၀၁၇) သက်မွေး ပညာရေးဖြင့် လူသားအရင်းအမြစ်ပြုစု ပျိုးထောင်ရေး (၂) (အတွေးအမြင်၊ အမှတ် (၃၀၅) ဒီဇင်ဘာ - ၂၀၁၇)

ကြေးမုံ