နေပြည်တော် ၂၀  ဇူလိုင်

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပသော (၁၁)ကြိမ်မြောက် လူငယ်ရေးရာဆိုင်ရာ အာဆီယံဝန်ကြီးများအဆင့်အစည်းအဝေးနှင့် (၇)ကြိမ်မြောက်လူငယ်ရေးရာ ဆိုင်ရာ အာဆီယံ+၃ ဝန်ကြီးအဆင့်အစည်းအဝေးများကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံမှ လူငယ်ရေးရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရာတွင် အာဆီယံလူငယ် ပရိုဂရမ်ဆိုင်ရာရန်ပုံငွေ စဉ်ဆက်မပြတ်ထည့်ဝင်ရေးကိစ္စ၊ အာဆီယံတက္ကသိုလ်ကျောင်းသားများ ကောင်စီ၏ လှုပ်ရှားဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုခိုင်မာရေးကိစ္စ၊ ၂၀၂၁-၂၀၂၅ တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အာဆီယံလူငယ်လှုပ်ရှားမှုအစီအမံ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များအားဆွေးနွေးခဲ့ကြပြီး ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ သဘောတူညီချက်ရယူခဲ့ကြသည်။

 ထို့အပြင် တက်ရောက်လာကြသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အာဆီယံ အပေါင်း ၃ နိုင်ငံများဖြစ်ကြသည့် ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ လူငယ်ရေးရာဆိုင်ရာ ဝန်ကြီးများနှင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက သက်ဆိုင်ရာ နိုင်ငံအလိုက် အမှာစကားများ ပြောကြားကြသည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံအနေဖြင့် လူငယ်ရေးရာ မူဝါဒကိုပြဌာန်းပြီးဖြစ်ကြောင်း၊ ထိုမူဝါဒကို အကောင်အထည်ဖေါ်ဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ မူးယစ်ဆေးနှင့် ဘေးဖြစ်စေတတ်သည့် အန္တရာယ်များ၊ အားကစားနှင့်အပန်းဖြေခြင်း၊ အလုပ် အကိုင်အခွင့်အလမ်းများ၊ စီးပွားရေး၊ နိုင်ငံရေး၊ စာပေ အနုပညာနှင့်ယဉ်ကျေးမှု၊ သုတေသန၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာများ၊ ပြည်သူ့နီတိနှင့် နိုင်ငံသားကောင်းဖြစ်မှု၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ငြိမ်းချမ်းရေးနှင့်ဘဝ လုံခြုံရေး၊ ကျား/မ ညီမျှမှု၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာဆက်ဆံရေးတို့ပါဝင်ကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံတော်၏တာဝန်များကို လက်ဆင့်ကမ်းတာဝန်ယူကြမည့် သူများဖြစ်ရာ ယနေ့လူငယ်များ၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုး တက်မှုကို ဆောင်ရွက်ပေးရန် အရေးကြီးကြောင်း၊ ယနေ့လူငယ်များ၏ အခြေအနေနှင့် လိုအပ်ချက်များသည် ပြည်နယ်နှင့်တိုင်းဒေကြီးအလိုက် ကွဲပြားမှုရှိကြောင်း၊ သက်ဆိုင်ရာဒေသအလိုက် လူငယ်များကိုယ်တိုင်ပါဝင် ရေးဆွဲခဲ့ကြကြောင်း၊ လူငယ်များအားလုံး သာတူညီမျှခံစားရရှိရေးကို ဦးတည်၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ လူငယ်အချင်းချင်း ဆက်သွယ်ပူးပေါင်းဆောင်ရွက်နိုင်မှု့ ပိုမိုမြှင့် တင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း။

 တစ်နိုင်ငံလုံးရှိ လူငယ်များစုစည်း၍ လူငယ်လုပ်အားပေး အစီအစဉ်များ အကောင် အထည်ဖေါ်လျက်ရှိကြောင်း၊ ဒေသတွင်း နိုင်ငံများနှင့် အာဆီယံ + ၃ လူငယ်အစီအစဉ်များတွင်လည်း ပါဝင်လျက်ရှိကြောင်း၊ ယခု အစည်းအဝေးမှ အာဆီယံနိုင်ငံများ အချင်းချင်း လူငယ်ရေးရာ ကိစ္စမျာနှင့် ပတ်သက်၍ အတွေ့အကြုံ ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်းပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ လူငယ်ရေးရာဆိုင်ရာဝန်ကြီးများ၊ လူငယ်ရေးရာဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

 အဆိုပါ အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေးကျင်းပနေစဉ်အတွင်း (၂၃)ကြိမ်မြောက် အာဆီယံလူငယ်များ အစည်းအဝေးနှင့် (၅)ကြိမ်မြောက် အာဆီယံလူငယ် ကုန်စည်ပြပွဲကို ကျင်းပခဲ့ပြီး လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လူငယ်ဆိုင်ရာ အစည်းအရုံးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံရာ အာဆီယံလူငယ်ဆုချီးမြှင့်ပွဲကိုလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်