လူငယ်နှင့် တရားဥပဒေ စိုးမိုးရေး ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပ

မြောင်းမြ ၁၇ ဇန်နဝါရီ  

 

အနာဂတ်ကို ဦးဆောင်ကြမည့် လူငယ်များအတွက် တရားဥပဒေ စိုးမိုးရေးနှင့် လူငယ်များ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်၍ ပြည်သူ့စကားဝိုင်း ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည် ။

 

ယင်းစကားဝိုင်းကို ဇန်နဝါရီ (၁၆) ရက်နေ့၊ နံနက် (၁၀) နာရီက မြောင်းမြမြို့၊ လူမှုအခြေပြု ဗဟိုဌာန၊ Community Centre တွင် ကျင်းပပြုလုပ်သည်။

 

“လူငယ်တွေနဲ့ တရားဥပဒေ စိုးမိုရေး ကဏ္ဍမှာ လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးနဲ့ ဥပဒေ ရာဇဝတ်မှုတွေ၊ ပြစ်မှုတွေကို အသိပညာပေး ဆွေးနွေးခဲ့ပါတယ်” ဟု မြောင်းမြခရိုင် တရားသူကြီး ဒေါ်ခင်မာဆွေက ပြောသည်။

 

စကားဝိုင်း ဆွေးနွေးပွဲတွင် လူငယ်နှင့် တရားဥပဒေ စိုးမိုးရေး ခေါင်းစဉ်ဖြင့် လူငယ်ထုနှင့် မူးယစ်ဆေးဝါး အန္တရာယ် အကြောင်းကို ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်ဇော်ကလည်းကောင်း၊ လူငယ်နှင့် လူကုန်ကူးမှု အကြောင်းကို ခရိုင် ဥပဒေ အရာရှိ ဒေါ်ဂင်စောကလည်းကောင်း၊ သက်ငယ် မုဒိန်းမှုနှင့် ပြစ်မှု ပြစ်ဒါဏ်များ အကြောင်းကို ခရိုင်တရားသူကြီး ဒေါ်ခင်မာဆွေကလည်းကောင်း အသီးသီး ဆွေးနွေးကြသည်။

 

“တရားဥပဒေနဲ့ ပတ်သက်ပြီး သိသင့် သိထိုက်တာတွေ အတော်များများကို သိမှတ်ခဲ့ရလို့ ဗဟုသုတ ရရှိခဲ့ပါတယ် ” ဟု အထက်တန်းပြ ဆရာမ ဒေါ်ထက်ထက်ဦးက ပြောကြားသည်။

 

လူငယ်နှင့် တရားဥပဒေ စိုးမိုးရေး ပြည်သူ့ စကားဝိုင်း ဆွေးနွေးပွဲကို မြောင်းမြခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက လူငယ်များ အသိပညာ တိုးပွါးရေးအတွက် ရည်ရွယ်ကာ စီစဉ်ကျင်းပခြင်း ဖြစ်သည် ။

 

“လူငယ်နဲ့ တရားဥပဒေ စိုးမိုးရေးမှာ သက်ငယ် မုဒိန်း ကိစ္စတွေ ၊ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ သိသင့်သိထိုက်တာတွေ မေးမြန်း ဆွေးနွေးခွင့် ရရှိခဲ့ပါတယ်၊ အကျိုးလည်း ရှိပါတယ်၊ နောက်နောင်ကို အလားတူ ဒီလို စကား ဆွေးနွေးဝိုင်းတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မယ်ဆိုရင် ပိုမို ကောင်းမွန်မယ်လို့ အကြံပြုလိုပါတယ်” ဟု အထက (၁) ဒုတိယ ကျောင်းအုပ်ကြီး ဦးဟန်ဖြူအောင်က အကြံပြုပြောကြားသည်။

 

အဆိုပါပွဲတွင် တက်ရောက်လာသော ဆရာ/ဆရာမများ ၊ ကျောင်းသား ကျောင်းသူလေးများ၊ အရပ်ဘက် လူမှုရေးအဖွဲ့မှ တာဝန်ရှိသူများက ပါဝင်ဆွေးနွေးခဲ့ပြီး မြောင်းမြခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ညွန့်ဇော် ၊ ခရိုင် တရားသူကြီး ဒေါ်ခင်မာဆွေ၊ ခရိုင် ဥပဒေ အရာရှိ ဒေါ်ဂင်စော၊ အထက(၁)၊ အထက(၃) ကျောင်းမှ ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများ၊ Youth Club အဖွဲ့ဝင်များ၊ အရပ်ဘက် လူမှုရေး အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

MDN