လူငယ်နှင့် သက်ငယ်မုဒိမ်း ပြည်သူ့စကားဝိုင်း ကော့ကရိတ်မြို့တွင် ကျင်းပ

ကော့ကရိတ်  ၂၆   ဇူလိုင်


ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ လိုင်ဝအထက်တန်းကျောင်ခွဲတွင် ယမန်နေ့မွန်းလွဲ ၁ နာရီချိန်က လူငယ်နှင့်သက်ငယ်မုဒိမ်း ပြည်သူ့စကားဝိုင်းကို ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဝင်းရှိန်က ပြည်သူ့စကားဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုပြောကြားသည်။


ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းနုက နည်းပညာတိုးတက်လာသည့်အပေါ် သက်ငယ်မုဒိမ်းဖြစ်ပွားမှု တိုးတက်လာမှု အခြေအနေများကို လည်းကောင်း၊ ခရိုင်ဥပဒေအရာရှိ ဒေါ်မြင့်မူက မုဒိမ်းမှုနှင့် ပတ်သက်၍ ပြစ်မှုမြောက်သည့် ပြစ်မှု ၅ မျိုးနှင့် အသက်အရွယ်အလိုက် ချမှတ်ထားသည့် ပြစ်မှုပြစ်ဒဏ်၊ ဥပဒေပုဒ်မများကိုလည်းကောင်း၊ ကျန်းမားရေးဦးစီးဌာန၊ အမျိုးသမီးကျန်းမာရေး တာဝန်ခံဆရာမ ဒေါ်နော်စေးလွယ်က လိင်မှတစ်ဆင့်ကူးစက်တက်သည့် ရောဂါများနှင့် ရောဂါလက္ခဏာများ၊ ကျန်းမာရေးနှင့်အညီ စားသောက်နေထိုင်ရေးတို့ကို လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ခံဦးစီးမှူး ဒေါ်အေးအေးမြင့်က သက်ငယ်မုဒိမ်းမဖြစ်ခင် ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ ကလေးများအနေဖြင့် မိမိတို့၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ယောက်သောသူမှ ထိတွေ့ကိုင်တွယ်လို့မရသည့်နေရာများကို သိရှိစေရန်နှင့် ထိတွေ့ကိုင်တွယ်ပါက အော်ဟစ်အကူညီတောင်းခြင်းတိုင်ကြားခြင်း ပြုလုပ်ဆောင်ရွက်ရမည့် အကြောင်းအရာများ၊ ကလေးသူငယ်နှင့်ပတ်သက်၍ ဌာနမှဆောင်ရွက်လျှက်ရှိသည့် လုပ်ငန်းများကို ဆွေးနွေးပြောကြားသည်။


ဆက်လက်၍ တက်ရောက်လာကြသည့် ကျောင်းသူ ကျောင်းသားများက မိမိတို့သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)