လူငယ်နှင့် စာပေအနုပညာပွဲတော် အရောက်လာဖို့ တို့ဖိတ်ခေါ်

နေပြည်တော်  ဒီဇင်ဘာ  ၁၉

 

“ပြည်ထောင်စုအကျိုးသယ်ပိုးဖို့  အသိပညာမြှင့်တင်စို့”ဆိုသည့် ဆောင်ပုဒ်နှင့်အညီ  (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  လူငယ်နှင့်စာပေအနု ပညာပွဲတော်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဒိ အားကစားရုံ (B)၌ ဒီဇင်ဘာ ၂၀   ရက်မှ   ၂၂ ရက်အထိ  စည်ကားသိုက်မြိုက်စွာ ကျင်းပတော့မည် ဖြစ်သည်။

 

အဆိုပါပွဲတော်ကြီး၌ မြန်မာနိုင်ငံ၏ အနာဂတ်ခေါင်းဆောင်များဖြစ်ကြသည့် လူငယ်များနှင့် ကလေးများ လွတ်လပ်ရေးနေ့နှင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများကို သိမြင်နိုင်စေရန်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ မြင့်မားလာစေရန်နှင့် စာပေနှင့် အနုပညာရပ်များ၏ အကြိုးကျေးဇူးသိရှိစေပြီး နိုင်ငံတည် ဆောက်ရေးလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်လာစေရန်အတွက် ဝန်ကြီးဌာန ၁၅ ခုမှ သက်ဆိုင်ကဏ္ဍအလိုက် ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာပေ ဗိမာန်စာအုပ် အရောင်းဆိုင်နှင့် ပြင်ပစာအုပ်အရောင်းဆိုင်များ၊ လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြိုင်ပွဲမှ  တန်ခိုးကြီးဘုရား စေတီများ၊ သဘာဝအလှရှုခင်းများ၊ ရိုးရာဓလေ့ပွဲတော်များနှင့် အထင်ကရနေရာများ၏ မှတ်တမ်း ဓာတ်ပုံများနှင့် ဆုရဓာတ်ပုံများ၊ ၂၀ ရာစု မြန်မာစာရေးဆရာ၊ ဆရာမတို့၏ ဓာတ်ပုံများကို ထည့်သွင်း ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာနပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဉီးဌေးအောင်က “အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာနအနေနဲ့  အားကစားနှင့် ကာယပညာဦးစီးဌာနပြခန်းနဲ့ လူငယ်ရေးရာဦးစီးဌာန ပြခန်းဆိုပြီး အပိုင်း(၂)ပိုင်းခွဲပြီး ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။ အားကစားနှင့် ကာယပညာ ဦးစီးဌာနပြခန်းမှာ အထိမ်းအမှတ်ပစ္စည်းများပြခန်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ထုတ်ဝေတဲ့ စာအုပ်စာတမ်းများပြခန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် အားကစား အောင်မြင်မှုများပြခန်းနဲ့ နိုင်ငံဂုဏ်ဆောင် အားကစားသမားဟောင်းတွေရဲ့ ရုပ်ထုများကို ခင်းကျင်း ပြသထားပါတယ်။ ပွဲတော်ကိုလာရောက်လည်ပတ်ကြတဲ့ ကျောင်းသားလူငယ်တွေ အားကစားလှုပ်ရှားမှု ပျော်ရွှင်စွာကစားနိုင်ဖို့ အားကစားနည်း ၅ မျိုးကိုလည်း ပြခန်းအဖြစ် ထည့်သွင်းထားပါတယ်။ ပထမဆုံး အထိမ်းအမှတ်ပစ္စည်းများပြခန်းမှာ အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ၊ အာရှအားကစားပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲတွေမှာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံတိုင်းက ဖွင့်ပွဲအခမ်းအနားတွေ လုပ်တဲ့အခါမှာ မီးရှူးတိုင်းကို သယ်ယူခွင့်ရရှိတဲ့သူတွေဟာ အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ နိုင်ငံရဲ့ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမားတွေ ဖြစ်ပါတယ်။  နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားကြီးတွေကိုယ်တိုင် သယ်ယူခဲ့တဲ့ မီးရှူးတိုင်းကို ကျွန်တော်တို့နိုင်ငံက ကျောင်းသားလူငယ်တွေ တွေ့မြင်ပြီး အားကျအတုယူ စိတ်တွေဖြစ်လာအောင် မီးရှူးတိုင်တွေကို ခင်းကျင်းပြသထားခြင်း ဖြစ်ပါတယ်” ဟု ပြောသည်။

 

ထို့ပြင် ပွဲတော်သို့ လာရောက်လေ့လာကြသည့် ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာကစားနိုင်ရန် ဝန်ကြီးဌာနများမှ စိတ်ဝင်စားဖွယ်ကစားနည်းများ၊ စကားပုံ ဆက်၊ အရုပ်ဆက်၊ ဆေးရောင်ခြယ်၊ အိမ်ဆောက်ကစားနည်းများနှင့် ဉာဏ်စမ်း ပဟေဠိကစားနည်းများကို အသိပညာပေးနည်းလမ်းများနှင့် တွဲဖက်၍ ကစားစေမည့် အစီအစဉ်များ ထည့်သွင်းကျင်းပမည့်အပြင် ပွဲတော်သို့လာရောက် လည်ပတ်ကြမည့် ကျောင်းသားလူငယ်များနှင့် မိဘပြည်သူများ အလွယ်တကူဝယ်ယူစားသုံးနိုင်ရန် တိုင်းရင်းသားရိုးရာ စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

“နိုင်ငံတကာ အားကစားပြိုင်ပွဲတွေကို သွားရောက်ယှဉ်ပြိုင်တဲ့အခါမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ နိုင်ငံတွေက အထိမ်းအမှတ် ပစ္စည်းတွေကိုလည်း ခင်းကျင်းပြသထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်မှာ ကမ္ဘာ့အဆင့်၊ အာရှအဆင့် ပြိုင်ပွဲတွေမှာရရှိခဲ့တဲ့ ရွှေဆုတံဆိပ်တွေအပြင် ကျွန်တော်တို့ဌာနက ထုတ်ဝေထားတဲ့  အားကစားနည်းအလိုက် နည်းပြလက်စွဲ စာအုပ်တွေ၊ လစဉ်ထုတ် အားကစားသတင်းလွှာနဲ့ မဂ္ဂဇင်းတွေ၊ အခြားထုတ်ဝေထားတဲ့ စာအုပ်တွေကိုလည်း ပြသထားပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်မှာ အားကစားအောင်မြင်မှုရရှိရေး အတွက် နိုင်ငံတော်အဆင့်အားပေးအားမြောက်မှုမှတ်တမ်း၊ မှတ်ရာတွေ၊ ကမ္ဘာ့အဆင့်၊ အာရှအဆင့် ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိခဲ့တဲ့ အားကစားသမားတွေရဲ့ မှတ်တမ်းပုံရိပ်တွေဖြစ်တဲ့ မှတ်တမ်း ဓာတ်ပုံတွေ၊ မကြာသေးမီက ကျင်းပပြီးစီးခဲ့တဲ့ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲရဲ့ မှတ်တမ်းဓာတ်ပုံတွေနဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ လူထုအားကစားလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံကိုလည်း  ခင်းကျင်းပြသထားပါတယ်”

 

“အားကစားနှင့် လူငယ်ရေးဝန်ကြီးဌာနဲ့ပြခန်းကို လာရောက်လေ့လာကြမယ့် ကျောင်းသားလူငယ်တွေ စိတ်ပါဝင်စားစွာ ပျော်ရွှင်စေဖို့အတွက်  အားကစားနည်း ( ၅) မျိုးဖြစ်တဲ့ ဘောလုံး၊ မြှားပစ်၊ ဘက်စကတ်ဘော၊ ဂေါက်နဲ့ သဲကွင်းပစ်တို့ကို ဆော့ကစားနိုင်ဖို့ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီအားကစားနည်းတွေကို ကစားတဲ့အခါမှာ သတ်မှတ်တဲ့ အကြိမ်အရေအတွက်အတိုင်း ကစားနိုင်မယ်ဆိုရင် တီရှပ်၊ အချိုရည်ဘူးတွေ ဆုချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ဒီပွဲတော်ကို နိုင်ငံတော်က နှစ်စဉ် စီစဉ်ကျင်းပပေးတဲ့ ပွဲတော်လည်းဖြစ်သလို ပြန်ကြားရေးဝန်ကြီးဌာနက ဦးစီးဦးဆောင်ပြီး ကျင်းပတဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီပွဲတော်မှာ ဝန်ကြီးဌာန ၁၆ ခုကနေ ဝန်ကြီးဌာနအလိုက် လှုပ်ရှားမှုတွေကို ပြည့်ပြည့်စုံစုံခင်းကျင်းပြသထားတဲ့အတွက် ကျောင်းသားလူငယ်တွေအနေနဲ့ ဒီပွဲတော်ကို လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်။ ပွဲတော်မှာပြသထားတဲ့ ကျောင်းသားလူငယ် တွေအတွက် သိသင့်သိထိုက်တဲ့ စာအုပ်စာပေကိုလည်း ပွဲတော်ကတစ်ဆင့်ဝယ်ယူပြီး အသိပညာ ဗဟုသုတတိုးပွားစေဖို့ နောင်တစ်ခေတ်ရဲ့ ပခုံးပြောင်းတာဝန်ယူကြရမယ့် လူငယ်တွေဟာ ဘက်စုံဖွံ့ဖြိုး တိုးတက်စေဖို့ လူငယ်နှင့် စာပေအနုပညာပွဲတော်ကို မပျက်မကွက် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါ တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

 

အလားတူ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ် ဆင်ရေးရုံးမှ ဝန်ထမ်းများ၊ ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းများနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ ဖျော်ဖြေရေး အစီအစဉ်များ၊ အသိပညာဗဟုသုတရဖွယ် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

 

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နွယ်နီက “ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအနေနဲ့ လူငယ်နှင့်စာပေအနုပညာပွဲတော်မှာ အပိုင်းသုံးပိုင်း ခင်ပြသသွားမှာပါ။ ပထမပိုင်းအနေနဲ့ အဆင့်မြင့် သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်း၊ ဒုတိယအပိုင်းအနေနဲ့ အဏုမြူစွမ်းအင်ဆိုင်ရာပြခန်း၊ တတိယ အပိုင်းအနေနဲ့ လျှပ်စစ်ကားနည်းပညာဆိုင်ရာပြခန်းတို့ကို ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာပြခန်းမှာ ICT ၊  Technology တွေနဲ့ ပတ်သက်တဲ့ အကြောင်း တွေ ပါဝင်ပါတယ်။ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေပြုလုပ်ထားတဲ့ Project တွေကိုလည်း ပြသသွားမှာ ဖြစ်ပါတယ်။  အဏုမြူစွမ်းအင်ဆိုင်ရာပြခန်းမှာ ကျောင်းသား လူငယ်တွေနဲ့ ပြည်သူတွေ အဏုမြူစွမ်း အင်ဆိုင်ရာတွေသိဖို့အတွက် အသေးစိတ်ပြသထားပါတယ်။ လျှပ်စစ်ကားနည်း ပညာဆိုင်ရာပြခန်းမှာဆိုရင် အခုလက်ရှိမှာ EV ကားတွေကို အသုံးများလာတဲ့အတွက် ဘယ်လို အသုံးပြုရတယ်ဆိုတာကို နမူနာပုံစံငယ်လေးတွေနဲ့ အသေးစိတ်ပြသမှာဖြစ်ပါတယ်။ နည်းပညာ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေတီထွင်ထားတဲ့ မူလတန်း၊ အလယ်တန်း၊ အထက်တန်းနဲ့ တက္ကသိုလ်အဆင့်တွေပါ ဝင်ဆင်နွှဲလို့ရတဲ့ စုံထောက်လုပ်ကြမယ် ဉာဏ်စမ်းပဟေဠိကို ပါဝင်ဆင်နွှဲပြီး အနိုင်ရရင် ဆုတွေကို ချီးမြှင့်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းသားလူငယ်တွေနဲ့ ပြည်သူတွေ အားလုံး သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနပြခန်းကို ကြည့်ရှုခြင်းအားဖြင့် ခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ နည်းပညာတွေကို သိရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့် လာရောက်လေ့လာကြဖို့ ဖိတ်ခေါ်ပါတယ်” ဟု ပြောသည်။

 

အဆိုပါ ပွဲတော်အား လူငယ်များ ဉာဏ်ရည်ဉာဏ်သွေးနှင့် အယူအဆများထက် မြက်လာစေရေးအတွက် စာအုပ်စာစောင်များကို တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ် လာစေရန်နှင့် လူငယ်များ စာပေနှင့်ရင်းနှီးပြီး စာပေ၏ အကျိုးကျေးဇူးကို သိရှိနိုင်စေရန်၊ စာပေနှင့်အနုပညာမှတစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေပြီး လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီလက် အောက်ခံဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို လေးစား တန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှတစ်ဆင့် မြန်မာနိုင််ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ် များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရနှင့် ပြခန်းများ ခင်းကျင်းပြသမှုများမှတစ်ဆင့် ဝန်ကြီးဌာနအသီးသီးက ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကို အလွယ်တကူ သိမြင်နိုင်စေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်သည်။

 

ထိုသို့ ကောင်းမွန်သည့် ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရမှ စေတနာအပြည့်ဖြင့် စီစဉ် ဆောင်ရွက် ထားသည့်     (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်  လူငယ်နှင့် စာပေ အနုပညာပွဲတော်သို့  နောင်အနာဂတ်တွင် နိုင်ငံတာဝန်များကို ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြရမည့်  ကျောင်းသား လူငယ်များအနေဖြင့်    တက်ကြွသည့်ခြေလှမ်းများဖြင့် လှမ်းလာကြပါရန်  ဖိတ်ခေါ်လိုက်ရပါသည်။

သတင်း- အေးအေးသန့်/ဟိန်းမင်းစိုး ဓာတ်ပုံ ရွှေကိုလေး