``လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး´´ ပြည်သူ့ စကားဝိုင်း (Public Talk) ဆွေးနွေးပွဲ မရမ်းကုန်းမြို့နယ်၌ ကျင်းပ

ရန်ကုန် ၁၆  ဇန်နဝါရီ 

``လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး´´ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ပြည်သူ့ စကားဝိုင်း (Public Talk) ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီ က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ စန္ဒိမာခန်းမ၌ ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင် စားသူများ တက်ရောက်ကြသည်။

mdn

အဆိုပါ စကားဝိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခင်သဒ္ဒါ ၊ မြို့နယ်ပညာရေးဦးစီးဌာနမှူးရုံးမှ ဒေါက်တာ ယုမွန်သော်၊ မြို့နယ်စာရေးဆရာအသင်း အတွင်းရေးမှူး စာရေးဆရာ မြေလတ်ထင်ကျော်မိုး ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ မှ ဒေါ်သီသီစန်း တို့က စာပေ ၊ ကျန်းမာရေး၊ ရိုးရာဝတ်စားဆင်ယဉ်မှု၊ မူးယစ်ဆေးဝါး၊ လူကုန်ကူးခံရမှုတို့နှင့် ပတ်သက်သည့် အသိပညာပေးကဏ္ဍများအပြင် မိမိတို့၏ ဘဝတွင်ကြုံတွေ့ဖြတ်သန်း ခဲ့ရသော အတွေ့အကြုံများကို ကျောင်းသား၊ ကျောင်းသူများ အသိပညာ၊ ဗဟုသုတရရှိစေရန် ဟောပြော မှုများပြုလုပ်ကြပြီး တက်ရောက်လာကြသူများ၏ မေးမြန်မှုများအပေါ် ပြန်လည် ဆွေးနွေးဖြေကြားကြသည်။

mdn

ယနေ့ စကားဝိုင်းနှင့်ပတ်သက်၍ စာရေးဆရာ မြေလတ်ထင်ကျော်မိုး က`` လူငယ်ကဏ္ဍ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ဆိုတဲ့ ခေါင်းစဉ်အတိုင်း လူငယ်တွေသိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို အဓိကထားပြီး ဆွေးနွေး ခဲ့ပါတယ်။ လူငယ်တွေအနေနဲ့ မြန်မာ့သမိုင်းအမွေ၊ သမိုင်းကြောင်းအမှန်ကို သိဖို့အတွက် ကုန်းဘောင်ခေတ်က အကြောင်းတွေကိုလည်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ပါတယ်။ ဒီလိုပွဲတွေကနေ လူငယ်တွေ အသိပညာ ဗဟုသုတအများကြီးရရှိနိုင်တဲ့အတွက် မကြာခဏပြုလုပ်သင့်ပါတယ်´´ ဟုပြောသည်။


မရမ်းကုန်းမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး ၊ အသိအမြင် ဗဟုသုတ တိုးပွားစေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရန် ရည်ရွယ်ကာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ် အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  တို့ပူးပေါင်း၍ အဆိုပါ စကားဝိုင်း ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။

``မြန်မာ့ယဉ်ကျေးမှုနဲ့ကိုက်ညီအောင် ဘယ်လိုဝတ်စားဆင်ယဉ်ရမယ်။ ထိန်းသိ်မ်းနေထိုင်ရမယ်ဆိုတာ တွေအပြင် စာပေဖတ်ခြင်းရဲ့ အကျိုးကျေးဇူးကြောင့် အရေးကြုံလာရင်ဘယ်လို အထောက်အကူဖြစ်တယ် ဆိုတာတွေကို ဒီပွဲကနေ သိခွင့်ရခဲ့ပါတယ်။ ဒီလိုပွဲတွေက သမီးတို့လို လူငယ်တွေအတွက် အများကြီး လိုအပ်ပါ တယ်။ ဒီပွဲကရရှိတဲ့ အတွေ့အကြုံ ၊ ဗဟုသုတတွေကို အပြင်မှာ လက်တွေ့ အသုံးချနေထိုင် သွားမယ်လို့ စိတ်ကူးထားပါတယ် ´´ ဟု မရမ်းကုန်းမြို့နယ် အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်းမှ  နဝမတန်း ကျောင်းသူ မဖူးပွင့်ဝေ က ဆိုသည်။

ယနေ့ ကျင်းပသည့် ပြည်သူ့စကားဝိုင်းဆွေးနွေးပွဲသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အရပ်ဖက် အဖွဲ့ အစည်းများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ ၊ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြား ထားသူများနှင့် စိတ်ပါဝင်စားသူ (၅၀ဝ) ကျော်တက်ရောက်ကြကြောင်းသိရသည်။
အလားတူ အဆိုပါ ပြည်သူ့ စကားဝိုင်း ဆွေးနွေးပွဲများကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အသီးသီးတို့တွင်လည်း ကျင်းပလျက်ရှိရာ လာရောက်လေ့လာဆွေးနွေးသူများဖြင့် စည်းကားစွာလျက်ရှိ ကြောင်းသိရသည်။

သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး