လူငယ်စွန့်ဦးတီထွင်သူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြန်မာ့စွန့်ဦးတီထွင်ပွဲတော် မန္တလေးမြို့တွင် ကျင်းပ

မန္တလေး ၃   ဖေဖော်ဝါရီ  

     
လူငယ် စွန့်ဦးတီထွင် လုပ်ငန်းရှင် အသစ်များ အများအပြား ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့စွန့်ဦးတီထွင်ပွဲတော်(Myanmar Entrepreneurs Carnival(MEC 2018)ကို မန္တလေးမြို့ ချမ်းမြသာစည် မြို့နယ်ရှိ MIIT တွင် ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက စည်ကားသိုက်မြို့စွာ ကျင်းပခဲ့ရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးနှင့် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်တို့ တက်ရောက်အားပေးခဲ့ကြသည်။

 

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဒေါက်တာ စိုးသန်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်၊ MRCCI ဂုဏ်ထူးဆောင်နာယက ဦးအောင်ဝင်းခိုင်တို့က ဖွဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ MYREA ဥက္ကဌ ဦးမိုးကျော်ကျော်၊ MYEA(ရန်ကုန်)ဥက္ကဌ ဦးထွန်းထွန်းနိုင်နှင့် MRCCI ဥက္ကဌ ဦးကျော်မင်းတို့က Myanmar Entrepreneurs Carnival စာတမ်းအားပုံဖော်ပေးခဲ့ကြသည်။

 

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က “ဒီနေ့ပွဲတော်ကတော့ စွန့်ဦးတီထွင်လုပ်နေတဲ့ လူငယ်လေးတွေရဲ့ ပညာ၊ ကျွမ်းကျင်မှု၊ သူတို့ရဲ့ တတ်သိမှုနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ စီးပွားရေးကို တစ်ဖက်တစ်လမ်းက အားပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို တွေ့လိုက်ရတဲ့အခါမှာ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အားတက်မိတယ်ဆိုတဲ့ စိတ်ပေါ်လာပါတယ်။  ပညာနဲ့ နိုင်ငံရဲ့ စီးပွားရေးကို တိုးတက်စေမယ့် အာမခံချက်တစ်ခုလို့ မြင်မိလိုက်တဲ့အတွက် ကျွန်တော်တို့ နိုင်ငံရဲ့ စီးပွားရေးအတွက် အားတက်မိပါတယ်။ ကျွန်တော်တို့ မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ အနေနဲ့ ဒီလိုလုပ်ငန်းရှင်လူငယ်လေးတွေကို တွေ့တဲ့အခါမှာ ကျွန်တော်တို့ သူတို့ကို ကျွန်တော်တို့အစိုးရ ကူညီပေးနိုင်တဲ့ဟာ မှန်သမျှ အကုန်ကူညီပေးရပါမယ်။ တိုင်းပြည်မှာ ဒီလိုစီးပွားရေး လူငယ်လုပ်ငန်းရှင်တွေ အများကြီးဖြစ်ပေါ်လာအောင် လုပ်ပေးနိုင်တာ တိုင်းပြည်ရဲ့ စီးပွားရေးကို မြင့်တင်ပေးတာပဲ။ ကျွန်တော်တို့ နိုင်ငံမှာ လူကြီးတွေက လူငယ်တွေကို နေရာပေးဖို့လို လာပြီဆိုတာ ပြတာပဲလေ။ လူကြီးစီးပွားရေး လုပ်ငန်းရှင်တွေက သူတို့လုပ်ငန်းတွေကို လူငယ်တွေလက်ထဲအပ်ဖို့ အချိန်တန်နေပါပြီလို့ သတင်းစကား ပေးချင်ပါတယ်။ ”ဟု အမှာစကား ပြောကြားခဲ့သည်။

 

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပွဲတော်တွင် ခင်းကျင်းပြသထားသည့် ပြခန်းများအား လှည့်လည်ကြည့်ရှုကြပြီး အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

 

ထို့အပြင် မန္တလေးတိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း(MYREA )ဥက္ကဌ ဦးမိုးကျော်ကျော်ကလည်း “လူငယ်လုပ်ငန်းရှင်တွေ Network ထူထောင်ထားမယ်။ နောက်ပြီးတော့ လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေကြတဲ့ လူငယ်တွေအတွက် အခွင့်အလမ်းတွေ၊ အတွေ့အကြုံတွေ၊ အတွေးအခေါ်တွေရအောင် ဖန်တီးပုံဖော်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုလုပ်ခြင်း ဖြစ်ပါတယ်။ SME လို့ခေါ်တဲ့ အဖွဲ့တွေက ပြတဲ့ ပြခန်းတွေရှိပါတယ်။ လုပ်ငန်းရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်အဖွဲ့လေးတွေ ပြသထားတဲ့ ပြခန်းတွေရှိတယ်။ နောက်ပြည်နယ်နှင့် တိုင်းအသီးသီးက အဖွဲ့တွေ ရှိပါတယ်။ နောက်ပညာရေးဇုန်၊ လူငယ်တွေဟာ ခေါင်းဆောင်တဲ့ ကဏ္ဍမှာ ပါဝင်လှုပ်ရှားနေတယ်ဆိုတာကို သိစေချင်တဲ့အတွက် ပညာရေး Industry က ညီတွေ၊ ညီမငယ်တွေရဲ့ တီထွင်မှု ပြခန်းတွေ ပါပါတယ်။ ဒီပွဲမှာ လုပ်တဲ့ အဓိကရည်ရွယ်ချက်တစ်ခု ရှိတယ်။ အဲ့ဒါကတော့ Pitching Program ပါ။ အဲ့ဒါက မန္တလေးနဲ့ အထက်မြန်မာပြည် တစ်ပြည်လုံးမှာ လုပ်တာ ပထမဆုံးပါ။ လူငယ်လုပ်ငန်းရှင်တွေ လိုနေတဲ့ အခက်အခဲမှန်သမျှက နည်းပညာတစ်ခုတည်းလား၊ ငွေကြေးလား၊ စီမံခန့်ခွဲ အုပ်ချုပ်တဲ့စနစ်လား၊ အတွေးအခေါ်ကောင်းတွေလား ဆိုတာတွေကို အတွေ့ကြုံရှိတဲ့ သူတွေက ရင်းနှီးမြုပ်နှံလိုက်ခြင်းအားဖြင့် ဒီလူငယ်လေးတွေကို ငွေကြေးတင်မဟုတ်ဘဲ၊ အတွေ့အကြုံတွေ၊ အဆက်အသွယ် ကောင်းတွေလည်းရပြီး သူတို့ မြန်မြန်တိုးတက်နိုင်တယ်။ ဒါကို လာရောက်လေ့လာ စေချင်ပါတယ်။ ပြိုင်ပွဲလုပ်မယ့် အဖွဲ့ ၁၃ ဖွဲ့ရှိပါတယ်။ ဒိုင်တွေက ဆုံးဖြတ်ပြီး နည်းပညာပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ရွေးချယ်ပြီး ဆုတစ်ဆုပေးမယ်။ နည်းပညာ မပါဝင်ဘဲ ပြိုင်တဲ့ အဖွဲ့တစ်ဖွဲ့ကိုလည်း ရွေးပြီး ဆုတစ်ဆုပေးမယ်။ ဆုအနေနဲ့ ငွေသား ငါးသိန်းချီးမြင့်မယ်။ လိုအပ်တဲ့ အထောက်အပံ့တွေလည်း သူတို့ရဲ့ အခြေအနေအပေါ်မူတည်ပြီး လုပ်ပေးသွားမှာပါ။”ဟု ပြောသည်။

 

မြန်မာ့စွန့်ဦးတီထွင်ပွဲတော်ကြီးတွင် Pitching Program များ၊ Panel Discussions များ၊ အချိန်တိုသင်တန်းများ၊ Start Up လုပ်ငန်းရှင်များ၏ ပြခန်းပေါင်းများစွာနှင့် SME လုပ်ငန်းရှင်များ၏ ပြခန်းပေါင်းများစွာအပြင် Education Program များ ပါဝင်ပြီး ဖျော်ဖြေရေး ကဏ္ဍအနေဖြင့် တိုင်းရင်းသား အသင်းအဖွဲ့များ၏ ဖျော်ဖြေမှုများနှင့်အတူ အနုပညာရှင်များ၏ သီဆိုဖျော်ဖြေမှုများလည်းပါဝင်ကြောင်းနှင့် အဆိုပါပွဲတော်ကို ဖေဖော်ဝါရီ ၃ ရက်မှ ၄ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)