လူငယ် ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲကျင်းပ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် ဖွင့်လှစ်ပေး

 

ရန်ကုန် ၁  ဒီဇင်ဘာ

 

မြန်မာလူငယ်များ အချင်းချင်း အသိပညာ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ် တန်ဖိုးများ မျှဝေနိုင်ရန်နှင့် အနာဂတ် လူ့ဘောင် အဖွဲ့အစည်းအား ၎င်းတို့၏ အတွေးအမြင် ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန် ရည်ရွယ်ချက်များနှင့် အညီ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့ ဥပစာ၌ ကျင်းပရာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

 

ဖွင့်ပွဲအခမ်းအနားသို့  လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ပွဲတော် ကျင်းပရေး ဦးစီးကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး၊   ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှ ပညာရှင်များ၊ တက္ကသိုလ် အသီးသီးမှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လူငယ်များ တက်ရောက်ကြသည်။

 

ရှေးဦးစွာ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ဖွင့်ပွဲ အခမ်းအနားကို ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် လူငယ်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

 

ထို့နောက်  ဒုတိယသမ္မတ ဦးမြင့်ဆွေသည် ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ဧည်သည်တော်များ၊ လူငယ်များနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။

 

ယင်းနောက် ဖွင့်ပွဲအခမ်းအနား ဒုတိယပိုင်း အစီအစဉ်ကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင်  သက်တမ်း နှစ်ပေါင်းရာနှင့် ချီတော့မည့်  မိမိတို့ အမိတက္ကသိုလ်ကြီး၏ ရိပ်မြုံကြီးထဲတွင် ယခုကဲ့သို့ လူငယ် လူရွယ်များကို စုံစုံညီညီ တွေ့ရသည့် အတွက် အလွန်ပင် အားရ ကျေနပ်မိပါကြောင်း။

 

ဤအမိတက္ကသိုလ်ကြီးက မိမိတို့ မိဘများ၊ ဆရာသမားများကို ပညာသင်ပေးခဲ့သလို ဤအမိ တက္ကသိုလ်ကြီးက မျိုးချစ်လူငယ်များကို နိုင်ငံနှင့် လူမျိုးအတွက် အမျိုးသား စိတ်ဓာတ်များ သန္ဓေတည်ပေးခဲ့ပါကြောင်း၊ ဤအမိ တက္ကသိုလ်ကြီးက ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ နိုင်ငံခေါင်းဆောင်များ၊ မျိုးချစ် အာဇာနည်များ မွေးဖွား ပေးခဲ့ပါကြောင်း၊ ဤအမိ တက္ကသိုလ်ကြီးက မိမိတို့ လူငယ်များကို ဝိဇ္ဇာ၊ သိပ္ပံပညာရပ်များ၊ အနုပညာဖန်တီးမှုများ သင်ကြား ပေးခဲ့ပါကြောင်း၊ တစ်နည်းအားဖြင့်ဆိုရလျှင် ဤအမိတက္ကသိုလ်ကြီးက မိမိတို့၏ ခေတ်သမိုင်း အဆက်ဆက် လွတ်လပ်ရေးသမိုင်း အဆက်ဆက်ကို တာဝန်ကျေကျေ လက်ဆင့်ကမ်း သယ်ပိုးပေးခဲ့သည့် မိမိတို့အားလုံး၏ ဘူမိနက်သန် နေရာတစ်ခုဟု ဆိုရမည် ဖြစ်ပါကြောင်း။

 

ယခုကဲ့သို့ အမျိုးသားရေး သမိုင်းကြောင်းအဆက်ဆက် ပုံဖော်ဖန်တီးပေး ခဲ့သည့် အမိတက္ကသိုလ်ကြီးထဲတွင် မိမိတို့နိုင်ငံ၏ လူငယ်များအတွက် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကြီးတစ်ရပ် ကျင်းပပြုလုပ်ပေးခဲ့သည့်အတွက် တာဝန်ရှိသူ အဖွဲ့အစည်း အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်ဟု ပြောကြားလိုပါကြောင်း၊ လူငယ်အ ချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးနိုင်ရန် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် မြှင့်တင်ပေးနိုင်ရန် အနာဂတ်မြန်မာ့လူဘောင်အဖွဲ့အစည်းကို လူငယ်များ၏ အတွေးအမြင်ကောင်းများ၊ အရည်အသွေးကောင်းများနှင့် အကောင်အထည်ဖော် တည်ဆောက်နိုင်ရန်ဆိုသည့် ရည်ရွယ်ချက်များဖြင့် ဤလူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါကြောင်း။

 

မြန်မာနိုင်ငံ လူဦးရေ၏ ၃၃ဒသမ ၈ရာခိုင်နှုန်းသည် အသက် ၁၅ နှစ်မှ ၃၅ နှစ် ကြားရှိသည့် လူငယ်များပင် ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်လျင် နိုင်ငံတိုင်းလိုလိုသည် မိမိတို့၏ အနာဂတ် လူ့ဘောင် အဖွဲ့အစည်းကြီး ဖွံ့ဖြိုးသာယာစေရန် အတွက် (Social Capital) ဟုခေါ်သည့် လူမှုအရင်းအနှီးများ၊ (Intellectual Capital)ဟုခေါ်သည့် ဉာဏအရင်းအနှီးများ အပြိုင်အဆိုင် ရင်နှီးမြှုပ်နှံကြရာတွင် မျိုးဆက်သစ်လူငယ်များကို ပိုမိုပျိုးထောင်လာခဲ့ကြသည်ကို တွေ့မြင်ကြရမှာ ဖြစ်ပါကြောင်း။

 

ယနေ့ ကျင်းပသည့် လူငယ်ဘက်စုံရေး ပွဲတော်ကြီးသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်ကြ ရသည့် ရင်းနှီးမြှုပ်နှံမှုများစွာအနက် အလွန် တန်ဖိုးရှိလှသည့် လူသားအရင်းအမြစ်ရင်းနှီးမြှုပ်နှံမှု တစ်ခုဟု ပြောရမှာဖြစ်ပါကြောင်း။

 

ဤပွဲတော်ကြီးတွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာလှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ဆန်းသစ်တီထွင်မှုဆိုင်ရာ လှုပ်ရှားမှုများပါဝင်မှာ ဖြစ်၍ လူငယ်လူရွယ် ကျောင်းသား ကျောင်းသူများ၊ မိဘဆရာများ၊ စာပေဝါသနာရှင်များ၊ အနုပညာရှင်များ၊ IT ပညာရှင်များအားလုံး ပျော်ရွှင်တက်ကြွစွာ ဆင်နွဲပေးကြ ပါရန် တိုက်တွန်းလိုပါကြောင်း။

 

ထို့အပြင် ပွဲတော်ကြီးတွင် စကားဝိုင်း ဆွေးနွေးပွဲများ၊ ကဗျာရွတ်ပွဲများ၊ စာအုပ် ဈေးခင်းများ၊ ပြပွဲပြခန်းများ ပါဝင်မည်ဟု သိရသည့်အတွက် အလွန် စည်ကားသိုက် မြိုက်ခဲ့သည့် အမိတက္ကသိုလ်ကြီး၏ တက်ကြွ လန်းဆန်းသည့် ပတ်ဝန်းကျင်နှင့် သစ်လွင်လှပသည့် နိမိတ်ပုံများကို ပြန်လည်တွေ့မြင်ခံစားရမှာ ဖြစ်ပါကြောင်း။

 

မိမိတို့ နိုင်ငံတော်၏ အနာဂတ်လူ့အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက် သာယာလှပအောင် လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးကြရမှာ ဖြစ်ပါကြောင်း၊ လူငယ်များ၏ စွမ်းပကားကို မြှင့်တင်ပေးရန် အတွက်ဆိုလျင် နိုင်ငံတော်အစိုးရ တစ်ခုတည်းက ဆောင်ရွက်ပေးရုံဖြင့် မလုံလောက်ဘဲ လူမှုအဖွဲ့အစည်း အသီးသီး၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ အသီးသီးက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရမှာ ဖြစ်ကြောင်း။

 

ထိုကဲ့သို့ ဆောင်ရွက်ပေးကြခြင်းသည် အနာဂတ် နိုင်ငံတော်၏ နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းများကို တစ်ထောင့် တစ်နေရာမှ ကူညီပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း၊ ယခုပွဲတော်ကြီးကို တက်ရောက် လာကြသည့် အဖွဲ့အစည်း အသီးသီးနှင့် မိဘပြည်သူများ၊ လူငယ်လူရွယ်များ အားလုံးက ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ညီညီညွှတ်ညွှတ် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း ပြောကြားသည်။

 

ယင်းနောက်  လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပွဲတော်ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

 

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး က လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လူငယ် ဘက်စုံဖွံ့ဖြိုးရေး ပွဲတော်ကျင်းပပေးသည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။

 

ယင်းနာက် ၂၀၁၆- ၂၀၁၇ ပညာသင်နှစ်အတွင်း နိုင်ငံတကာအဆင့် ပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် ထူးချွန် ကျောင်းသား ကျောင်းသူများအား ဆုများပေးအပ်ချီးမြှင့်ရာ ဒုတိယသမ္မတဦးမြင့်ဆွေက Youth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာအဆင့် (၆)ရရှိခဲ့ကြသည့် သတင်းအချက်အလက်နှင့် နည်းပညာ တက္ကသိုလ်မှ ကွန်ပျူတာ နည်းပညာ တတိယနှစ်ကျောင်းသူ မယုဇနဝင်း၊ ကွန်ပျူတာသိပ္ပံနှင့် နည်းပညာဒုတိယနှစ် ကျောင်းသူ မမေပြည့်စုံကျော်နှင့် ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ကွန်ပျူတာနည်းပညာ တတိယနှစ်ကျောင်းသား မောင်ဘုန်းသီဟကျော်တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က Youth Robotics Competition ပြိုင်ပွဲတွင် ကမ္ဘာအဆင့်(၆) ရရှိခဲ့ကြသည့် ရန်ကုန်နည်းပညာ တက္ကသိုလ် မှ တတိယနှစ် ကျောင်းသားများ ဖြစ်ကြသည့် မောင်ဝေယျာအောင်၊ မောင်ကျော်ဇဇော် နှင့် မောင်ဝေယံထွန်းတို့အားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ASEAN Makerthon 2017 Competition 1st Runner up ဒုတိယဆုရ သတင်း အချက်အလက်နှင့် နည်းပညာတက္ကသိုလ်မှ စတုတ္ထနှစ်ES ကျောင်းသားများဖြစ် ကြသည့် မောင်မင်းခန့်လင်းနှင့် မောင်ပြည့်ဖြိုးပိုင်တို့အား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက World Skills Korea ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆုရ မန္တလေး ကွန်ပျူတာတက္ကသိုလ် သတင်းအချက်အလက်စနစ် ပဉ္စမနှစ် စီးပွားရေး ကျောင်းသား မောင်နေဦးကျော်နှင့် Go Green in the City 2017 International ပြိုင်ပွဲတွင် East Asia Pacific and Japan Level Top(9)ဆုရ နည်းပညာတက္ကသိုလ် (ရတနာပုံဆိုင်ဘာစီးတီး)မှ တတိယနှစ် IST ကျောင်းသား မောင်ဖြိုးသူထက်နှင့် ဒုတိယနှစ် ICTကျောင်းသူ မဝင်ဒီအိုက်မောင်တို့အား လည်းကောင်း၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက Most Diplomatic Delegate from ASIA ပြိုင်ပွဲတွင် 8th  Model ASEM ဆုရ ရန်ကုန်နည်း ပညာတက္ကသိုလ်မှ နောက်ဆုံးနှစ်ကျောင်းသား မောင်ဖြိုးသူရဌေးနှင့် ဟားခါးကောလိပ် မှ ပထမနှစ်၊ သမိုင်း ကျောင်းသူ မဗျက်ပါရ်လိန်း တို့အားလည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက 6th ASEAN Plus (APT JSO)ဗီယက်နမ်သို့ တက်ရောက်ခဲ့သော ကျောင်းသားများ ဖြစ်ကြသည့် ရန်ကုန်တိုင်းဒေသကြီး လမ်းမတော် မြို့နယ် အထက(၂)မှ နဝမတန်း ကျောင်းသူ မစိုးရတနာ၊ ပဲခူးတိုင်းဒေသကြီး(အရှေ့) ဖြူးမြို့မှ နဝမတန်းကျောင်းသူ မကြယ်စင်လင်းလက်၊ ပဲခူးတိုင်းဒေသကြီး(အနောက်) ပန်းတောင်းမြို့နယ် အထကခွဲ၊ ကပစ(၆)မှ နဝမတန်းကျောင်းသူ မဆုဆွေဇင်၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ဝက်လက် မြို့နယ်မှ နဝမတန်းကျောင်းသူ မခင်ရတနာဖြိုးစံနှင့် နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ နဝမတန်းကျောင်းသူ မထူးမြတ်သွယ်တို့အား လည်းကောင်း ဆုများပေးအပ် ချီးမြင့်ကြသည်။

 

ထို့နောက်     သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ အကအဖွဲ့က လူငယ် ဘက်စုံဖွံ့ဖြိုး ရေးပွဲတော်Theme Song သရုပ်ပြ ဖျော်ဖြေခြင်းနှင့် " ထာဝရမြန်မာ "တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက် ကြသည်။

 

ဖွင့်ပွဲ အခမ်းအနား အပြီးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် အဖွဲ့ဝင်များသည် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော်အတွင်း ခင်းကျင်း ပြသထားသည့် ပြခန်းများနှင့် အနုပညာဖျော်ဖြေ တင်ဆက်မှုများအား လှည့်လည်ကြည့်ရှု အားပေးကြသည်။

 

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်ကို ယနေ့မှစ၍ ဒီဇင်ဘာ ၃ ရက်နေ့ အထိ ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း နံနက် (၉)နာရီမှ ညနေ(၅) နာရီအထိ စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ရာ သုံးရက်တာ ပွဲတော်ကာလအတွင်း  စာပေဆိုင်ရာ လှုပ်ရှားမှုများ၊ အနုပညာဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ ITနှင့် သိပ္ပံ နည်းပညာဆိုင်ရာ လှုပ်ရှားမှုများပါဝင်ပြီး  စာအုပ်ဈေးရောင်းပွဲများ၊ လူငယ်ဆိုင်ရာ အသိပညာပေး အစီအစဉ်များ၊ ဆွေးနွေးပွဲများ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုများ စသည့် အစီအစဉ်များ  ပါဝင်မည် ဖြစ်သည်။ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်သို့ မည်သူမဆို လာရောက်ကြည့်ရှု ပါဝင်ဆင်နွှဲနိုင်ကြောင်း သိရသည်။

 

(သတင်းစဉ်)

 

mdn

 

mdn