လူနာသုံးယောက်ကို အဆို့ရှင်တပ်ဆင်တဲ့ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

Dr.Edgar Tay

နှလုံးအထူးကု ဆရာဝန်ကြီး၊ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ်ဆေးရုံ

 

ဒီကိုလာရတဲ့ အကြောင်းရင်းကတော့ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး နှလုံးအထူးကုဌာနက ဆရာဝန်တွေနဲ့ နှလုံးအဆို့ရှင်ကျဉ်းတဲ့ ဝေဒနာရှင်တွေကို မခွဲမစိတ်ဘဲနဲ့ ပေါင်ခြံသွေးကြောကနေတစ်ဆင့် အဆို့ရှင် တပ်ဆင်ပေးတဲ့ ကုထုံးအသစ်ကို လာပြီးလုပ်ဆောင်ဖို့ပါ။ ဒီဆေးရုံကြီး နှလုံးရောဂါကုဌာနမှာရှိတဲ့ ဆရာဝန်တွေဟာ အင်မတန်မှလည်း အတွေ့အကြုံရှိကြပြီး လူနာတွေအတွက်လည်း အလွန်ကို စေတနာ ထားကြပါတယ်။ မနေ့က လူနာသုံးယောက်ကို အဆို့ရှင်တပ်ဆင်တဲ့ လုပ်ငန်းကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီကုသမှုရဲ့ အောင်မြင်မှုဆိုတာ လူနာရွေးချယ်မှုအပေါ်မှာ အများကြီး မူတည်ပါတယ်။ ဒီကုသမှုနဲ့ ကုသလို့ အောင်မြင်နိုင်မယ့် လူနာကို စနစ်တကျနဲ့ ရွေးချယ်နိုင်ခဲ့မယ်ဆိုရင် ၉၀ ရာခိုင်နှုန်းလောက် အောင်မြင်မှာ ဖြစ်ပါတယ်။ မနေ့က ကုသခဲ့တဲ့ သုံးယောက်ကို ဒီနေ့ ကျွန်တော်ဝင်ကြည့်တဲ့အခါမှာ ကျန်းမာရွှင်လန်းစွာနဲ့ တွေ့ရပါတယ်။

 

Dr.Edgar Tay သည် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် နှလုံးသွေးကြောပိတ် ရောဂါကို ဆေးသွင်းခြင်းမပြုဘဲ တိုက်ရိုက် သွေးကြောချဲ့ပြီး ဒေါက်ထည့်ကုသသည့် ကုထုံးအသစ်ဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ယခု နှလုံးအဆို့ရှင် လဲလှယ်သည့်ကုထုံး (Transcuaneous Aortic Valve Implantation-TAVI)တွင် မြန်မာနိုင်ငံ၏ နှလုံးရောဂါဆေးကုသမှုသမိုင်း ဒုတိယအကြိမ်အဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့် ကုထုံးသစ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)