နေပြည်တော် မတ် ၇

 

လူမှုဝန်ထမ်းလုပ်ငန်းများ၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြေပြင်တွင် လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်ဦးစီးမှူးများနှင့် New Normal ပုံစံဖြင့် ယခုကဲ့သို့ Online မှ တွေ့ဆုံခြင်းဖြင့် လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို အချိန်မီသိရှိပြီး ပေါင်းစပ်ဖြေရှင်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ ဦးစီးဌာနများအလိုက် ပုံမှန်ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအပြင်  အချိန်တိုအတွင်း ရလာဒ်ထွက်ပေါ်နိုင်မည့် (Quick Win) လုပ်ငန်း စီမံချက်များကို တိကျသော အချိန်ကာလ သတ်မှတ်ချက်များ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် Reporting System အားကောင်းရန်လိုပြီး ရုံးဌာနများ အချင်းချင်း ပေါင်းစပ် ဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရရှိရန်အတွက် ယင်းအချက်မှာ  အဓိကကျသည့်အတွက် တာဝန်ရှိသူများအားလုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း မှာကြားဆွေးနွေးသည်၊၊

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က ဌာနမှ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းများအနေဖြင့် မိမိတို့ဆောင်ရွက်ရသည့် လုပ်ငန်းတာဝန် ရည်ရွယ်ချက်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရန်လိုပြီး ဝန်ထမ်းများအားလုံး၏ ကိုယ်ရည်ကိုယ်သွေး၊ ဗဟုသုတ၊ လုပ်နည်းလုပ်ဟန်တို့မှာ အလွန်အရေးကြီးပါကြောင်းနှင့် ယခုကာလအတွင်း လုံခြုံရေးနှင့် ကျန်းမာရေးအပါအဝင် တာဝန်ထမ်းဆောင်ရာတွင် အားနည်းချက်များ မဖြစ်ပေါ်စေရေးအတွက် လုပ်ဆောင်မှု အဆင့်တိုင်းတွင် တိကျမှန်ကန် စနစ်ကျရန် လိုအပ်ပါကြောင်း ဆွေးနွေးမှာကြားခဲ့ပြီး အမြဲတမ်းအတွင်းဝန်က ယခင်ပြုလုပ်ခဲ့သည့် (၁/၂၀၂၂) အစည်းအဝေး ဆုံးဖြတ်ချက်များ တစ်ချက်ချင်းအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား ဖတ်ကြား ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ ဝန်ကြီးရုံးဌာနခွဲများမှ တင်ပြလိုသည့် အချက်များကို တာဝန်ရှိသူများက ဆွေးနွေးတင်ပြခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယဝန်ကြီးနှင့် ပြည်ထောင်စုဝန်ကြီး တို့က လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်