လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်

နေပြည်တော် ဖေဖော်ဝါရီ ၂၂

 

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် ပျက်စီးနေသော လူနေအိမ်များအတွက်  သက်ကယ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

 

ထိုသို့ဆောင်ရွက်ပေးခြင်းများကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးအောင်နှင့် အဖွဲ့က သဘာဝ ဘေးအန္တရာယ်များ မကျရောက်ခင် ကြိုတင်ကာကွယ် နေထိုင်ခြင်းများဆိုင်ရာ အသိပညာများကို ဆွေးနွေးဟောပြောခြင်းများ ဆောင်ရွက်ကြပြီး ပုဇွန်ဆိပ်ကျေးရွာရှိ ဆင်းရဲနွမ်းပါးပြီး ပျက်စီးနေသော အိမ်ခြေ ၁၅၅၊ အိမ်ထောင်စု ၁၅၅ စု အတွက် သက်ကယ်၊ ဝါး၊ ထရံ နှင့် မျောတိုင်များ ထောက်ပံ့ပေးသည်။

 

အဆိုပါ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးအတွက် ဆင်းရဲနွမ်းပါးပြီး ပျက်စီးနေသော နေအိမ်များအား သက်ကယ်၊ ဝါး၊ ထရံ နှင့် မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ စာရေးဝန်ထမ်း၊ ရာအိမ်မှူးနှင့် ရပ်မိရပ်ဖတို့က ဝိုင်းဝန်းပူးပေါင်းခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာများသို့လည်း ဇန်နဝါရီလမှ မတ်လအထိ ဆက်လက် ထောက်ပံ့ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းသန်းနွယ်(ပုဗ္ဗ)