လူမှုပြဿနာများနှင့် ပြည်သူ့အစိုးရ

၉   ဧပြီ

 

ကမ္ဘာမှာ စက်မှုတော်လှန်ရေးဆိုပြီး လွန်စွာကြီးကျယ်သည့် အပြောင်းအလဲကြီးတစ်ခု သမိုင်းမှာရှိပါသည်။ အကြမ်းဖျင်းအားဖြင့် ခရစ်နှစ် ၁၇၆၀ မှ ၁၈၂၀ ခန့်အတွင်းဟု မှတ်တမ်းတင်ကြပါသည်။ နှစ်ပေါင်း နှစ်ရာကျော်ခဲ့ပြီ။ ယင်းစက်မှုတော်လှန်ရေးနှင့်အတူ မြို့ ပြများ ဖွံ့ ဖြိုးတိုးတက်လာသည့်ဖြစ်စဉ်ကြီးက ကမ္ဘာ့နိုင်ငံအသီးသီးတွင် ဖြစ်ပေါ်ခဲ့သည်။

 

ခရစ်နှစ် ၂၀ဝ၀ ပြည့်မတိုင်မီနှင့် ဝန်းကျင်တွင် နည်းပညာနှင့် ကွန်ရက် တော်လှန်ရေးကြီးတစ်ခု သမိုင်းတွင် မော်ကွန်းထိုးလောက်အောင် ပေါ်ထွန်းခဲ့ပြန်ပါသည်။ ထိုနည်းပညာတော်လှန်ရေးကြီးက ကမ္ဘာကြီးကို ရွာကြီးတစ်ခုအဖြစ် အသွင်ပြောင်းခဲ့သည်ဟု ဆိုစမှတ်ပြုကြပါ၏။ ယနေ့ဆိုလျှင်နည်းပညာတော်လှန်ရေး၏ အပြောင်းအလဲက အမှန်ပင် တောရွာမြို့နယ်၊ နိုင်ငံကြီးငယ်မဟူ ဆက်စပ်ကာ မြေကြောရှုံ့ပေးနိုင်နေသည်မှာ အမှန်ပင် ဖြစ်ပါသည်။

 

ဝေးလံသီခေါင်လှသော မြန်မာကျေးတောရွာတစ်ရွာက နွားကျောင်းသားငယ်တစ်ဦးက ပရီမီယာလိဂ်ဘောလုံးပွဲမှာ ဂိုးသွင်းသွားသော လှလှပပကစားကွက်ကို တိုက်ရိုက်ကြည့်ရှုနိုင်နေပြီ ဖြစ်ပါသည်။ သည်လို တောမြို့မခွဲခြား၊ နိုင်ငံကြီးငယ်မကွဲပြားဘဲ နည်းပညာအကူအညီဖြင့် ကွန်ရက်များ ဖြန့်ကြက်နိုင်လာသည့်အခါ ကမ္ဘာကြီးက အကျယ်ကြီး မဟုတ်တော့သလို ဖြစ်လာသည်။ သည်လို ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြင့်လာသည့်အခါ ယဉ်ကျေးဖွယ်ရာမှု၊ တိုးတက်မှု တို့သည်သာမက ရိုင်းပျကြမ်းတမ်းမှု၊ ရက်စက်ယုတ်မာမှုတို့သည်လည်း ကူးလူးဆက်နွှယ်လာသည်ကို တွေ့ရပါမည်။

 

အထူးသဖြင့် ဆင်းရဲချမ်းသာကွာဟမှု အလွန်မြင့်မားသည့် မဖွံ့ဖြိုးသေးသည့်(သို့မဟုတ်)ဖွံ့ဖြိုးရန် အလူးအလဲ အားထုတ်နေရသည့် နိုင်ငံများတွင် လူမှုရေးပြဿနာများက ကြောက်ခမန်းလိလိ တိုးပွားလာပါတော့သည်။ ဤလူမှုပြဿနာများကို စနစ်တကျ ကိုင်တွယ်ထိန်းချုပ်နိုင်မှုသည် နိုင်ငံ၏ အနာဂတ်တစ်ခုလုံးနှင့် ဆက်နွှယ် ပတ်သက်နေပါ၏။ မြန်မာနိုင်ငံတွင်လည်း ထိုထိုဤသော တိုးမြင့်လာနေသည့် လူမှုပြဿနာမျိုးစုံကို ကြုံတွေ့ နေရပါသည်။ လူမှုပြဿနာများဆိုသည်က လူမှုအသိုင်းအဝိုင်းတွင် အမြဲတစေရှိနေမည်ဖြစ်သော်လည်း၊ စီးပွားရေး ကျပ်တည်းမှု၊ ဆင်းရဲချမ်းသာကွာဟမှု၊ နည်းပညာတိုးတက်ခြင်း၏ ဘေးထွက်ဆိုးကျိုးများဖြစ်သော ရိုင်းပျကြမ်းတမ်းမှု၊ ကူးလူးဆက်သွယ်ခြင်း စသည်တို့ကြောင့် မီးလောင်ရာလေပင့်ဖြစ်ရပါသည်။ မူးယစ်ဆေးဝါး၊ လူကုန်ကူးမှု၊ သက်ငယ် မုဒိမ်းမှုအပါအဝင် အဓမ္မစော်ကားမှုများ၊ ခိုးဆိုးလုယက်သတ်ဖြတ်မှုစသည်ဖြင့် အမှုအခင်းများက လူမှုအသိုင်းအဝိုင်းအား ခြိမ်းခြောက်နေသည်ကို တွေ့ရပါသည်။

 

ယနေ့ မြန်မာနိုင်ငံတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အနှီလူမှု ပြဿနာများသာမက သဘာဝဘေးအ္တရာယ်ကြောင့် တိုးပွားလာသောပြဿနာများကိုပါ ကိုင်တွယ် ဖြေရှင်းနေရသည်ကို သိရှိနေရပါသည်။ ပညာရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ကျား/မခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု စသည်တို့တွင် လူငယ်များက ကိုယ်တိုင်ပါဝင် ဆုံးဖြတ်နိုင်မည့် လူငယ့်ပြဿနာများကို လူငယ်များကိုယ်တိုင် ပါဝင် ဆုံးဖြတ်နိုင်ရေးမူဝါဒများ ပြင်ဆင်ရေးဆွဲနေသည်ကို သိရပါသည်။

 

လူမှုပြဿနာများဆိုသည်မှာ မွေးကင်းစမှ မကွယ်လွန်မီနောက်ဆုံးအချိန်ထိ ဆက်နွှယ်နေပါသည်။ သည့်ထက်ပို၍ ဆိုရလျှင် မမွေးခင် ကိုယ်ဝန်ဆောင် ဘဝမှာကတည်းက စသည်ဟု ဆိုရပါမည်။ လူ့ဘဝအစမှ အဆုံးကာလတစ်ခုလုံးရှိ ပြဿနာများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းရသည်မှာ လွယ်ကူလှသည်မဟုတ်ပါ။

 

ကလေးပြဿနာ၊ လူငယ်ပြဿနာ၊ သက်ကြီးရွယ်အိုပြဿနာစသည်တို့ သာမက ယနေ့ဆိုလျှင် အမျိုးသမီးများစွာ ကြုံတွေ့နေရသည့် လူကုန်ကူးနှင့် လိင်လုပ်သားကိစ္စများ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပြဿနာများကို ကာကွယ်တားဆီးရန်နှင့် ဦးစားပေးဖြေရှင်းရန်အတွက် လူမှုအဖွဲ့အစည်းက တောင်းဆိုနေပြီဖြစ်ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အထက်ဖော်ပြခဲ့သော ပြဿနာအရပ်ရပ်ကို ဖြေရှင်းနိုင်ရန် ဥပဒေသစ်များ ရေးဆွဲပြင်ဆင်နေသည်ကိုတွေ့ရသည်မှာ တိုင်းပြည်အတွက် အားတက်စရာ ဖြစ်ပါသည်။

 

မသန်စွမ်းသူများ ပြန်လည်ထူထောင်ရေးနှင့် တိုးတက်ရေး၊ သဘာဝဘေးအ္တရာယ်နှင့် လူမှုပဋိပက္ခဘေးတို့ကြောင့် ဒုက္ခကြုံနေရသော ပြည်သူတို့အတွက် လက်ငင်းထောက်ပံ့ကူညီရေးသာမက ရေရှည်ဘဝမြှင့်တင်ရေးတို့အတွက်ပါ ဆောင်ရွက်ပေးနေသည်ကိုလည်း သိရှိရပါသည်။ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးရန် ရုန်းကန်အားထုတ်နေရသည့် နိုင်ငံဖြစ်သည့် အလျောက် ပြန်လည်ထူထောင်စရာများ၊ မြှင့်တင်ပေးရမည်များ၊ ကူညီထောက်ပံ့ရမည်များ၊ ကာကွယ်ပေးရမည်များတို့က နေရာအနှံ့မှာ ရှိနေမည်ပဲ ဖြစ်ပါ၏။

 

ဤတာဝန်ကို ကြိုးပမ်းစွမ်းဆောင်နေသည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကို အားပေး ထောက်ခံရင်း ဆက်လက်အောင်မြင်ပါစေကြောင်း။ ။

 

အယ်ဒီတာ့အာဘော် (မြန်မာ့အလင်း)