လူမှုကွန်ရက် စံနှုန်းများကို ထိန်းသိမ်း

နေပြည်တော် ၁ ဇွန်

 

လူမှုကွန်ရက် ဖေ့စ်ဘွတ်စာမျက်နှာတွင် သတင်းတုများပျံ့နှံ့မှုအား ကြိုတင်ကာကွယ်ရန်နှင့် သုံးစွဲသူ၏ အချက်အလက်များအား အလွဲသုံးစားပြုမှုမှ ကာကွယ်ပေးရန် လုံလောက်စွာ ဆောင်ရွက်ခဲ့မှု မရှိခြင်းအတွက် ဖေ့စ်ဘွတ် အမှုဆောင်ချုပ် ဇူကာဘတ်က ဥရောပပါလီမန်တွင် တောင်းပန်ခဲ့ကြောင်းနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်များ ထိန်းချုပ်ရေး အစီအစဉ်များအား ဆောင်ရွက်ပေးမည်ဟု မေလ ၂၄ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်ကို ကြားသိရသည်။

 

လူမှုကွန်ရက် ဖေ့စ်ဘွတ်အသုံးပြုမှုမှာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်း၌ ကျယ်ကျယ်ပြန့်ပြန့် နှစ်နှစ်ခြိုက်ခြိုက် အသုံးပြုနေကြသည်။ ပို၍ဆိုရလျှင် ဖေ့စ်ဘွတ်အသုံးပြုမှုကို ကောင်းသည့်ဘက်၌ဖြစ်စေ၊ မကောင်းသည့်ဘက်၌ဖြစ်စေ စွဲလမ်းနှစ်သက်စွာ အသုံးပြုနေကြသည်။ ကမ္ဘာတစ်ဝန်းလုံး၌ ဖေ့စ်ဘွတ်သုံးစွဲသူဦးရေမှာ နှစ်ဘီလီယံခန့်ရှိပြီး မြန်မာနိုင်ငံတွင် ပြည်သူ ၁၄ သန်းကျော်ခန့် အသုံးပြုနေသည်ဟု သိရှိရသဖြင့် ကမ္ဘာ့လူဦးရေနှင့်နှိုင်းစာလျှင် မြန်မာနိုင်ငံသည် ဖေ့စ်ဘွတ်အသုံးပြုမှု စံချိန်တင်သည်ဟု ဆိုရမည်ဖြစ်သည်။

 

ယခု ဖေ့စ်ဘွတ်အသုံးပြုရာ၌ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထိန်းချုပ်ရေး အစီအစဉ်အား ကြိုဆိုရမည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ကတည်းက အမုန်းစကားများကို အမှန်ဖြစ်စဉ်များဖြင့်သော်လည်းကောင်း၊ သတင်းအတု အသွင်များဖြင့်သော်လည်းကောင်း သိသိသာသာ ထိုးဖောက်လာသည်ကို တွေ့ရမည်ဖြစ်သည်။

 

အထူးသဖြင့် ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုများ၊ နိုင်ငံရေးထိုးနှက်မှု အသွင်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှုများကို တစ်ဦးချင်းအနေဖြင့်လည်းကောင်း၊ အုပ်စုဖွဲ့အနေဖြင့်လည်းကောင်း လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

 

ယင်းသို့ ဆောင်ရွက်လာနိုင်ခြင်းသည် သတင်းအချက်အလက်ဆိုင်ရာနှင့် ဒစ်ဂျစ်တယ်နည်းပညာဆိုင်ရာ အသိအမြင်ကြွယ်ဝမှု အားနည်းသောကြောင့်ဟု ဆိုရမည်ဖြစ်သည်။ အကျိုးဆက်မှာ လူအချင်းချင်း၊ အဖွဲ့အစည်းအချင်းချင်း ယုံကြည်မှု အားနည်းလာခြင်းနှင့် စိတ်ဝမ်းကွဲပြားခြင်းတို့ ဖြစ်ပေါ်လာပြီး ယင်းကို အခွင့်ကောင်းယူ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အမြတ်ထုတ်မှုများ ဖြစ်ပေါ်လာသည်။ နိုင်ငံကို တည်ဆောက်နေသော ကာလ၊ တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးရေးကို အကောင်အထည် ဖော်နေသောကာလတွင် ယင်းသို့အားထုတ်မှုများသည် ကြီးမားသော စိန်ခေါ်မှုများဖြစ်သည်။

 

ယနေ့ကာလတွင် ဘာသာရေးဆိုင်ရာ တိုက်ခိုက်မှု အကောင့် ငါးသောင်းခွဲခန့်ရှိနေပြီး ကိုယ်ကျိုးစီးပွား ကာကွယ်ရေး အုပ်စုဖွဲ့တိုက်ခိုက်မှု အမြောက်အမြား ရှိနေသည်။ ယင်းတို့တွင် ပုဂ္ဂိုလ်ရေးသိက္ခာချမှု၊ အဖွဲ့အစည်း နာမည်ဖျက်ရန် ကြိုးပမ်းမှုတို့သာမက အဆိုးဆုံးမှာ သတင်းဖျက်၊ ပုံဖျက်သဏ္ဌာန်ဖြင့် မကြားဝံ့မနာသာ ရိုင်းပျစွာ ပြုမူပြောဆိုမှုများအထိ ရှိလာသည်ကို တွေ့ရသည်။ ယင်းသည် နိုင်ငံနှင့်ပြည်သူအတွက် ရေရှည်တွင် မကောင်းသောလက္ခဏာဖြစ်သည်။ ယင်းကို ကာကွယ်ရမည်သာဖြစ်သည်။

 

ထိန်းသိမ်းကာကွယ်သည်ဆိုရာ၌ လွတ်လပ်မှုကို ထိန်းချုပ်ခြင်းမဟုတ်ဘဲ ကျင့်ဝတ်စည်းကမ်း ဖောက်ဖျက်မှုကို ထိန်းသိမ်းခြင်းသာဖြစ်သည်။ ယခုအခါ ဖေ့စ်ဘွတ်သုံးစွဲသူများအတွက် လူမှုကွန်ရက်စံနှုန်းများကို မီဒီယာများတွင် ထုတ်ပြန် အသိပေးနေသည်ကို တွေ့ရသည်။ ဖေ့စ်ဘွတ်သုံးစွဲသူ အချင်းချင်း အချက်အလက်များ မျှဝေရာတွင် လုံခြုံစိတ်ချရပြီး လေးစားမှုရှိသည့် ဝန်းကျင်ဖြစ်ဖို့ အရေးကြီးသည်။ အွန်လိုင်းပေါ်တွင် သတင်းတုများ၊ အမုန်းစကားများ၊ အနိုင်ကျင့် နှောင့်ယှက်ခြင်း၊ အကြမ်းဖက် ခြိမ်းခြောက်ခြင်းတို့ကို မပြုလုပ်သင့်ဘဲ ဖေ့စ်ဘွတ် စည်းမျဉ်း စည်းကမ်း ချိုးဖောက်သည့် အကြောင်းအရာများကို တိုင်ကြားနိုင်ကြောင်း အသိပေးထားသည်။

 

သို့ဖြစ်ရာ ပိုမိုကောင်းမွန်သော လူမှုပတ်ဝန်းကျင်ကို တည်ဆောက်နိုင်ရန်အတွက် လူမှုကွန်ရက် သုံးစွဲသူများ၏ အခန်းကဏ္ဍမှာ အရေးကြီးပေရာ လူမှုစံနှုန်းများကို ဖောက်ဖျက်ခြင်း မရှိဘဲ ဖောက်ဖျက်ကျူးလွန်သူများအား ဝိုင်းဝန်းထိန်းသိမ်း ကာကွယ်ပေးခြင်းဖြင့် မိမိနှင့် မိမိလူမှုပတ်ဝန်းကျင် စိတ်ချလုံခြုံရေးကို အကူအညီပေးရာရောက်သည်ဟု ရှုမြင်ပါကြောင်း။

 

ကြေးမုံ