လူမှုဘဝနှင့်လုပ်ငန်းအောင်မြင်ရေးအတွက် စစ်ဆေးမှုလိုအပ်ခြင်း

 

ငြိမ်းချမ်းမေ

 

လုပ်ငန်းအဖွဲ့အစည်းအသီးသီးတို့သည် မိမိတို့၏ ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်စေရေးအတွက် အဖွဲ့အစည်းအမျိုးမျိုးတို့ကို စည်းရုံးဖွဲ့စည်း ထားကြပါသည်။ မည်သည့်အလုပ်ရှိ မည်သည့်အချက်ကို စီမံခန့်ခွဲသည်ဖြစ်စေ စနစ်တကျ စီမံခန့်ခွဲရာ၌ အစီအစဉ်များပြုလုပ်ခြင်း၊ စည်းရုံးဖွဲ့စည်းခြင်း၊ လက်တွေ့စစ်ဆေး ဆောင်ရွက်ခြင်းနှင့် ထိန်းသိမ်းကွပ်ကဲခြင်းတို့ ရှိကြပါသည်။ မည်သည့်လုပ်ငန်းအဖွဲ့အစည်းတွင်ရှိသည့် အကြီးအကဲမဆို ထိရောက်စွာ စီမံခန့်ခွဲနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်မှုများကို ဦးစွာဆောင်ရွက်ထားရန် လိုအပ်ပါသည်။

 

ဦးစွာပထမ လိုလားချက်များအနေဖြင့် မိမိတို့ ဘာကိုလိုချင်သည်၊ နောက်ဆုံးအနာဂတ်ကာလတွင် ရောက်ရှိရမည့်နေရာ၊ ရရှိရမည့်အကျိုးသက်ရောက်မှု၊ ဘဝ၏အောင်မြင်ရေးနှင့် ချိန်ဆပြီး လုပ်ငန်းခွင် တစ်ခုလုံးစစ်ဆေးမှုဖြင့် ခံစားရရှိမည့် ရလဒ်တို့ကို ကြိုတင်ရည်မှန်းချက်ထားရှိရန် လိုပါသည်။

 

စီမံကိန်းများရေးဆွဲ၍ စစ်ဆေးခြင်း

 

မိမိတို့လုပ်ငန်းအဖွဲ့အစည်းများ၏ ရည်မှန်း ချက်များကို သိရှိပြီးနောက် ဆောင်ရွက်ရန်အချက်မှာ ထိုရည်မှန်းချက်များကို ရရှိစေရေးအတွက် လုပ်ကိုင် ရန် စီမံကိန်းများရေးဆွဲရေးပင်ဖြစ်ပါသည်။ စီမံကိန်းများ ရေးဆွဲရာ၌ လက်ရှိအဖြစ်မှန်၊ ပကတိအခြေ အနေအပေါ်တွင်သာ အခြေခံ၍ ရေးဆွဲရပါမည်။ ဖြစ်စေလိုသောဆန္ဒများ၊ စိတ်ကူးစိတ်သန်းများ အပေါ် အခြေခံပြီး ရေးဆွဲ၍မရနိုင်ပေ။ စီမံကိန်းများ ရေးဆွဲခြင်းသည် အလုပ်များကို လက်တွေ့လုပ်ကိုင် အကောင်အထည် ဖော်သကဲ့သို့ပင် အရေးကြီးသော လုပ်ငန်းရပ်ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ဆောင်ရွက်ချက်အားလုံးတို့မှာ စည်းကမ်းတကျ ဖြစ်စေမည်ဖြစ်သည်။ အဓိပ္ပာယ်ရှိစေပါမည်။ ကြိုးစားဆောင်ရွက်သမျှ လုပ်ငန်းအားလုံးကို စစ်ဆေးခြင်းဖြင့် စည်းမဲ့ကမ်းမဲ့ ပရမ်းပတာမဖြစ်ဘဲ လုပ်ငန်း၏ရည်မှန်းချက်ကို သတ်မှတ်ထားသည့် အချိန်အတွင်း အခက်အခဲမရှိဘဲ အောင်မြင်စွာ ရောက်ရှိမည် ဖြစ်ပါသည်။

 

ခေတ်ကာလသည် တစ်နေ့တခြား ပြောင်းလဲတိုးတက်နေသည့်အလျောက် လူနေမှုဘဝနှင့် လုပ်ငန်းအဖွဲ့အစည်း အားလုံးသည်လည်း မျက်ခြည်မပြတ် အမြဲတစေ အမီလိုက်၍ နေရပါသည်။ လုပ်ငန်းအဖွဲ့အစည်းများ ကြီးပွားတိုးတက် အောင်မြင်ချက်များရရှိနိုင်ရန် တာဝန်အရှိဆုံး ပုဂ္ဂိုလ်မှာ အဖွဲ့အစည်း၏ခေါင်းဆောင် ဦးဆောင်သူပင် ဖြစ်သည်။ ခေါင်းဆောင်သည် စီမံခန့်ခွဲမှုပညာ ကျေညက်နေရန် လိုအပ်ပြီး မိမိအဖွဲ့အစည်း၏ လုပ်ငန်းခွင်ဆိုင်ရာများကို လိမ္မာပါးနပ်စွာဖြင့် ကျင့်သုံးမှသာလျှင် အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်မည်။

 

အလုပ်ခွင်တွင် လူသာပဓာန အဓိကဟူသော သဘောတရားကို သဘောပေါက်အသုံးချတတ်ရန် လိုအပ်ပေသည်။ အလုပ်ခွင်၌ လူမှန်နေရာမှန် တာဝန်ချထားရေး၊ အဖွဲ့သားများ စိတ်ဓာတ်တက်ကြွစေရေး၊ ညွှန်ကြားချက်နှင့် စည်းကမ်းများကို လိုက်နာဆောင်ရွက်ရေး၊ လုပ်ငန်းခွင်သာယာ ပျော်ရွှင်စေရေးတို့အတွက် လိမ္မာပါးနပ်စွာဖြင့် စစ်ဆေးမှုများ ပြုလုပ်ရပေမည်။ လုပ်ငန်းအဖွဲ့ အစည်း၏ ဖြစ်ပေါ်လာသော လုပ်ငန်းကိစ္စအားလုံး ကို တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် စစ်ဆေးခြင်းပြုလုပ် ပြီး ဖြေရှင်းဆောင်ရွက်ပေးနိုင်ပါက ခေါင်းဆောင်မှု အကြီးအကဲ၏ ဦးဆောင်မှုဖြင့် အလုပ်ခွင်အတွင်း လူမှုရေးရာဆက်ဆံမှုအဖြာဖြာ ပြေလည်၍ ချောမော ပြေပြစ်အောင်မြင်မည် ဖြစ်ပါသည်။

 

မှန်ကန်သော ဆင်ခြင်တုံတရားဖြင့် စစ်ဆေးမှုစွမ်းအား

 

လူသည် ဆင်ခြင်တုံတရားနှင့်အညီ နေထိုင် ရှင်သန်သော သတ္တဝါဖြစ်သည်ဟူ၍ ရှေးဟောင်း ဂရိဒဿနပညာရှင်ကြီး အရစ္စတိုတယ်လ်က လူသားကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့ဖူးပါသည်။ ဤအဆို အမိန့် မည်မျှမှန်ကန်ကြောင်း လက်ရှိလူ့ဘောင် အဖွဲ့အစည်း၏ စာပေယဉ်ကျေးမှု၊ အတွေးအခေါ်နှင့် သိပ္ပံနည်းပညာဆိုင်ရာများ အံ့မခန်းတိုးတက်လာ ခြင်းက သက်သေပြနေပါသည်။ လူသားတို့သည် အခြားသော သတ္တဝါများကဲ့သို့ အစွယ်၊ လက်သည်း၊ နှုတ်သီး၊ တောင်ပံများ မရှိသော်လည်း ဆင်ခြင် စဉ်းစားတတ်သော အဆင့်မြင့်ဦးနှောက်ကို ရရှိ ပိုင်ဆိုင်ခဲ့ကြရသောကြောင့် ကမ္ဘာမြေကို စိုးမိုး ချုပ်ကိုင်နိုင်သော သတ္တဝါမျိုးစိတ်တစ်ခု ဖြစ်လာခဲ့သည်။ လူသားတို့သည် အတွေ့အကြုံမှ ရရှိလာသော အချက်အလက်များကို ဆင်ခြင်ခြင်းအားဖြင့် ရေတွက်ခြင်း၊ အမျိုးအစားခွဲခြင်း၊ နှိုင်းယှဉ်ခြင်း၊ ပေါင်းစပ်ခြင်း၊ စစ်ဆေးခြင်း၊ ဆက်သွယ်တည် ဆောက်ခြင်းတို့ကို ပြုလုပ်၍ သဘာဝလောက ဓာတ်ကြီးကို စေစားနိုင်ခဲ့ကြသည်။ ထိုမျှမကသေး ဘာသာစကားနှင့် ဆက်သွယ်ရေးသင်္ကေတစနစ်များ၊ အနုပညာများကိုလည်း ဖန်တီးတည်ဆောက်၍ လူသားတို့၏ အဆင့်မြင့်မားသော ယဉ်ကျေးမှု အစဉ်အလာများကို ပျိုးထောင်နိုင်ခဲ့ကြပေသည်။

 

လူသားအန္တရာယ်တစ်ရပ်လုံးကို အကျိုးပြုခဲ့သော ဆင်ခြင်ခြင်းစွမ်းအားနှင့် စစ်ဆေးဝေဖန် သုံးသပ်တတ်ခြင်း သဘောသည် လူသားတစ်ဦးချင်းစီအတွက်လည်း ဘဝလမ်းညွှန်ပဲ့ ထိန်းသဘောမျိုး ဖြစ်စေခဲ့သည်မှာအမှန်ပင်ဖြစ်သည်။ နေ့စဉ်ဘဝနှင့် လုပ်ငန်းခွင်ဘဝတို့တွင် လူတို့သည် အစဉ်မပြတ် ဆုံးဖြတ်ချက်များကို ချမှတ်နေကြရသည်။ ဘဝအတွက် အရေးပါသော ရွေးချယ်မှုများကို လုပ်ဆောင်နေကြရသည်မှာ လက်တွေ့အရှိတရားတစ်ခု ဖြစ်သည်။ စစ်ဆေးတွေးတော စဉ်းစားတတ်သည့် အရည်အချင်းကို လေ့လာဖြည့်ကျင့် ဆည်းပူးထား သူသည် ဘဝအတွက် လုပ်ငန်းအတွက် မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမှတ်နိုင်သကဲ့သို့ အကျိုး သက်ရောက်မှုကောင်းသော ရွေးချယ်မှုများကိုလည်း လုပ်ဆောင်နိုင်မည်ဖြစ်သည်။

 

လူသား၏ ရုပ်ကိုယ်ခန္ဓာ ကျန်းမာရေးကို ရောဂါပိုးမွှားတို့က အနှောင့်အယှက်ပေးနေသကဲ့သို့ လူ၏ဆင်ခြင်ခြင်းကိုလည်း ဒုက္ခပေးနေသော ဆင်ခြင်မှားများ ဘက်လိုက်အစွဲများကို သတိပြုရှောင်ရှား နိုင်ရန်လိုသည်။ လူသည် ဆင်ခြင်တတ်သော သတ္တဝါဖြစ်သော်လည်း မွေးရာပါ လောဘ၊ ဒေါသ၊ မောဟ စသည့် အချစ်အမုန်း အမိုက်အစွဲများက ဆင်ခြင်မှုကို မှုန်ဝါးအောင် နောက်ကျိရှုပ်ထွေးအောင် ပူးကပ်ဖျက်ဆီးတတ်ကြသောကြောင့် ဆင်ခြင်မှား အတွေးတို့၏ သဘောကို နားလည်ခြင်းအားဖြင့် မိမိတို့၏ စစ်ဆေးဆင်ခြင်ခြင်းကို ပိုမိုထက်မြက် စေမည်ဖြစ်ပေသည်။

 

ပညာသင်ယူနေဆဲ ကျောင်းသား ကျောင်းသူ ဖြစ်စေ၊ လုပ်ငန်းခွင်ဝင်ရောက်နေသည့် ဝန်ထမ်း သို့မဟုတ် စီးပွားရေးလုပ်ငန်းရှင်ဖြစ်စေ၊ နိုင်ငံရေးနယ်ပယ်၌ ဟောပြောစည်းရုံးခြင်းအားဖြင့် တိုင်းပြည်အကျိုးကို ဆောင်ရွက်နေသည့် နိုင်ငံရေးသမား ဖြစ်စေ၊ သတင်းမီဒီယာအလုပ်ဖြင့် အများပြည်သူကို အသိအမြင်ဖွင့်ပေးသည့် စာနယ်ဇင်းသမားဖြစ်စေ၊ မှန်ကန်သော စစ်ဆေးတွေးခေါ်စဉ်းစားခြင်းတည်း ဟူသော လက်နက်နှင့် မကင်းနိုင်သဖြင့် သေချာစွာ အသုံးပြု၍ လူ့ရွာကောင်းကျိုး တိုးတက်အောင် ကြံဆောင်သင့်ပေသည်။

 

စည်းကမ်းထိန်းသိမ်းရေးနှင့် စစ်ဆေးမှုအားကောင်းချက်

 

လူမှုဘဝနှင့် လုပ်ငန်းခွင်အဖွဲ့အစည်း အောင်မြင်ရေးအတွက် အခြေခံဥပဒေသသုံးချက်ကို လက်တွေ့ ကျင့်သုံးကြရပေမည်။ ယင်းတို့မှာ (၁) မှန်ရမည် ၊ (၂) မြန်ရမည်၊ (၃)ထိရောက်ရမည် ဖြစ်သည်။

 

မှန်ကန်အောင်လုပ်ဆောင်ရန်မှာ အထပ်ထပ် စစ်ဆေး၍ အမှားမပါအောင် စီမံ၊ တည်းဖြတ်၊ ပြုပြင်တတ်ရသည်။ အမှန်အမှား၊ အကောင်းအဆိုး၊ အကျိုး အပြစ် ခွဲခြားစိစစ်တတ်ရမည်။

 

မြန်ဆန်အောင်လုပ်ဆောင်ရန်မှာ နိုးကြား ရမည်၊ အစဉ်အသင့်ရှိရမည်၊ ကြိုတင်မျှော်တွေး ထားရမည်၊ ဦးစွာအသင့်ပြင်စီမံထားရမည်၊ လုပ်ငန်း ကျွမ်းကျင်ရမည်၊ ဆက်သွယ်မှုကောင်းရမည်၊ ပူးပေါင်း ဆောင်ရွက်မှု အံကျရမည်၊ အချိတ်အဆက်မိရမည်၊ သွက်လက်သန်မာရမည်၊ ကြံ့ခိုင်မှု အားကောင်း ရမည်၊ အသုံးပြုသော ကိရိယာပစ္စည်းများလည်း ခေတ်မီနေရမည်။

 

ထိရောက်အောင်လုပ်ရန်မှာ မိမိ၏လုပ်ဆောင် ချက်နှင့် အသင်းအဖွဲ့၏ စွမ်းအား၊ အရည်အချင်း၊ အရည်အသွေးက အရေးကြီးပေသည်။ လုပ်ငန်း ကျွမ်းကျင်ရမည်၊ လုပ်ချင်ကိုင်ချင်စိတ် ထက်သန် ရမည်၊ စည်းလုံးညီညွတ်ကြရမည်၊ မိမိ၏ အလုပ် အပေါ် ချစ်မြတ်နိုးပြီး ရိုသေတန်ဖိုးထားတတ်ရမည်၊ ယုံကြည်ချက်ရှိရမည်၊ ခံယူချက်ကောင်းရမည်၊ အထက်အောက် ဘေးဘယ်ညာဆက်ဆံမှု၊ ထိတွေ့ မှုကောင်းရမည်၊ စည်းရုံးနိုင်စွမ်းရှိရမည်၊ ခေါင်းဆောင်မှု အရည်အသွေးထက်မြက် ပြည့်ဝရမည် စသည် တို့ကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးမှု ပြုလုပ်နေရ မည်။

 

လုပ်ငန်းအဖွဲ့အစည်း အသီးသီးကို ဥပဒေများ၊ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းများဖြင့် ဖွဲ့စည်းတည်ထောင်ထားပါသည်။ ယင်း ဥပဒေ၊ ညွှန်ကြားချက်များနှင့် လုပ်ထုံးလုပ်နည်းများ အားလုံးတို့သည် “စည်းကမ်း” များပင် ဖြစ်သည်။ ယင်းစည်းကမ်းများကို အဖွဲ့သားတစ်ဦးချင်းမှသည် အဖွဲ့အစည်းကြီးတစ်ခုလုံးက လိုက်နာဆောင်ရွက် ပါမှ ကြီးပွားတိုးတက် အောင်မြင်ချက်များကို ရရှိ မည်ဖြစ်သည်။ ထို့ကြောင့် အဖွဲ့သားတစ်ဦးချင်း၏ စည်းကမ်းလိုက်နာမှုသည် အဖွဲ့အစည်းကြီးတစ်ခု လုံး၏ အကျိုးမှသည်  နိုင်ငံတော်အကျိုးကိုပါ ဖြစ်စေပါသည်။ နိုင်ငံတော်က ချမှတ်ပေးထားသော စီမံကိန်းများ အောင်မြင်ရေးကို အထောက်အကူပြုစေပါသည်။ သို့ပါ၍ အဖွဲ့သား တစ်ဦးချင်း၏ စည်းကမ်းထိန်းသိမ်းရေးကို စစ်ဆေး ဆောင်ရွက်ခြင်းသည် နိုင်ငံတော်နှင့်ချီ၍ အရေးပါလှပါသည်။

 

စည်းကမ်းဖောက်ဖျက်ခြင်းသည် အဖွဲ့သား၏ မရိုးသားမှု၊ တမင်ဖောက်ဖျက်မှုကြောင့် မဟုတ်ဘဲ အယူအဆလွဲမှားမှု၊ လက်နက်ပစ္စည်းကိရိယာများ၏ ချွတ်ယွင်းမှု၊ စည်းကမ်းကို တကယ်လက်တွေ့ လိုက်နာရန်မဖြစ်နိုင်မှု၊ ညွှန်ကြားချက်များ မပြည့်စုံမှု စသောအချက်များကြောင့် ဖြစ်ပါမူ အခြားပြုပြင် သင့်သည်များကို ပြုပြင်ပေးရန် ချက်ချင်းစစ်ဆေး ခြင်းကို ပြုလုပ်သင့်ပေသည်။ ထို့ကြောင့် မည်သည့် လုပ်ငန်းမဆို စစ်ဆေးခြင်း(Check) လုပ်ငန်းကို အပတ်စဉ်(Weekly) စစ်ဆေးခြင်းနှင့် လုပ်ငန်း အနှစ်ချုပ်ဟု ဆိုရမည့် နှစ်စဉ် (Annual) စစ်ဆေး ခြင်းတို့သည် မှန်ကန်ကောင်းမွန်သော နည်းစနစ် အလေ့အကျင့်များ ဖြစ်သည့်အပြင် နေ့စဉ်လူမှုဘဝ တိုးတက်ရေးကိုပါ များစွာအထောက်အကူဖြစ်စေပါသည်။

 

စစ်ဆေးမှုဖြင့်အောင်မြင်ခြင်း ရလဒ်များ၏ အတိမ်အနက်

 

လုပ်ငန်းတစ်ခုအောင်မြင်တိုးတက်မှု ရရှိအောင် ခေါင်းဆောင်မှုပြုလုပ်သည့် အကြီးအကဲသည် မိမိတို့၏ အဖွဲ့အစည်းအတွင်း လုပ်ငန်းအောင်မြင်ရေး အတွက် တာဝန်ယူထားရသူဖြစ်ပေသည်။ အဖွဲ့ အစည်းကို ကိုယ်စားပြုကာ တာဝန်ယူမှု၊ တာဝန်ခံမှု အဖွဲ့သားတစ်ဦးချင်း၏ ဆောင်ရွက်သမျှ ကိစ္စအဝဝကို စစ်ဆေးခြင်းဖြင့် အချိန်ပြည့် တာဝန်ယူထားရသူ ဖြစ်ပေသည်။ သို့ဖြစ်ရာ ပြဿနာများကို မဖြစ်ပွားမီ ကြိုတင်သိရှိနိုင်ရေး၊ မိမိတို့၏ လုပ်ငန်းနှင့်ပတ်သက်၍ အခြေအနေမှန်များကို သိရှိထားစေရေးအတွက် ခေါင်းဆောင်မှုပြုသူတို့သည် မိမိတို့လုပ်ငန်းအဖွဲ့ အစည်းတွင် အခါအားလျော်စွာစစ်ဆေးမှုများကို ပြုနေရမည်ဖြစ်ပါသည်။ လုပ်ငန်းအောင်မြင်ရေး၊ စနစ်ကျစေရေးအတွက် စစ်ဆေးမှုလုပ်ငန်းကို ဦးစား ပေးဆောင်ရွက်ရမည် ဖြစ်ပါသည်။ စစ်ဆေးဆောင် ရွက်ခြင်းသည် မိမိလုပ်ငန်းအောင်မြင်ခြင်းရလဒ်၏ အတိမ်အနက်ကို ပို၍ပေါ်လွင်စေပါသည်။

 

စစ်ဆေးခြင်းလုပ်ငန်းကြောင့် လုပ်ငန်းခွင် အတွင်းရှိ လုပ်ငန်းတစ်ခုချင်း၏ ထူးခြားသောအခြေ အနေများကို သိရှိနိုင်ပေသည်။ စစ်ဆေးမှုအကျိုး ရလဒ်ကြောင့် မည်သည့်နေရာတွင် မည်သည့်အချိန်က မည်သည့်လုပ်ငန်းများကို ဆောင်ရွက်နေသည်၊ ဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို သိထားနိုင်မည် ဖြစ်သည်။ စစ်ဆေးမှုလုပ်ငန်းကို ခေါင်းဆောင်မှုပြုသူနှင့်အတူ တာဝန်ခွဲဝေယူ၍ လုပ်ငန်းဆောင်ရွက်ချက်များကို စစ်ဆေးဆောင်ရွက်ပါက တာဝန်ယူ စစ်ဆေးခြင်း ခွဲဝေထားမှုကြောင့် လုပ်ငန်းပို၍ ထိရောက် အောင်မြင်နိုင်ပါသည်။

 

လူမှုဘဝတွင် အချိန်နှင့်အမျှ လုပ်ငန်းအောင်မြင် တိုးတက်ရေးအတွက် လုပ်ဆောင်ထားသမျှအရာ အားလုံးကို စစ်ဆေးမှုပြုနေရန် လိုအပ်လှပါသည်။ သို့မှသာ စစ်ဆေးမှုကြောင့် အခက်အခဲများ၊ ထူးခြား သည့်အခြေအနေများ ပေါ်ပေါက်လာသည်ကိုလည်း ကြုံတွေ့ရမည်ဖြစ်သည်။ မိမိ၏စွမ်းဆောင်ချက်များ၊ လုပ်ငန်းအဖွဲ့အစည်းတစ်ခုလုံး၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ ရေရှည်အောင်မြင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ဆေးမှု ပြုခြင်းလုပ်ငန်းသည် ကျောရိုးပမာ အရေးပါသော လုပ်ငန်းဆောင်ရွက်ချက်တစ်ခု ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။

 

ကိုးကား -

(၁) စိစစ်ခွဲခြား စဉ်းစားခြင်း (စာရေးဆရာ ကျော်လင်းတူ)

(၂)  အရာရှိလက်စွဲ၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန

(၃) အကြီးအကဲလက်စွဲ၊ အမျိုးသားစာပေဆုရ ဦးမောင်မောင် (BA, BL , D.M.A)