လူမှုဘဝအေးချမ်းသာယာရေး လက်တွဲဖော်ဆောင်

နေပြည်တော် ၁၀ နိုဝင်ဘာ

 

ပြည်သူများ၏ယုံကြည်မှုကိုရရှိရန် ဖြစ်ပေါ်လာသော မှုခင်းများနှင့်အကြမ်းဖက်မှုများကို ခေတ်ကာလအခြေအနေနှင့်လျော်ညီသည့် ကြိုတင်ကာကွယ်တားဆီးမှုများ ပြုလုပ်နိုင်ရေးသည်အရေးကြီးကြောင်း စိန်ခေါ်မှုအသစ်များဖြင့် အရေးတကြီးရင်ဆိုင်ရမည့် နိုင်ငံဖြတ်ကျော် မှုခင်းဆိုင်ရာတို့နှင့်စပ်လျဉ်း၍ (၁၂) ကြိမ်မြောက် အာဆီယံဝန်ကြီးအဆင့် နိုင်ငံဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးဆိုင်ရာအစည်းအဝေးတွင် ဒုတိယသမ္မတဦးမြင့်ဆွေက ပြောကြားခဲ့သည်။

 

 

ကမ္ဘာ့နိုင်ငံများတွင် လူမှုဘဝဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ မှုခင်းဖြစ်စဉ်များလည်း အမျိုးမျိုးဖြစ်ပေါ်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။နိုင်ငံအတွင်း မှုခင်းဖြစ်စဉ်များကို မျက်ခြည်မပြတ်ကိုင်တွယ်ဖြေရှင်းလျက်ရှိနေစဉ်တွင် လက်လှမ်းမမီ၊ ကိုင်တွယ်ရခက်ခဲသော မှုခင်းဖြစ်စဉ်များမှာနိုင်ငံဖြတ်ကျော် မှုခင်းများဖြစ်ပြီး ယင်းကိုကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ထိရောက်စွာအရေးယူကိုင်တွယ် ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရသည်။

 

နိုင်ငံဖြတ်ကျော် မှုခင်းများသည် အာဆီယံဒေသတွင်းသာမကကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတစ်ရပ်ဖြစ်လာပြီး ကမ္ဘာ့လူသားအားလုံးအတွက်စိန်ခေါ်မှုဖြစ်လာသည်။ အထူးသဖြင့် နှစ်နိုင်ငံနယ်နိမိတ်တစ်လျှောက်တွင် ဖြစ်ပေါ်တတ်သော အုပ်စုဖွဲ့မှုခင်းများမှာ တိုးတက်လာသောနည်းပညာကိုအသုံးပြု၍ တရားမဝင်ငွေကြေး ခဝါချခြင်း၊ လူမှောင်ခိုခြင်း၊ဆိုက်ဘာပြစ်မှုများကျူးလွန်ခြင်း၊ မူးယစ်ဆေးဝါးကုန်ကူးခြင်း၊ လက်နက်မှောင်ခိုခြင်း၊ ရှားပါးမျိုးစိတ် တောရိုင်းတိရစ္ဆာန်များကုန်ကူးခြင်းနှင့်နျူကလီးယားအသုံးပြုမှုပစ္စည်းများ သယ်ဆောင်ရောင်းဝယ်ခြင်းတို့တွင်အစီအစဉ်ချချိတ်ဆက်၍ နိုင်ငံတစ်နိုင်ငံထက်ပိုသည့် ကွန်ရက်များဖြင့် ကျူးလွန်နေကြသည်ကို တွေ့ရမည်ဖြစ်သည်။

 

 

လက်ရှိတွင် ရာဇဝတ်ကောင်များ၏ အုပ်စုဖွဲ့ပြစ်မှုကျူးလွန်မှုများကြောင့် နိုင်ငံဖြတ်ကျော်မှုခင်းကွန်ရက်များ ပိုမိုတိုးတက်ဖြစ်ပေါ်လာပြီးအစိုးရများသည် နစ်နာသူပြည်သူများကို ထိရောက်စွာကာကွယ် စောင့်ရှောက်မှုပေးနိုင်ရန် အရေးတကြီးလိုအပ်လျက်ရှိသည်။ အဆိုပါမှုခင်းပြဿနာများကိုမကာကွယ်နိုင်လျှင် နိုင်ငံအစိုးရများသည် သားကောင်သဖွယ် အင်အားချည့်နဲ့နေမည်ဖြစ်သည်။ နိုင်ငံဖြတ်ကျော် မှုခင်းများသည် နိုင်ငံတကာလုံခြုံရေးကို ပိုမိုခြိမ်းခြောက်မှုရှိလာသဖြင့် ပြည်သူ့ဘဝလုံခြုံရေး၊လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေးတည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုပါ ထိခိုက်မှုရှိလာသည်ကိုတွေ့ရမည်ဖြစ်သည်။

 

 

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၂၅ အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံများရှိပြည်သူများဘဝ လုံခြုံစိတ်ချမှုရှိရေးအတွက် နိုင်ငံဖြတ်ကျော်မှုခင်းပြဿနာများကို ထိရောက်စွာတားဆီးနှိမ်နင်းရေး အဓိကလိုအပ်နေသည်ဟု သုံးသပ်မိပါသည်။ အာဆီယံမိသားစုဝင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်မှု အောင်မြင်ရေးအတွက် တာဝန်နှင့်ဝတ္တရားများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေး၊ သာယာဝပြောရေးနှင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်း၏သာယာဝပြောရေးကြိုးပမ်းမှုတွင် မျှဝေထမ်းဆောင်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေးအပြင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင်လည်း အာဆီယံမူဘောင်များနှင့်အညီ အဖွဲ့ဝင် နိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အမြဲအသင့်ရှိနေကြောင်း အတိအလင်းပြောကြားခဲ့သည်။

 

 

နိုင်ငံဖြတ်ကျော်မှုခင်းများသည် လတ်တလောနစ်နာဆုံးရှုံးမှုမရှိခြင်း၊တိုင်တန်းမှုနည်းပါးခြင်း၊ တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများချက်ချင်းသိရှိရန် မလွယ်ကူခြင်း၊ အရေးယူဆောင်ရွက်ရာတွင် စွမ်းရည်နှင့်နည်းပညာလိုအပ်ချက်များရှိခြင်း၊ နယ်ပယ်ကျယ်ဝန်းသဖြင့် လက်လှမ်းမမီခြင်း၊ နယ်နိမိတ်ပိုင်းခြားမှုရှိသဖြင့် ရှောင်တိမ်းရလွယ်ကူခြင်း၊ကန့်သတ်ချက်များရှိခြင်း၊ အငြင်းပွားမှုများရှိခြင်းစသည့် အခက်အခဲများစွာတို့ကြောင့် ခက်ခဲသောမှုခင်းများဖြစ်ခဲ့သည်။

 

 

သို့ဖြစ်ရာ နိုင်ငံများရှိ ပြည်သူများ လူမှုဘဝအေးချမ်းသာယာရေးအတွက် ခက်ခဲနက်နဲသော နိုင်ငံဖြတ်ကျော်မှုခင်းများကို နိုင်ငံအချင်းချင်းညီညွတ်စွာပူးပေါင်းလက်တွဲဆောင်ရွက်ပြီး ပြည်သူများ၏အကူအညီဖြင့် ကြိုတင်တားဆီးကာကွယ်သွားကြရမည်ဖြစ်ပါကြောင်း။ ။

 

 

ကြေးမုံ