မြင်းမူ ၂၈ ဖေဖော်ဝါရီ
လူကုန်ကူးမှုတားဆီးရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့များအား လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မြင်းမူမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း ခန်းမတွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတင်အောင်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် ဥပဒေအရာရှိ ဦးအောင်ဇော်ရှိန်းက လူကုန်ကူးမှုနှင့် ပတ်သက်၍ ချမှတ်ထားသော တည်ဆဲဥပဒေ ဆက်နွယ်မှုနှင့် ပတ်သက်၍ အပြစ်ပေးအရေးယူနိုင်သော ဥပဒေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မုံရွာမြို့အမှတ်(၁၄) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းနိုင်က လူကုန်ကူးမှု ဖြစ်စဉ်များ၊ ပြည်သူများ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖမ်းဆီးရမိခဲ့မှုများ၊ လူကုန်ကူးမှု သံသယရှိပါက ရပ်ကွက်နှင့် ကျေးရွာများတွင် ဖွဲ့စည်းထားသော လူကုန်ကူးမှု တားဆီးရေး အဖွဲ့များမှတဆင့် သက်ဆိုင်ရာ အဖွဲ့များနှင့် ပူးပေါင်းဖော်ထုတ်ပါက လူကုန်ကူးမှုတားဆီးရေး လုပ်ငန်းများ ပိုမိုဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ ဆွေးနွေးပွဲသို့ ရပ်ကွက်နှင့် ကျေးရွာများမှ ရပ်ရွာအခြေပြု လူကုန်ကူးမှုဆိုင်ရာ စောင့်ကြည့် ရေးအဖွဲ့များ၊ NGO များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်စိုးဖေ(မြင်းမူ ပြန်/ဆက်)


