လူကိုကူးစက်တတ်သော လက်ပတိုစပိုင်ရိုးစစ်ရောဂါ၊ အီကိုမိုးတူး ပရောဂျက်နှင့် တိရစ္ဆာန်ဆေးကုဆရာဝန် တစ်ယောက်၏ အခန်းကဏ္ဍ

mdn

သတင်းဆောင်းပါး - ဒေါက်တာခင်စန်းမော်

 

အချိန်က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်။

နေရာက အင်းလျားကန်ဘေးရှိ စိမ်းလန်းစိုပြည်ဥယျာဉ် မှာ ဖြစ်သည်။ ဆောင်းနံနက်ခင်းမို့ ခပ်နုနု နေရောင်ခြည်။ သန့်ရှင်းလတ်ဆတ်သောလေ၊ စိမ်းစိုနေသော အုပ်အုပ်ဆိုင်းဆိုင်းသစ်ပင်များ၊ အေးမြနေသော ပတ်ဝန်းကျင် တို့က စိမ်းလန်းစိုပြည် ဆိုသောအမည်နှင့် အလွန်ပင်လိုက်ဖက်လှသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်ဖြစ်သည့် အချိန်မှစ၍ ဆေးခန်းနှင့် အိမ်ကိုသာ နေ့စဉ်နေ့တိုင်း ကူးချည်သန်းချည်လုပ်နေခဲ့ရရာ တစ်ခါတစ်ရံ အလုပ်ခွင်၏ ပြင်ပသို့သွားရောက်ခွင့်ရသောအခါ၌ လွတ်လပ်ပေါ့ပါးသည့်အရသာကို ရရှိခံစားရလေသည်။ မသွားမဖြစ် သွားရောက်ရသောကိစ္စအများစုမှာ ပညာရပ်ဆိုင်ရာ ကိစ္စများနှင့်သာ ပတ်သက်ဆက်နွယ်နေတတ်ပါ၏။ ယခုလည်း ပညာရပ်နှင့်သက်ဆိုင်သော စာတမ်းတစ်ခု  ဖတ်ရန် ရောက်ရှိနေရခြင်း ဖြစ်သည်။

 

စာတမ်းဖတ်ကြားရမည့် အကြောင်းအရာသည် အီကိုမိုးတူး(Ecomore 2) ပရောဂျက်နှင့် ပတ်သက်နေပါသည်။ Ecomore ၏ အဓိပ္ပာယ်မှာ Economic Development Ecosystem Modifications and Emerging Infectious Diseases Risk Evaluation ဖြစ်သည်။ ဤပရောဂျက်တွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ်နိုင်ငံ စသည့် ငါးနိုင်ငံ ပါဝင် ချိတ်ဆက်ထားသည်။ ပရောဂျက်၏ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်တွင် ပြည်သူလူထုကျန်းမာရေးကို အထူး ဦးစားပေးပြီး ဆောင်ရွက်ရာ၌ ပတ်ဝန်းကျင် မြေ၊ ရေ၊ လေကို ပြောင်းလဲစေတတ်သည့် ရေမှတစ်ဆင့်ကူးစက်တတ်သော ရောဂါများ၊ ရောဂါပိုးကို သယ်ဆောင်ထား သည့် ကြားခံသတ္တဝါများမှတစ်ဆင့် ကူးစက်တတ်သောရောဂါများကို ရှာဖွေထောက်လှမ်း စစ်ဆေးခြင်းလည်း ပါဝင်နေသည်။ ထိုအစီအစဉ်အရ အီကိုမိုးတူး ပရောဂျက်သည် ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား  ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ လက်အောက်ရှိ  မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ရောဂါရှာဖွေရေး ဓာတ်ခွဲခန်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်နေသည်။

 

ယခုရှာဖွေစစ်ဆေးရသည့်ရောဂါမှာ လက်ပတ် စပိုင်ရိုးစစ်ရောဂါ (Leptospirosis) ဖြစ်ပြီး ယင်းသည် လက်ပတိုစပိုင်ရာ (Leptospira) ဗက်တီးရီးယားကြောင့် ဖြစ်ပွားရသောရောဂါဖြစ်သည်။ ဤရောဂါပိုးကို သမပိုင်းရာသီဥတုနှင့် အပူပိုင်းရာသီဥတုရှိသည့်ဒေသများ တွင် အများဆုံးတွေ့ရတတ်ပါသည်။ ရောဂါဖြစ်ပွားနေ သောတိရစ္ဆာန်များနှင့်လူများ၌ ရောဂါပိုးတွေ့ရှိရသကဲ့သို့ ရေနှင့် မြေကြီးထဲ၌လည်း ရောဂါပိုးတွေ့ရတတ်၏။ အဘယ်ကြောင့် ဤရောဂါပိုးကို ရှာဖွေစစ်ဆေးရ သနည်းဟုဆိုရလျှင် ဤရောဂါသည် တိရစ္ဆာန်များမှာ ဖြစ်ပွားတတ်သော ရောဂါဖြစ်ရုံသာမကဘဲ တိရစ္ဆာန်မှ တစ်ဆင့် လူကိုကူးစက်တတ်သော ရောဂါတစ်မျိုး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

 

တိရစ္ဆာန်မှ လူကိုကူးစက်ရာတွင် အရေးအကြီးဆုံး လက်ပတိုစပိုင်ရာ ဗက်တီးရီးယား မျိုးစိတ်တစ်ခုမှာ L. icterohaemorrhagiae ဖြစ်ပြီး ကြွက်မျိုးနွယ်ဝင်များနှင့် ခွေးများတွင် တွေ့ရသည်။ ထို့အပြင် နွားများနှင့်မြင်းများ တွင် တွေ့ရသောL. hardjo၊ ခွေးများတွင် တွေ့ရှိရသော L. canicolai ဝက်များနှင့် နွားများတွင်တွေ့ရှိရသော L. pomona တို့သည်လည်း လူကိုကူးစက်တတ်ခြင်း ရှိကြောင်း ရံဖန်ရံခါတွေ့ရတတ်သည်။ ရောဂါဖြစ်ပွားမှု အများစုသည် ရေလွှမ်းမိုးသော အချိန်ကာလတွင် တွေ့ရ ပြီး မြေကြီးထဲ၌ ရှိနေသော ရောဂါပိုးများက ရေမျက်နှာ ပြင်ပေါ်သို့ ထွက်ပေါ်လာပြီး ရေနှင့်အတူ နေရာဒေသ အနှံ့အပြားသို့ ပျံ့နှံ့သွားသောကြောင့် ဖြစ်ပေသည်။

 

တိရစ္ဆာန်များတွင် ရောဂါဖြစ်ပွားခြင်း

 

ရောဂါဖြစ်ပွားနိုင်သော တိရစ္ဆာန်အမျိုးအစားများ ကွဲပြားခြားနားသည့်အလျောက် တွေ့ရှိရသော ရောဂါ လက္ခဏာများသည်လည်း အမျိုးမျိုးအဖုံဖုံကွဲပြားခြားနား ကြပါသည်။ များတွင် ကိုယ်အလေးချိန် ကျဆင်းခြင်း၊ နို့အုံရောင်ခြင်း၊ နို့ထွက်နှုန်းကျဆင်းခြင်း၊ သားပျက်သားလျှောခြင်း၊ အသည်းကြီးခြင်း၊ သွေးအားနည်းခြင်းနှင့် အသားဝါခြင်းတို့ကို တွေ့ရမည်။ ခွေးများတွင် ရောဂါဖြစ်ပွား သောအခါ ရုတ်တရက်သွေးထွက်ခြင်း၊ အသားဝါခြင်း၊ အသည်းရောင်ခြင်း၊ ကျောက်ကပ်ထိခိုက်ခြင်း၊ ဝမ်းပျက် ဝမ်းလျှောခြင်း၊ အစာအိမ်ရောင်ခြင်းတို့ ဖြစ်တတ်သည်။ ကြွက်များနှင့် ကြွက်မျိုးနွယ်ဝင်များသည် ဤရောဂါပိုးကို သယ်ဆောင်ထားသော်လည်း ရောဂါလက္ခဏာတစ်စုံ တစ်ရာမပြသည့်အပြင် ရောဂါပိုးကို ဖြန့်ဖြူးနိုင်သော ကြားခံသတ္တဝါလည်း ဖြစ်နေသည်။

 

ရောဂါကူးစက်နိုင်သော လမ်းကြောင်းများ

 

ရောဂါဖြစ်ပွားနေသော တိရစ္ဆာန်၏ဆီးထဲတွင် လက် ပတိုစပိုင်ရာ ဗက်တီးရီးယားများစွာ ပါဝင်နေသောကြောင့် တိရစ္ဆာန်၏ဆီးအညစ်အကြေးသည်ရောဂါကူးစက်စေသော အဓိကအကြောင်းရင်းဖြစ်သည်။ အထူးသဖြင့် ကြွက်၏ ဆီးများ၊ ရောဂါဖြစ်နေသော အိမ်မွေးတိရစ္ဆာန်တို့၏ဆီးများ ပါဝင်နေသည့်ရေကို လူကသောက်သုံးမိခြင်း၊ တိရစ္ဆာန်တို့ ၏ ဆီးအညစ်အကြေးစွန့်ထားသည့်မြေကြီးကို ထိမိကိုင်မိ ခြင်း၊ ရောဂါပိုးပါသည့်ဆေးများ ပေကျံနေသော အစားအစာ ကို စားသုံးမိခြင်းတို့မှတစ်ဆင့် လူကို ကူးစက်တတ်သည်။ ရောဂါပိုးပါနေသော မြေကြီးနှင့် တိရစ္ဆာန်တို့၏ဆီးကို ထိမိကိုင်မိလျှင် အရေပြားရှရာ၊ ပွန်းပဲ့ရာမှတစ်ဆင့် ခန္ဓာကိုယ်ထဲ ဝင်သွားခြင်း၊ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးတို့၏ အပေါ်ယံအလွှာမှတစ်ဆင့်ဝင်ခြင်းတို့သည်လည်း ရောဂါ ကူးစက်သည့် လမ်းကြောင်းများ ဖြစ်ကြသည်။ ထို့ကြောင့် ရောဂါပိုးပါဝင်နေသည့်ရေကို ချိုးမိခြင်း၊ ရေကူးမိခြင်း တို့သည် လူကို အများဆုံးကူးစက်နိုင်သည်။ လက်ပတ် စပိုင်ရာရောဂါပိုး၏ ကူးစက်တတ်သော နည်းလမ်းသည် အညစ်အကြေးရှင်းလင်းရသည့် သန့်ရှင်းရေးအလုပ်သမားများ၊ ရေနုတ်မြောင်း အမှိုက်ဆယ်ရသည့် အလုပ်သမားများ၊ ရေနှင့် ထိတွေ့ကိုင်တွယ် အလုပ်လုပ်ရသူများ၊ တိရစ္ဆာန် ဆေးကုဆရာဝန်များ၊ အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်များ၊ လယ် သမားများအတွက်အထူးသတိပြုသင့်သော ဘေးအန္တရာယ် ပင် ဖြစ်သည်။

 

လူတွင် ရောဂါဖြစ်ပွားပုံ

 

ရောဂါပိုးဝင်သည့်အချိန်မှ ရောဂါပျိုးနေချိန်သည် ရက်အနည်းငယ်မှ သီတင်းပတ် အနည်းငယ်အထိ ကြာမြင့် တတ်သည်။ ရောဂါလက္ခဏာ မသိသာခြင်း၊ ရုတ်တရက် ရောဂါအပြင်းအထန် ကျရောက်ခြင်း၊ အသက်ဆုံးရှုံးခြင်း တို့အထိ ရောဂါအတိမ်၊ အနက်ကွဲပြားခြားနားနိုင်သည်။

 

ရောဂါလက္ခဏာများမှာ အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးရှိ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ် အားအင်ကုန်ခန်းခြင်း၊ တစ်ခါတစ်ရံ အော့အန်ခြင်းတို့ကိုတွေ့ရမည်။ ရောဂါပိုးအမျိုးအစား အပေါ် မူတည်၍ ရောဂါဆိုးရွားပြင်းထန်မှု အဆင့်ဆင့်ရှိနေတတ်သည်။ ရောဂါသက်သာသလို ဖြစ်လာရာမှ ဒုတိယအကြိမ် ထပ်မံနေမကောင်းဖြစ်သောအခါ ကျောက်ကပ်နှင့်အသည်း လုပ်ငန်းတာဝန် ကျဆင်းလာခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ ဦးနှောက်အမြှေးရောင်ခြင်း၊ အသက်ရှူရန်ခက်ခဲခြင်း၊ သွေးဖိအား အလွန်အမင်းကျဆင်း ခြင်းတို့ကြောင့် ဆိုးရွားပြင်းထန်လာမည်။ ဒုတိယအဆင့်တွင် ရောဂါသည် တစ်ဆက်တည်း ဖြစ်ပေါ်နေတတ်ပြီး ပြန်လည်ကောင်းမွန်ခြင်း သို့မဟုတ်အသက်သေဆုံးခြင်းအထိ ဖြစ်နိုင် ပါသည်။ နာမကျန်းမှုမှ ပြန်လည်သက်သာလာသူသည် နာလန်ထရန် လပေါင်းများစွာ ကြာမြင့်တတ်သည်။ ဤရောဂါသည်လူမှလူသို့ ကူးစက်တတ်ခြင်း မရှိသလောက် ပင်ဖြစ်သည်။ ရောဂါဝင်ခါစတွင်သာ သွေးစစ်ပြီး ရောဂါပိုးပျိုးကာ ခွဲခြားနိုင်သော်လည်း လက်ပတ် စပိုင်ရာပိုးသည် အခြားဗက်တီးရီးယားများကဲ့သို့ အလွယ် တကူ ပိုးပျိုး၍ မရပေ။ ခေတ်မီမြန်ဆန်သောဓာတ်ခွဲမှု နည်းစနစ်မှာ (DOT-ELISA test) ဖြင့် စမ်းသပ်ခြင်းဖြစ်သည်။

 

မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို စုံစမ်းထောက်လှမ်း

 

အီကိုမိုးတူးပရောဂျက်သည် ရေမှတစ်ဆင့် ကူးစက်တတ်သောရောဂါများ၊ ကြားခံသတ္တဝါမှတစ်ဆင့် ကူးစက်  တတ်သောရောဂါများကို စစ်ဆေးလေ့လာရာတွင်  လက်ပတိုစပိုင်ရာရောဂါပိုးလည်း ပါဝင်ခဲ့သည်။ ထိုစီမံကိန်း သည် ၂၀၁၉ ခုနှစ် ဇွန်လမှ ၂၀၂၀ ပြည့်နှစ်မတ်လအထိ သတ်မှတ်ထားပြီး ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းရှိ မြို့နယ်ပေါင်း ၃၃ မြို့နယ်ကို စုံစမ်းထောက်လှမ်းခြင်း ဖြစ်သည်။ ရန်ကုန်ဧရိယာအတွင်းရှိ တိရစ္ဆာန်ဆေးကုခန်းများကို ထိုစီမံကိန်းအတွက် ရှင်းပြကမ်းလှမ်းခဲ့ရာ ကျွန်မ အလွန်စိတ်ဝင်စားခဲ့ပြီး စစ်ဆေး ပေးဖို့ လိုလိုလားလား သဘောတူလက်ခံခဲ့သည်။ လက်ပတို စပိုင်ရိုးစစ်ရောဂါကို စစ်ဆေးလေ့လာမှုမှာ ရောဂါရှိ သည် ဟု သံသယရှိသောခွေးများထံမှ သွေးဖောက်ယူပြီး စီမံကိန်းမှ တာဝန်ရှိသူထံ သွေးနမူနာ ပေးပို့စစ်ဆေးစေခြင်း ဖြစ်သည်။ ထိုစီမံကိန်းအရ ခွေးပိုင်ရှင်သည် သူ၏ခွေးကို စီမံကိန်းတွင် ပါဝင်ရန် သဘောတူညီလက်ခံရမည်ဖြစ်ပြီး  ခွေးနှင့် ခွေးပိုင်ရှင်သည် ရန်ကုန်ဧရိယာအတွင်း နေထိုင်သူဖြစ်ရမည်။ ခွေး၏အသက်က သုံးလနှင့်အထက် ဖြစ်ရမည်ဟု သတ်မှတ်ထားသည်။ ကျွန်မသည် ၂၀၁၉ ခုနှစ် ဇူလိုင်လတွင် ဂျူးဝမ်ဟုအမည်ပေးထားသော အသက် လေးလအရွယ် ဆိုက်ဘေးရီးယန်းဟတ်စကီ (Siberian Husky) ခွေးမလေး၏ သွေးနမူနာတစ်ခုတည်းကိုပေးပို့ခဲ့ရာ ထိုခွေး၏ ရောဂါသည် လက်ပတိုစပိုင်ရိုးစစ်ရောဂါ ဟုတ်မှန်ကြောင်း အဖြေထွက်ခဲ့သည်။ ယခုစိမ်းလန်းစိုပြည်ဥယျာဉ် အစည်းအဝေးခန်းမတွင် စာတမ်းဖတ်ရမည့် အကြောင်း အရာက ထိုအကြောင်းအရာနှင့် ပတ်သက်သည်။

 

ရန်ကုန်ရိယာအတွင်းရှိ ခွေးများ၏ သွေးနမူနာများ အနက် ကျွန်မက သွေးနမူနာတစ်ခုတည်းကိုပို့ခဲ့ပြီး တစ်ခုတည်းသော (Leptospirosis positive ရော့စ်ကို ပို့နိုင်သည့်တစ်ဦးတည်းသော တိရစ္ဆာန်ဆေးကု ဆရာဝန် အနေဖြင့်)"ဘာကြောင့် ဒီခွေးကိုလက်ပတိုစပိုင်စစ်ရောဂါ လို့ သံသယရှိတာလဲ (Why I suspected Leptospirosis in this dog) "ကို စာတမ်းဖတ်ရပါသည်။ လူတွင်ဖြစ်ပွား သော လက်ပတိုစပိုင်ရိုးစစ်ရောဂါနှင့် စစ်ဆေးတွေ့ရှိရမှုများကို အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာနမှ ဒေါက်တာ ပန်းအိစိုးကလည်းကောင်း၊ ခွေးများတွင် ဖြစ်ပွားတတ်သော ဤရောဂါအကြောင်းကို Ecomore2 မှ ဒေါက်တာ သက်နိုင်ထွန်းကလည်းကောင်း၊ ရောဂါရှာဖွေရေးဆိုင်ရာ ဓာတ်ခွဲခန်း အကြောင်း အရာများကို မွေး/ကုဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နီနီအောင်က လည်းကောင်း စာတမ်းများ ဖတ်ကြားကြသည်။ ကျွန်မ၏ | စာတမ်းဖတ်ကြားသောအခါ ကျွန်မက အောက်ပါ အချက်အလက်များကို ထည့်သွင်းပြောကြားခဲ့သည်။

 

လက်ခံစပြုလာ

 

ကျွန်မတို့ ဆေးခန်းထိုင်ခါစက အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်အများစုသည် မိမိတို့၏ အိမ်မွေးတိရစ္ဆာန်များကို ကာကွယ်ဆေး ထိုးရကောင်းမှန်းပင် မသိကြသေး။  တိရစ္ဆာန်မှ လူကိုကူးစက်တတ်သောရောဂါများ ရှိကြောင်းလည်း ထဲထဲဝင်ဝင် မသိကြ။ ရောဂါရှာဖွေ စမ်းသပ်သည့်အခါ ပိုင်ရှင်များကပြောပြသော ရောဂါ ရာဇဝင် (clinical signs) နှင့် ဆရာဝန်က စမ်းသပ်ရှာဖွေ စစ်ဆေးမိသည့် ရောဂါလက္ခဏာများ (clinical symptoms) အပေါ်တွင်သာ အခြေပြုပြီး ကုသခဲ့ရပါသည်။ ထို့နောက်တွင် ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းရိုက် ပြီး ရောဂါရှာဖွေခြင်းတို့ကို လက်ခံစပြုလာသည်။ သို့သော်သွေးစစ်ဖို့၊ ဆီးစစ်ဖို့၊ ဝမ်းစစ်ဖို့ လိုသည်ဟု ဆရာဝန်ကပြောလိုက်လျှင် 'သည်အတိုင်းပဲ ကုပေးပါ ဆရာမရယ်' ဟု တောင်းဆိုသူက ခပ်များများ။ အချို့က နောက်နေ့ပေါ်မလာကြတော့ပေ။

 

ရှာဖွေစမ်းသပ်ရမည့် ရောဂါလက္ခဏာများက များစွာအရေးပါလာ

 

ဆေးပညာအဆင့်အတန်း မြင့်မားလာသည်နှင့် အမျှ တစ်ဖက်ကလည်း အိမ်မွေးတိရစ္ဆာန်ပိုင်ရှင်တို့၏ အသိပညာဗဟုသုတ ကျယ်ပြန့်လာသောအချိန်မှ ရောဂါ ရှာဖွေစမ်းသပ်သည့် ဓာတ်ခွဲခန်းစမ်းသပ်မှုမျိုးကို လက်ခံ လာကြသည်။ သို့သော် ပိုင်ရှင်တိုင်းက မလုပ်လိုကြပေ။ ပိုင်ရှင်အများစုသည် မေတ္တာ၊ ကရုဏာကို အခြေခံပြီး  အိမ်မွေးတိရစ္ဆာန်ပဲဖြစ်စေ၊ လမ်းဘေး လေလွင့် တိရစ္ဆာန် ပဲဖြစ်စေ ကယ်တင်လိုသောစိတ်ကြောင့်သာ ကုသပေး ခြင်းဖြစ်၍ လိုအပ်သမျှ စမ်းသပ်မှုများကို မလုပ်နိုင်ကြရှာပေ။ ဆရာဝန်တို့၏ ဆေးကုသခွင့်သည်လည်း ပိုင်ရှင် တို့က ခွင့်ပြုသော အတိုင်းအတောအတွင်းမှာသာဆောင်ရွက်ခွင့်ရှိလေရာ အချို့ပိုင်ရှင်များက လိုအပ် သမျှအားလုံး စစ်ဆေးပါဟု ကြည်ကြည်ဖြူဖြူ လိုက်လျောကြသော်လည်း အချို့က အနည်းငယ်မျှသာ စစ်ဆေးလိုကြသည်။ ရောဂါရှိနိုင်သည့်အစိတ်အပိုင်းကိုသာ စစ်ပေးပါ။ ဥပမာ ဟော်မုန်းဆိုလျှင် ဟော်မုန်း၊ အသည်းဆိုလျှင် အသည်း၊ ကျောက်ကပ်ဆိုလျှင်ကျောက်ကပ်၊ သွေးဆိုလျှင်သွေး စစ်ဆေးမှု၏ရလဒ်ထဲမှာ ပုံမှန်မဟုတ်သည့် အဖြေရှိနိုင်သည့် အပိုင်းလေးကိုသာ စစ်ပေးဖို့တောင်းပန်ကြခြင်းမျိုးလည်း ရှိပါသည်။ သို့သော် အများစုက ဆရာဝန်၏ အတတ်ပညာအပေါ် အခြေခံပြီး ကုသပေးစေလိုကြသဖြင့် ပိုင်ရှင်က ပြောပြသော ရောဂါ ရာဇဝင်နှင့် ဆရာဝန်က ရှာဖွေစမ်းသပ်ရမည့် ရောဂါ လက္ခဏာများက များစွာအရေးပါလာပြီ ဖြစ်သည်။

 

ကုသရသည့်ပေးရှင့်များက စကားမပြော တတ်သည့်တိရစ္ဆာန်များ ဖြစ်နေသောကြောင့် ပညာရပ်ကို များများ အားကိုးရသည်။ ဆေးခန်းလာပြသည့် ပေးရှင့် များထဲမှ ထူးထူးခြားခြား ရောဂါလက္ခဏာများရှိသော တိရစ္ဆာန်များတွေ့ရလျှင် ပိုင်ရှင်များကို ခွင့်တောင်းပြီး ဓာတ်ပုံရိုက် မှတ်တမ်းပြုစုထားတတ်သည်။

 

အဘယ်ကြောင့်ဆိုသော် ကျွန်မတို့တိရစ္ဆာန်ဆေးကု ဆရာဝန်များသည် တိရစ္ဆာန်များကို ရောဂါကုသပေးရုံ သာမက တိရစ္ဆာန်များမှ ကူးစက်တတ်သော ရောဂါများ ကို ကိုယ်တိုင်သတိထားရမည့်အပြင် ပိုင်ရှင်များနှင့် အခြားလူများကို မကူးစက်နိုင်အောင် ကြိုတင်သတိပေး ခြင်း၊ ကာကွယ်တားဆီးဖို့ နည်းလမ်းပေးခြင်း၊ အသိ ပညာ ဖြန့်ဝေပေးခြင်းတို့အတွက်ပါ တာဝန်ရှိသောကြောင့် ဖြစ်သည်။

 

ဆေးကုလာသော အတွေ့အကြုံများအရ လက်ပတိုစပိုင်ရိုးစစ်ဟု သံသယရှိခဲ့သော တိရစ္ဆာန်များတွင် ခွေးများသာမက အိမ်မွေးကြောင်များပါ ပါဝင်ပါ သည်။ ထိုခွေး၊ ကြောင်များသည်ဤရောဂါ၏ လက္ခဏာ များကိုပြသသည့်အပြင် ကြွက်ခုတ်တတ်ခြင်း၊ မသန့်ရှင်း သောရေများကိုသာ သောက်လေ့ရှိခြင်း၊ မြေကြီးထဲမှာ စားစရာကို မြှုပ်၍စားတတ်ခြင်း၊ နေမကောင်းသည့် တိရစ္ဆာန်၏ ခန္ဓာကိုယ်ကို လျှာဖြင့်လျက်တတ်ခြင်းများ လုပ်တတ်သည်။

 

ရောဂါဖြစ်ပွားပါက ခံနိုင်ရည်နည်းပါး

 

မှန်ကန်သော ကုသမှုပေးသောအခါ ပြန်လည် ကျန်းမာလာတတ်သည်ကိုလည်း တွေ့ရသည်။ ကျွန်မ တွေ့ဖူးသည့် အတွေ့အကြုံအရ အိမ်မွေးခွေးများတွင် ရောဂါလက္ခဏာ သံသယရှိသော ခွေးများသည် ရေခဲလွင်ပြင်ဒေသ ဇာတိဖြစ်သော ခွေးအမျိုးအစားများ ဖြစ်နေကြသည်။ အေးသောအရပ်ဒေသမှ တင်သွင်းလာကြပြီး ကာကွယ် ဆေးထိုးထားသည့်တိုင်အောင် ရောဂါဖြစ်ပွားပါက ခံနိုင် ရည်နည်းပါးသည်ကို တွေ့ခဲ့ဖူးပါသည်။ အချို့ခွေး၊ ကြောင်  များ၌ ကျောက်ကပ်နှင့် အသည်းများ များစွာထိခိုက်ပျက်စီး ပြီးမှ ရောက်လာကြသည်လည်း ရှိသည်။ ယခင်က ပညာရပ် အပေါ်မှာသာအားပြုပြီး လက်ပတိုစပိုင်ရိုးစစ်ရောဂါဟု သံသယရှိခဲ့သော ရောဂါလက္ခဏာ များကို ဤစမ်းသပ် စစ်ဆေးမှုက သေချာစေခဲ့ပြီ ဖြစ်ပါသည်။ ကျွန်မသည် ပညာရပ်၏ အနှစ်သာရနှင့် ပရော်ဖက်ရှင်နယ်အလုပ်အပေါ် မှာ များစွာဂုဏ်ယူနေမိသည်။

 

ပရောဂျက်၏ ကမ်းလှမ်းလေ့လာမှုကို စိတ်ဝင်တစား လက်ခံမိခြင်း၊ ပရောဂျက် သတ်မှတ်ကာလအတွင်း ရောဂါ ဖြစ်ပွားသည့်ခွေး လာပြခြင်း၊ ရောဂါလက္ခဏာများကိုသေချာစွာစစ်ဆေးတွေ့ရှိခြင်း၊ ပိုင်ရှင်ကလည်း လက်ခံ သဘောတူခြင်းစသော အခြေအနေအရပ်ရပ် ပြည့်စုံ သောကြောင့်သာ မှန်ကန်ကြောင်း အသေအချာသိရှိရ ခြင်း ဖြစ်ပါသည်။ ဤရောဂါသည် ရေမှလည်းကောင်း၊ ကြားခံတိရစ္ဆာန်များမှလည်းကောင်း ကူးစက်တတ်ရာ တိရစ္ဆာန်များနှင့် လက်ပွန်းတတီးနေကြသောသူများ အနေဖြင့် အိမ်မွေးခွေးများကို ကာကွယ်ဆေးမှန်မှန်ထိုးရန်၊ သန့်ရှင်းမှုကို အထူးဂရုပြုရန်၊ လက်ပတိုစပိုင်ရိုးစစ် ရောဂါ ဖြစ်ပွားနိုင်သော နွား၊ မြင်း၊ ဝက်၊ ခွေး၊ ကြောင် တို့နှင့် ကြွက်မျိုးနွယ်ဝင်တို့၏ ဆီးများကို တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်း မပြုရန်၊ မသန့်ရှင်းသော ရေမြောင်း၊ ရေကန်တို့တွင် ရေချိုးခြင်း၊ ရေကူးခြင်းမပြုရန် သတိ ထားခြင်းဖြင့် လူကိုကူးစက်တတ်သော လက်ပတိုစပိုင် ရိုးစစ်ရောဂါ (Leptospirosis) ဘေးမှ ကာကွယ်တားဆီး နိုင်စေရန် အကြံပြုတင်ပြလိုက်ရပါသည်။ ။