လူ့စွမ်းအားအရင်းအမြစ်မှသည် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ဆီသို့

 

ချို(ပညာရေး)

ယနေ့ဖွံ့ဖြိုးတိုးတက်လျက်ရှိသော၊ ဖွံ့ဖြိုးပြီးသောနိုင်ငံများသည် လူ့စွမ်းအားအရင်းအမြစ်များတိုးပွားရေးကို အဓိကထားဆောင်ရွက်လျက်ရှိသည်။ အရင်းအမြစ်များအနက် လူ့စွမ်းအားအရင်းအမြစ်သည် ရေရှည်သုံးနိုင်စွမ်းသောအရင်းအမြစ်ဖြစ်သည်။ ထိုလူ့စွမ်းအားအရင်းအမြစ်များကို ရရှိနိုင်သည့် သေချာသည့် အုပ်စုတစ်စုမှာ ယနေ့လူငယ်များပင်ဖြစ်သည်။

“ယနေ့လူငယ်  နောင်ဝယ်လူကြီး ဟု   ဆိုရိုးအတိုင်း နောင်တစ်ချိန်တွင် အနာဂတ်အတွက် ပခုံးပြောင်းတာဝန်ကို လက်ဆင့်ကမ်းထမ်းရွက်မည့် လူကြီးများသည်  ယနေ့လူငယ်များပင်ဖြစ်သည်။ ထို့ကြောင့် လူငယ်များကို တန်ဖိုးရှိသောလူတော် လူကောင်းများဖြစ်ရန် လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြင့် နိုင်ငံတော်၏ ကဏ္ဍရပ်တိုင်းတွင် လိုအပ်သည့် လူ့စွမ်းအားအရင်းအမြစ်များကို သူ့နေရာနှင့်သူ အံဝင်ခွင်ကျ အကျိုးပြုနိုင်မည် ဖြစ်သည်။

 

မိမိနိုင်ငံကောင်းကျိုး၊ ကမ္ဘာ့ကောင်းကျိုးတို့ အတွက် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်

 

ယနေ့ရေပန်းစားနေသည့် “၂၁ ရာစု ကျွမ်းကျင် မှုများရရှိရန်၊ လူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးရန်ဟူသည် လူငယ်များကို အဖိုးတန်လူငယ်များဖြစ်လာစေရန် တစ်နည်းအားဖြင့် မိမိနှင့် မိမိ ပတ်ဝန်းကျင် အဖွဲ့အစည်း ထိုမှတစ်ဆင့် မိမိနိုင်ငံကောင်းကျိုး၊  ကမ္ဘာ့ကောင်းကျိုးတို့အတွက် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးရန်ပင်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်တစ်ရပ်ဖြစ်သော “နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ၌  ကျောင်းသားလူငယ်များကို လေ့ကျင့်ပျိုးထောင်ပေးခြင်းသည် အရေးကြီး၍ အဓိကကျသော လုပ်ငန်းတစ်ရပ် ဖြစ်ပါသည်။

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနသည် ကျောင်းသားလူငယ်များကို ပြုစုပျိုးထောင်ရာ၌ ကျောင်းသင်ခန်းစာ၊ စာပေဗဟုသုတများကို ထူးချွန်အောင် လေ့ကျင့်သင်ကြားပေးရုံသာမက ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်ရန်၊ ယဉ်ကျေးလိမ္မာရန်၊ စာရိတ္တကောင်းမွန်၍ အသင်းအဖွဲ့စိတ်ဓာတ်များဖြင့် ဆောင်ရွက်တတ်ရန်၊ လူ့အဖွဲ့အစည်းတွင် ငြိမ်းချမ်း စွာ အတူတကွယှဉ်တွဲနေထိုင်တတ်ရန်၊  နိုင်ငံ့သား ကောင်း၊ ကမ္ဘာ့သားကောင်းများ ပေါ်ထွန်းလာရန်၊ တစ်နည်းအားဖြင့် လူတော်လူကောင်းများဖြစ်လာ ရန် လေ့ကျင့်သင်ကြားပေးခြင်းဖြင့် ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းကို တည်ဆောက်သွားကြရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။  တစ်နည်းဆိုသော် နိုင်ငံတော်တည်ဆောက်ရေးအတွက် အဓိကလိုအပ်သော လူ့စွမ်းအားအရင်းအမြစ်များကို အခြေခံပညာလမ်းသွယ်မှလည်း မွေးထုတ်လေ့ကျင့်ပေးနေခြင်းပင်ဖြစ်သည်။

 

(၂၅) ကြိမ်မြောက် ငွေရတုကို ကျော်လွန်လာပြီ

 

အခြေခံပညာအဆင့်တွင် လူ့စွမ်းအားအရင်းအမြစ်ကို လေ့ကျင့်ပျိုးထောင်ပေးသော လုပ်ငန်းစဉ်များအနက် ပညာရည်ထူးချွန်ပြီး ကျန်းမာသန်စွမ်း၍ အကျင့်စာရိတ္တကောင်းမွန်သော၊ ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍  လူရည်ချွန်စီမံကိန်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ယခုအခါ (၂၅)ကြိမ်မြောက် ငွေရတုကို ကျော်လွန်လာပြီဖြစ်သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်သည် ပညာရေးဝန်ကြီးဌာန၏ စနစ်သစ်ပညာရေးစနစ်ဖြင့် အကောင်အထည် ဖော်လျက်ရှိသည့် KG+12 အပါအဝင် အတန်းအားလုံးကို ဆောင်ရွက်နိုင်ပြီး ဖြစ်သည်နှင့်အညီ လူရည်ချွန်မောင်မယ်ရွေးချယ်ရာတွင် အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သော နဝမတန်း (Grade -9) ကျောင်းသား ကျောင်းသူများ၊ အထက်တန်းအဆင့် အတန်းများဖြစ်သော ဒသမတန်း (Grade -10)၊ ဧကာဒသမတန်း (Grade - 11) နှင့် ဒွါဒသမတန်း (Grade - 12) ကျောင်းသား ကျောင်းသူများ စုစုပေါင်း ၅၅၄ ဦးကို လူရည်ချွန်မောင်မယ်များအဖြစ် ရွေးချယ်နိုင်ခဲ့ပါသည်။

လူရည်ချွန်ကျောင်းသား ကျောင်းသူများ ရွေးချယ်ရာ၌ ကျောင်းအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင် အဆင့် (ဗဟိုအဆင့်) များတွင် ရေးဖြေဘာသာရပ်များ အဖြစ် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ တို့၏ ရမှတ်များ၊ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်း ရမှတ်များ၊ နှုတ်ဖြေရမှတ်များ စုပေါင်း၍ စုစုပေါင်း ရမှတ်အရ စနစ်တကျ မှန်ကန်စွာရွေးချယ်ခဲ့ခြင်း ဖြစ်ပါသည်။

 

နှုတ်ဖြေဘာသာရပ်

 

နှုတ်ဖြေဘာသာရပ်ကို စစ်ဆေးရာ၌ နဝမတန်း (Grade -9)၊ ဒသမတန်း (Grade-10)နှင့် ဧကာဒသမ တန်း (Grade - 11) ကျောင်းသား ကျောင်းသူများကို စာရိတ္တနှင့် ပြည်သူ့နီတိ၊ မြန်မာ့ယဉ်ကျေးမှုနှင့် ထုံးဓလေ့နှင့် အထွေထွေဗဟုသုတ၊ ဒွါဒသမတန်း (Grade-12) ကျောင်းသား ကျောင်းသူများကိုမြန်မာ့ ယဉ်ကျေးမှုနှင့် ထုံးဓလေ့၊ အထွေထွေဗဟုသုတတို့ကို အသံဖိုင်မှတ်တမ်း၊ အထောက်အထားများဖြင့် စိစစ်ရွေးချယ် ဆောင်ရွက်ခဲ့ပါသည်။

ဤသည်ကိုထောက်ရှု၍ လူရည်ချွန်တစ်ဦး ဖြစ်ဖို့ရန် လွယ်ကူလှသည်မဟုတ်ပေ။ စာသင်နှစ်အစကပင် အပတ်တကုတ်ကြိုးစားအားထုတ် လေ့ကျင့်ရမည်ဖြစ်သည်။ ယခုနှစ် လူရည်ချွန် မောင်မယ်များတွင် ယခင်နှစ်က လူရည်ချွန်များ၊ ထပ်ကွမ်းများအဖြစ် ပြန်လည်ပါရှိလာသကဲ့သို့ လူရည်ချွန်အဖြစ်ထပ်မံ၍ ရွေးချယ်ခြင်း မခံရသည့် ကျောင်းသား ကျောင်းသူများလည်းရှိခဲ့ပါသည်။ ယခင်နှစ်ကလူရည်ချွန် ဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် လူရည်ချွန်ဖြစ်မည်ဟု တစ်ထစ်ချယူဆ၍ မရပေ။ မိမိထက်ပိုမိုထူးချွန်သူများ ပေါ်ထွန်းလာနိုင်သဖြင့် ထပ်ကွမ်းလူရည်ချွန်ဖြစ်ရန် အရှိန်မပျက် ကျားကုတ်ကျားခဲ ကြိုးစားအားထုတ်သွားရန် လိုအပ်ပေသည်။

၂၀၂၄ ခုနှစ် ဧပြီလ စတုတ္ထပတ်မှစ၍ လူရည်ချွန်မောင်မယ်များကို သက်ဆိုင်ရာအတန်းအလိုက် သတ်မှတ်ထားသည့် လူရည်ချွန်စခန်းအသီးသီးသို့ ပို့ဆောင်သွားမည်ဖြစ်သည်။ လူရည်ချွန်စခန်း အသီးသီးတွင် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှ မိမိတို့နှင့်အတန်းတူ သက်တူရွယ်တူအချင်းချင်း ပေါင်းဆုံ၍ ယဉ်ကျေးမှုများ ဖလှယ်ခြင်း၊ ဗဟုသုတများမျှဝေခြင်း၊ တစ်ဦးနှင့်တစ်ဦး ရိုင်းပင်းကူညီခြင်း၊ မတူကွဲပြားမှုများဖြင့် ငြိမ်းချမ်းစွာနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေခြင်းနှင့် လူရည်ချွန် မောင်မယ်ဟောင်းများနှင့် ရင်းနှီးစွာတွေ့ဆုံခြင်း၊ ဆုံးမဩဝါဒခံယူခြင်းဖြင့် လူရည်ချွန်စီမံကိန်းသည် နိုင်ငံ၏အနာဂတ်အတွက် လူတော်လူကောင်းများကို မွေးထုတ်နိုင်သည့် အစဉ်လာကောင်းတစ်ရပ်အဖြစ် ရပ်တည်လျက်ရှိသည်။ လူရည်ချွန် မောင်မယ်များသည် နိုင်ငံ၏ယနေ့လူငယ်ဦးရေနှင့် နှိုင်းယှဉ်ပါလျှင် ပြောပလောက်သော အရေအတွက်မရှိသော်လည်း လူငယ်များ စံနမူနာပြုထိုက်သည့်သူများဖြစ်သည့်အတွက် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်ပေးရန် တစ်နည်းတစ်ဖုံပံ့ပိုးနိုင်သည့် အလွန်ကောင်းမွန်သော လုပ်ငန်းတစ်ခုဖြစ်ပါသည်။

ယနေ့ ကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များစသည့် ပညာသင်ရာဌာနအသီးသီးတွင်ပညာ သင်ကြားလျက်ရှိသော လူငယ်များသာမက လုပ်ငန်းခွင်အတွင်းရှိကြသော ကာယ၊ ဉာဏ လူငယ်လုပ်သား အသီးသီးသည် ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂ၊ မိတ္တ စသည့် ဗလငါးတန်နှင့်ပြည့်စုံ၍ မိမိကိုယ်မိမိ ယုံကြည်ကိုးစားနိုင်သော၊ မိမိ၏ ပတ်ဝန်းကျင်ကောင်းကျိုး၊ နိုင်ငံကောင်းကျိုးတို့တွင် အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာထမ်းရွက်နိုင်သော လူ့စွမ်းအားအရင်းအမြစ်များ ဖြစ်ပေါ်လာရေးအတွက် လူ့အသိုင်းအဝိုင်း တစ်ရပ်လုံးတွင် တာဝန်ရှိပါသည်။

ဤသို့သော လူ့စွမ်းအားအရင်းအမြစ်များဖြင့် သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ ကဏ္ဍအသီးသီးမှ ပါဝင်ထမ်းရွက်ကြပါလျှင် ဖွံ့ဖြိုးတိုးတက်သောနိုင်ငံသစ်ကို မကြာမီတည်ဆောက်နိုင်မည်မှာ မလွဲဧကန်ဖြစ်ပါသည်။