လူ နဲ့ ပိုး

သမားအို

 

“လူတွင်ပါလို့ နွားကျားကိုက်ခံရတာ”ဆိုတဲ့ ရှေ့လူကြီးတွေရဲ့ စကားဟာ ကိုဗစ်-၁၉ ကပ်ရောဂါ က ပေးထားတဲ့သင်ခန်းစာနဲ့ ကိုက်ညီနေတာကို တွေ့ရပါတယ်။

 

၂၀၂၀ နှစ်ဆန်း ကိုဗစ်-၁၉ ရောဂါသတင်းတွေ ကြားခါစက တွေးရိုးတွေးစဉ်တွေးကြတဲ့ ဆရာဝန်တွေရဲ့ပါးစပ်က နှစ်ပတ်ပဲသည်းခံရင် ရောဂါ ပြဿနာကျသွားမယ်လို့ ပြောခဲ့ကြပါတယ်။ ရောဂါ ခြေချုပ်လုပ်ဖို့ အိမ်တွေမှာပဲနေဖို့ဆိုတဲ့ ကိစ္စတွေကို သည်းခံနိုင်အောင် အားပေးရင်း အားပေးရင်းနဲ့နေတော့ ကမ္ဘာကြီးတစ်ခုလုံး နှစ်နှစ်ကျော်ကြာ ခြေချုပ်ကျနေတဲ့ဒဏ်ကို မခံနိုင်တော့ဘဲ လှုပ်လှုပ် ရွရွဖြစ်လာကြပါတယ်။

 

G-20 အစည်းအဝေး

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ လုပ်ဆောင်ချက်တွေကို အားမရဘဲ အခုကျင်းပနေတဲ့ G-20 အစည်းအဝေးမှာပဲ အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေး ဝန်ကြီးက ကမ္ဘာ့ကျန်းမာရေးနဲ့ပတ်သက်ပြီး ကပ်ရောဂါဆိုင်ရာဆုံးဖြတ်ချက်တွေကို၊ လမ်းညွှန် ချက်တွေကို ပြင်မှဖြစ်မယ်လို့ ပြောလာကြပါတယ်။

 

အဲဒီလိုပြောလာတဲ့အထဲမှာ အင်ဒိုနီးရှား ဝန်ကြီးက “The health crisis becomes, an economic crisis, economic crisis becomes a social crisis and a social becomes a political crisis” လို့ ပြောသွားပါတယ်။ “ကပ်ရောဂါကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာက စီးပွားရေး ပြဿနာဖြစ်၊ စီးပွားရေးပြဿနာက လူမှုရေး ပြဿနာဖြစ်ပြီးနောက်တော့ နိုင်ငံရေးပြဿနာတွေ ဖြစ်လာတယ်”လို့ ဆိုတယ်။ အဲဒီအထိကတော့ မှန်ပါတယ်။ ဒါပေမဲ့ G-20 အစည်းအဝေးမှာ “Global Health protocol standards that will make the mobility of global travellers easier” အကြံဉာဏ်တွေ ထုတ်လာတာကိုတော့ စဉ်းစားကာ နေရဦးမယ်လို့ ဆိုရပါမယ်။ စီးပွားရေးဆရာတွေက စီးပွားရေးကို ဦးစားပေးတာမှန်ပေမဲ့ လူတွေရဲ့ အပြုအမူတွေက ကပ်ရောဂါတွေကို ပိုမိုဆိုးရွား စေရုံသာမကဘဲ ဆေးကုမရတဲ့ ဗိုင်းရပ်စ်ပိုးတွေကို ပိုပြီး အားပေးအားမြှောက် လုပ်သလို ဖြစ်နေတာကို ထည့်တွက်ဖို့လိုပါသည်။

 

ရှေးရှေးတုန်းကလည်း ကပ်ရောဂါတွေ ရှိခဲ့တာပဲ။ Block Death လို့ခေါ်တဲ့ ပလိပ်ရောဂါလိုပဲ ကြောက်စဖွယ်ကြုံခဲ့ရတယ်။ ကာလဝမ်း ရောဂါကြီးတွေနဲ့လည်း ကြုံခဲ့ရတယ်။ ကျောက်ရောဂါကြီးတွေနဲ့လည်း ကြုံခဲ့ရတယ်။ ရောဂါစဖြစ်တဲ့နေရာကနေ ကျယ်ပြန့်တဲ့ ကပ်ရောဂါအသွင် ပြောင်းရတာ ဘာကြောင့်လဲလို့ ဆန်းစစ်ရင် လူတွေရဲ့ကြောက်စိတ်နဲ့ လှုပ်ရှားသွားလာမှုက အဓိကကျနေတာ တွေ့ရပါတယ်။ ရောဂါဖြစ်တယ်ဆိုတာ သဲ့သဲ့ကြားတာနဲ့ ရပ်ရွာကိုပစ်ပြီး ထွက်ပြေးကြတယ်။ အဲဒီထွက်ပြေးသွားတဲ့လူအုပ်စုတွေထဲမှာ ရောဂါလက္ခဏာ မပြတဲ့လူတွေ ပါလာတယ်။ ရောဂါပိုးတွေကပ်ငြိနေတဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ပါလာတယ်။ ဒါတွေက လူတွေရောက်ရာဒေသမှာ ရောဂါကူးစက်ဖို့ အဆင်သင့်ဖြစ်နေတာ တွေ့ရပါတယ်။

 

၂၀၁၉ အကုန်မှာ ကိုဗစ်-၁၉ စဖြစ်တယ်။ ဝူဟန်မှာ ရောဂါဖြစ်ပြီလို့ သတင်းထွက်တာနဲ့ထွက် ပြေးပြောင်းရွှေ့သွားတဲ့ သူတွေ အများကြီးပဲ။ သူတို့တစ်တွေ ဘယ်ရောက်ကုန်သလဲ။ ဝူဟန်ကို ပိတ်ဆို့ဖို့ (Lockdown) လုပ်ဖို့ဆုံးဖြတ်ဆောင်ရွက်ရတဲ့ အချိန်မတိုင်ခင်မှာ လူသန်းပေါင်းများစွာ ပြောင်းရွှေ့ထွက်သွားမှာ သေချာပါတယ်။ ဥရောပကိုရောက်တယ်။ နောက်တော့ အမေရိကန်မှာ စုပြုံသွားတယ်။ အခုထက်ထိလည်း ကိုဗစ်-၁၉ ကပ်က မရပ်သေးဘူး။ အမေရိကန်က ချန်ပီယံပဲ။ လောလောဆယ် ပြန်ခေါင်းထောင်လာတဲ့ပိုးက အိုမီခရွန်ဗိုင်းရပ်စ်ပိုးရဲ့ မျိုးကွဲ BA.4 နဲ့ BA.5 တွေ များလာတယ်။ စမ်းသပ်ကြည့်တဲ့လူတွေရဲ့ လေးပုံတစ်ပုံဟာ ကိုဗစ်-၁၉ ရဲ့ မျိုးကွဲအိုမီခရွန်ရဲ့ နောက်ဆက်တွဲ ထွက်လာတဲ့ BA.4 နဲ့ BA.5 တွေ ပါပဲ။ အလွန်ကူးစက်မြန်ပြီး လူတွေရဲ့ကိုယ်ခံအားကို လှည့်ပတ်ရှောင်းရှားပြီး ဝင်သွားနိုင်တယ်လို့ ပညာရှင်တွေက ပြောကြပါတယ်။

 

ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုတွေ ဖြစ်လာနေတာကို ထောက်ပြပြီး ခရီးသွားတွေ များများသွားရင် စီးပွားဖြစ်မယ်လို့ အကြောင်းပြကြတယ်။ ပိတ်ထားတဲ့တံခါးတွေ ဖွင့်ကြရတယ်။ ဒါကတစ်ကမ္ဘာလုံးပဲ။ အိမ်နီးချင်း ထိုင်းနိုင်ငံကတော့ လက်မြန်ခြေမြန် စီးပွားပြန်တက်လာအောင် ဖွင့်ပေးထားတယ်။ မြန်မာနိုင်ငံနောက်မှာ ဝေးဝေးကျန် ခဲ့ဖူးတဲ့ စင်ကာပူနိုင်ငံတောင်မှ မြန်မာ့ကိုဗစ်-၁၉ နှုန်းထားကို များစွာကျော်လွှားသွားတယ်။ ရောဂါပိုးတွေ့နှုန်းက စင်ကာပူမှာ မြန်မာထက် နှစ်ဆကျော်ကျော်ဖြစ်လာတယ်။ ဗီယက်နမ်နိုင်ငံဆိုရင်လည်း အာဆီယံနိုင်ငံတွေထဲက အားလုံးကိုကျော်ဖြတ်ပြီး ထိပ်ဆုံးပိုးတွေ့နှုန်းရှိတဲ့နိုင်ငံဖြစ်လာတယ်။

 

နိုင်ငံအချို့မှာ ပဉ္စမလှိုင်း

 

ဘာဖြစ်လဲ။ များများရောဂါဖြစ်ပြီး နဲနဲပဲသေတဲ့ နိုင်ငံရှားလာပြီ။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ ကုရာနတ္ထိဆေးမရှိဘူး။ ကာကွယ်ဆေးတွေ အမျိုးမျိုးထုတ်ပြီးကာကွယ်လာကြလို့ ကူးစက်ခံရသူ နည်းလာတယ်။ သေကောင်ပေါင်းလဲ မဖြစ်တော့ဘူး ဆိုတာမှန်ပေမဲ့ ရောဂါပိုးတွေဟာ ဗီဇပြောင်းပြီး တိုက်ခိုက်လာတာကြောင့် ပင်လယ်ကလာတဲ့လှိုင်းလုံးတွေလို တစ်လုံးပြီးတစ်လုံး ဆင့်လာတယ်။ နိုင်ငံအချို့မှာ ပဉ္စမလှိုင်း (Fifth wave) တွေ ကြုံတွေ့ခဲ့ပြီးပါပြီ။

 

မြန်မာနိုင်ငံမှာတော့ ဒီနှစ်ဆန်းမှ စတုတ္ထလှိုင်းလို့ပြောရင်ရတဲ့ လှိုင်းကလေးတစ်ခု အိုမီခရွန် (Omicron) ပြောင်းဖြစ်ခဲ့ပြီး အခုတော့ ပိုးတွေ့နှုန်းတွေဟာ အတော်ပဲနည်းသွားတယ်။ စစ်တဲ့အထဲက လေး၊ ငါးယောက်လောက်ပဲရှိနေပေမဲ့ အခုရက်ပိုင်းအတွင်းမှာ ဆယ်ယောက်နဲ့အထက် ပိုးတွေ့သူတွေရှိလာတယ်။ သဘာဝအတိုင်း လှိုင်းကြက်ခွပ်ကလေးတွေပဲလား၊ ဒါမှမဟုတ် ပဉ္စမလှိုင်းရဲ့အစလား။ ဘယ်သူမှ အပ်ကျမပ်ကျ မပြောနိုင်ပါဘူး။

 

ရောဂါလက္ခဏာမပြတဲ့လူတွေ

 

အရေးကြီးတာက ကိုယ့်နိုင်ငံထဲကို ရောဂါပိုးသစ်တွေ ဝင်မလာအောင်၊ ဝင်လာခဲ့ရင်လည်း စောစောသိ စောစောထိန်းချုပ်နိုင်အောင် ဆောင်ရွက်ဖို့ပါပဲ။ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေ ပူးပေါင်းဆောင်ရွက်နေကြတာကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ကိုဗစ်-၁၉ သင်ခန်းစာတွေကို ပြန်ကြည့်ရင် ရောဂါလက္ခဏာ မပြတဲ့လူတွေက ပိုများတာလည်း တွေ့နိုင်တယ်။ အစက ထင်ထားတဲ့ ရောဂါလက္ခဏာတွေ (ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်) မဟုတ်။ အနံ့ပျောက်တာတွေ ဖြစ်လာလို့အနံ့ပျောက်သူတွေကို စောင့်ကြည့်အုပ်စု အဖြစ်ထားခဲ့ရတယ်။ အခုအိုမီခရွန်ကျတော့ အနံ့တင်မက အရသာပါပျောက်တယ်။ လည်ချောင်းနာတယ်၊ ဝမ်းပျက်တယ်၊ ကိုက်တယ်နာတယ်ဆိုတာ တွေပါဖြစ်လာတယ်။ သေချာတာတစ်ခုကတော့အစမှာ အဖျားတိုင်းနေရုံနဲ့ မကာကွယ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ လွဲမှားစိတ်ချရမှု (Failed Safe) ဖြစ်စေနိုင်တဲ့အချက်တွေရှိနေတယ်။

 

ကူးစက်မြန်တဲ့ အိုမီခရွန် မျိုးကွဲ BA.4 နဲ့ BA.5 ဟာ အမေရိကန်မှာ ခေါင်းထောင်လာတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်လာတယ်။ ပိုးတွေ့နှုန်း နေ့စဉ် သိန်းဂဏန်းလောက်ရှိပြီး နေ့စဉ်ပဲ ရာဂဏန်း လောက်သေနေဆဲပဲ။ လူတစ်သန်းကျော်သေသွားခဲ့ တဲ့ အမေရိကန်နိုင်ငံမှာ အခုထက်ထိ လူတွေဟာ ကိုယ်တိုင်ကျန်းမာစေဖို့ အပြုအမူတွေ ပြောင်းလဲ ဖို့ခက်ဆဲ၊ ပြောင်းလဲဖို့ငြင်းဆန်ဆဲပါပဲ။ ဒါလည်း လူ့သဘာဝပါ။ လွတ်လပ်လွန်းတဲ့ လူ့အဖွဲ့အစည်း တွေအတွက်တော့ ပုံမှန်ဖြစ်ရပ်တွေပဲဖြစ်ပါတယ်။ ဥရောပမှာလည်း ဒီအချိန်မှာပွင့်လင်းရာသီဖြစ်လို့ ပျော်ပျော်ရွှင်ရွှင် အိမ်အပြင်ထွက်ကြတယ်။ ဆောင်း တွင်းရောက်ရင် ဆောင်းခိုငှက်တွေလိုပဲ အာရှနိုင်ငံက ဒေသအမျိုးမျိုးမှာ ဈေးသက်သက်သာသာ အပန်းဖြေနိုင်မယ့် နေရာတွေကိုလာကြလိမ့်ဦးမယ်။ ဗန်ကောက်က ညကလပ်တွေမှာ စည်ကားဦးမယ်။ (ဒီမှာရှိ၊ မရှိ မသိပါ။)

 

လောလောဆယ်ထိုင်းနိုင်ငံထဲကို BA.4 နဲ့ BA.5 မျိုးကွဲတွေ ရောက်နေပါပြီ။ အင်ဒိုနီးရှားနိုင်ငံမှာလည်း အဲဒီပိုးမျိုးကွဲတွေကို တွေ့နေရတယ်လို့ သတင်းထုတ်ပါတယ်။ ကျွန်တော်တို့နဲ့ ထိုင်းနိုင်ငံက အိမ်ဦးနဲ့ကြမ်းပြင်လိုပဲ ဖြစ်နေတာမို့ ကူးစက်မြန်တဲ့ BA.4 နဲ့ BA.5 ဟာ ရောက်ကို ရောက်လာမှာပါ။ မြန်မာနိုင်ငံရဲ့ ကိုဗစ်-၁၉ ကပ်ရောဂါ လှိုင်းဂယက် တွေကိုကြည့်ရင် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ် သုံးလ ဝါဆိုဝါခေါင် ရေတွေဖောင်တဲ့လတွေမှာ ကိုဗစ်-၁၉ လှိုင်းထလေ့ရှိတာကို တွေ့ခဲ့ရပြီးဖြစ်တဲ့အတွက် မကြာခင်မှာ လှိုင်းဂယက်တွေထလာမှာကို တွေးပူမိတယ်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးဟာ အေးမြစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ကြိုက်တယ်လို့ သုတေသီတွေက ပြောကြလို့ ဒီကာလမှာ သတိထားဖို့ လိုလာပါတယ်။ စိုးရိမ်စရာသိပ်မလိုပေမဲ့ ကြိုတင်သိတော့ကိုယ်တိုင် ကာကွယ်နိုင်တယ်။ အများကိုလည်းကာကွယ်ပေး နိုင်တယ်။ ကာကွယ်ဆေးတွေလည်း မထိုးရသေးရင် ပြေးထိုးလိုက်ဖို့ အချိန်ရပါသေးတယ်။

 

ဒီကပ်ရောဂါသံသရာဟာ ပြီးတော့မှာလားဆိုတဲ့ မေးခွန်းတွေထပ်နေပေမဲ့ ဘယ်သူမှ အာမမခံ နိုင်ပါဘူး။ လူတွေက အကျင့်မပြင်ချင်ကြတဲ့အချိန်မှာ ပိုးတွေက ဗီဇပြောင်းဖို့ အခွင့်အလမ်းတွေရနေကြတယ်။ အာဟာရချို့တဲ့တယ်၊ ရောဂါအခံတွေ များတယ်၊ ဆင်းရဲကျပ်တည်းစွာ စုပြုံနေကြရတယ်၊ ရွှေ့ပြောင်းအလုပ်လုပ်နေကြရတယ်။ ကျောခင်း စရာတစ်နေရာလေးရဖို့ အလုပ်ရှိတဲ့ မြို့ကြီးပြကြီးတွေမှာ မှီခိုပြီးဖြစ်သလို နေကြရတယ်။ ဒါကြောင့် အပြင်ထွက်အလုပ်လုပ်၊ အားတဲ့အချိန်မှာ လက်ဖက် ရည်ဆိုင်ထိုင်နေ (အနောက်နိုင်ငံတွေမှာတော့ ဘီယာဆိုင်တွေ)။ ဒီလိုနေထိုင်မှု သာမန်တွေနဲ့ ရှင်သန်ရတော့ (Stay at home) ဆိုတာထက် Home ဆိုတဲ့ နွေးထွေးတဲ့ ရိပ်မြုံတွေမရှိရင် စိတ်ဖိစီး ဒဏ်ရာရမှု များလှပါတယ်။

 

ရွှေ့ပြောင်းအလုပ်လုပ်ဖို့ ခရီးထွက်ရတယ်။ ပိုက်ဆံကလေးပိုက်နိုင်တော့လည်း အိမ်ပြန်ရတယ်။ ပွဲလမ်းသဘင်ရှိတဲ့ ကိုယ့်ရပ်ကိုယ့်ရွာကိုလည်း ပြန်လာဖြစ်ဖို့ကြိုးစားရတယ်။ တစ်ကမ္ဘာလုံးမှာ စီးပွားရေးကျားကန်ပေးနေတာဟာ ရွှေ့ပြောင်း လုပ်သားတွေပဲလို့ ဆိုရလောက်အောင်ဖြစ်လာ တယ်။ အလုပ်လုပ်ဖို့ ရွှေ့ပြောင်းတယ်။ ဆောင်းခိုဖို့ ရွှေ့ပြောင်းတယ်။ ပျော်ဖို့၊ အနားယူဖို့ ရွှေ့ပြောင်းသွား လာတယ်။ ဒီသဘာဝကို ထည့်မတွက်ဘဲ ကပ်ရောဂါတွေ ပျောက်အောင်မလုပ်နိုင်ပါဘူး။

 

ကမ္ဘာ့နိုင်ငံ၄၄နိုင်ငံမှာ လူနာပေါင်း ၃၅၀၀ကျော်

 

သုတေသနတစ်ခုမှာ မျောက်ကျောက်(Monkey Pox) ရောဂါပိုးဟာ ဗီဇပြောင်းလဲမှုတွေရှိတယ်လို့ ဆိုလာတယ်။ နိုင်ဂျီးရီးယား (Nigeria) နိုင်ငံမှာ အခြေချခဲ့တဲ့ မျောက်ကျောက်ပိုးဟာ ဗီဇပြောင်းမှု အကြိမ်ပေါင်း ငါးဆယ်လောက်ရှိတယ်တဲ့။ ပိုပြီး ကူးစက်မြန်လာမယ့်သဘောရှိတယ်။ ဒီကနေ့ စာရင်း အရ ကမ္ဘာ့နိုင်ငံ၄၄နိုင်ငံမှာ လူနာပေါင်း ၃၅၀၀ကျော် ရှိလာပြီဖြစ်လို့ WHO က ခေါင်းခြောက်နေရပါပြီ။

 

ကျွန်တော်တို့တော့ အေးဆေးပဲလား။ စင်ကာပူမှာ မျောက်ကျောက်ရောဂါပိုးရှိတဲ့သူကို တွေ့ရတာ သေချာပြီ။ တောင်ကိုရီးယားမှာလည်း တွေ့နေရတယ်။ ဆောင်းခိုဖို့လာကြမယ့် အနောက်တိုင်းသားတွေထဲက ပိုးသယ်လာမယ့် လူတွေကတစ်ဆင့် ဒေသခံတွေကို ကူးစက်လိမ့်မယ်။ “ရွှေ” တို့ဟာ သံမှုန့်စားပြီး လူဖြစ်နေတာ မဟုတ်ပါဘူးခင်ဗျာ။ ။