လုံခြုံစိတ်ချ၊ ဂုဏ်သိက္ခာရှိ၊ ဆန္ဒနှင့်အညီ

နေပြည်တော် ၁၇ နိုဝင်ဘာ

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံဘက်မှ ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက အဆင်သင့်ဖြစ်နေခဲ့သည်။ နေရပ်စွန့်ခွာသွားသူများအား ပြန်လည်လက်ခံပြီးနောက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ၊ မူလအသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ ပိုမိုကောင်းမွန်သောအသက်မွေးမှုများ၊ အသက်မွေးဝမ်းကျောင်းအတွက် သင်တန်းများ၊ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လက်လှမ်းမီရေး၊ ဥပဒေနှင့်အညီလွတ်လပ်စွာသွားလာနိုင်ရေး၊ နိုင်ငံတကာနှင့် ပူးပေါင်းအကူအညီပေးရေးတို့ကို ဆောင်ရွက်ထားပြီးဖြစ်သည်။

 

ယခုအခါ မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံသဘောတူညီချက်ဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပေးပို့လာသော စာရင်းအရ နေရပ်စွန့်ခွာသူပထမအသုတ် ၂၂၅၁ ဦးကို ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်နေ့တွင် ပြန်လည်လက်ခံနိုင်ရန် မြန်မာနိုင်ငံမှ တာဝန်ရှိသူ ပြန်လည်လက်ခံရေးကော်မတီနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌများကိုယ်တိုင် စနစ်တကျ ပြန်လည်လက်ခံနိုင်ရန် အသင့်စောင့်ဆိုင်းခဲ့သည်။

 

သို့ရာတွင် ပြန်လည်လက်ခံရေးလုပ်ငန်းများကိုဆောင်ရွက်ရာ၌ တစ်ဖက်မှ ပြန်ပို့ရေးအစီအစဉ် အသင့်မဖြစ်သေးဟု သတင်းစကားများအရ ကြားသိရသည်။ နေရပ်စွန့်ခွာသွားသူများ သတ်မှတ်အချိန်တွင် ပြန်လည်ဝင်ရောက်မလာခြင်းမှာ အကြောင်းအမျိုးမျိုးရှိပေလိမ့်မည်။ မြန်မာနိုင်ငံအနေဖြင့် ပြန်လည်လက်ခံရေးလုပ်ငန်းကိုဆောင်ရွက်ရာတွင် စနစ်တကျညှိနှိုင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သော်လည်း ချောချောမွေ့မွေ့ မဟုတ်သည်ကိုမြင်တွေ့ရမည်ဖြစ်သည်။ အနှောင့်အယှက် အဟန့်အတားများလည်း ရှိပေလိမ့်မည်။

 

မည်သို့ပင်ဖြစ်စေ ပြန်လည်လက်ခံရေးလုပ်ငန်းကို စနစ်တကျအဆင်သင့်ဖြစ်အောင် ပြင်ဆင်ဆောင်ရွက်ထားသည်။ မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာသူများ၏ ဆန္ဒအလျောက် ပြန်လာခြင်း၊ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာခြင်းမျိုးဖြင့် ပြန်လည်လက်ခံနိုင်အောင်စီစဉ်ထားသည်။ ထိုသို့ ပြန်လည်မဝင်ရောက်သေးခြင်းသည် တစ်ဖက်နိုင်ငံဘက်မှ ပြန်လာမည့်သူများ ပုံစံဖြည့်စွက်ရေးအပိုင်းတွင် အားနည်းမှုများရှိနေသဖြင့် မလိုလားအပ်ဘဲ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သည်ဟု သုံးသပ်ကြသည်။

 

အခြားအကြောင်းအချက်များမှာ တစ်ဖက်နိုင်ငံတွင် ရောက်ရှိနေသော နေရပ်စွန့်ခွာသူများတွင် အုပ်စုသုံးမျိုးသုံးစားရှိကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက သုံးသပ်ထားသည်။ ပထမအုပ်စုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တတိယနိုင်ငံတစ်ခုခုသို့ သွားရောက်လိုသူများဖြစ်ပြီး အဆိုပါအုပ်စုသည် ပြန်လာရန်စိတ်ဆန္ဒရှိကြမည် မဟုတ်ချေ။ ဒုတိယအုပ်စုမှာ ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်တို့တွင် ARSA အကြမ်းဖက်တိုက်ခိုက်မှု၌ ပါဝင်ပတ်သက်သူများဖြစ်သည်။ ရဲစခန်း ၃၀ နှင့် တပ်မတော် တပ်ရင်းဌာနချုပ်တစ်ခုကို ၂၀၁၇ ခုနှစ်က တိုက်ခိုက်ခဲ့သည့် ARSA အကြမ်းဖက်သမားများ၏ စည်းရုံးသိမ်းသွင်းမှုတွင် ပါဝင်ခဲ့သော ရွာသားများဖြစ်ပြီး ၎င်းတို့သည်လည်း ပြန်လာလိုသည့် ဆန္ဒရှိမည်မဟုတ်ချေ။ တတိယအုပ်စုမှာ ရခိုင်ပြည်နယ်၌ နေအိမ်များနှင့်ဆွေမျိုးများ ကျန်ရစ်နေသူများ၊ လယ်ယာနှင့် ငါးဖမ်းစက်လှေပိုင်ဆိုင်သူများ၊ စီးပွားရေးလုပ်ငန်းရှိသူများဖြစ်ပြီး ၎င်းတို့မှာ ပြန်လာလိုသူများဖြစ်သည်။ထို့ကြောင့် တစ်ဖက်နိုင်ငံတွင်ရောက်ရှိနေသော နေရပ်စွန့်ခွာသူများအား ပြန်လည်ပို့ဆောင်ရာတွင် ပထမအုပ်စုနှင့် ဒုတိယအုပ်စုအား ပြန်လည်စေလွှတ်မည်ဆိုပါက ပြန်လာရန် ဆန္ဒရှိမည်မဟုတ်ချေ။ ၎င်းတို့၏ဆန္ဒအလျောက် ပြန်လာလိုသည့် တတိယအုပ်စုကဲ့သို့သူများအား ဦးစားပေး စေလွှတ်မှသာ ပြန်လည်လက်ခံရေးလုပ်ငန်းအဆင်ပြေမည်ဟု သုံးသပ်ထားသည်။

 

သို့ဖြစ်ရာ မည်သို့သောအခက်အခဲများ၊ အဆင်မပြေမှုများ ရှိသည်ဖြစ်စေ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာထောက်ထားသောအားဖြင့် မြန်မာနိုင်ငံဘက်မှနေရပ်စွန့်ခွာသူများ၏ ဆန္ဒအလျောက် ပြန်လာခြင်း၊ လုံခြုံစိတ်ချရပြီး ဂုဏ်သိက္ခာရှိစွာဖြင့် ပြန်လာခြင်းကိုလက်ကမ်းကြိုဆိုလျက်ရှိပါကြောင်း။ ။

 

ကြေးမုံ