လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဉီးဆောင်သော မြန်မာပါလီမန်ကိုယ်စားလှယ်အဖွဲ့ အကြိမ်(၄၀)မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံသို့တက်ရောက်

နေပြည်တော် ၃၁ ဩဂုတ် 


လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေးအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင် ဦးဆောင်သော မြန်မာပါလီမန်ကိုယ်စားလှယ်အဖွဲ့သည် အာဆီယံပါလီမန်များညီလာခံ (ASEAN Inter- Parliamentary Assembly-AIPA) ဥက္ကဋ္ဌဖြစ်သည့် ထိုင်းနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ Mr. CHUAN LEEKPAI ၏ ဖိတ်ကြားချက်အရ အကြိမ်(၄၀)မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ (40th AIPA General Assembly) တက်ရောက်ရန် ထိုင်းနိုင်ငံသို့ ဩဂုတ် ၂၅ ရက် နံနက်ပိုင်းတွင် ရောက်ရှိကြသည်။


ယင်းနောက် AIPA Executive Committee Meeting သို့ မြန်မာပါလီမန်၏ Executive Committee အဖွဲ့ဝင်များဖြစ်ကြသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်သိန်း၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်၊ အာဆီယံဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းလွင်၊ ဘန်ကောက်မြို့ မြန်မာသံရုံးမှသံအမတ် ဒေါ်အိအိတင်နှင့်မြန်မာ AIPA National Secretariat မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ AIPA အမှုဆောင် ကော်မတီအစည်းအဝေး (AIPA Executive Committee Meeting) တွင် AIPA အဖွဲ့ဝင် ၉ နိုင်ငံအနက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်ကို ၈ နိုင်ငံက ထောက်ခံခဲ့ပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းတွင်ဖြစ်ပွားသည့် အကြပ်အတည်းနှင့်စပ်လျဉ်း၍ အာဆီယံအဖွဲ့အနေဖြင့် အကူအညီပေးလိုကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။


ယင်းနောက် အာဆီယံပါလီမန်များညီလာခံ၏ အလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ဗီယက်နမ် လွှတ်တော်ဥက္ကဋ္ဌက လွှဲပြောင်းရယူပြီး (၄၁)ကြိမ်မြောက် အထွေထွေညီလာခံကို ဗီယက်နမ်နိုင်ငံ၊ Ha Long City ၌၂၀၂၀ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ ၃၀ရက် အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။


AIPA အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ဗီယက်နမ်နိုင်ငံမှ Nguyen Tuong Van အား လွှဲပြောင်းခန့်အပ်ခဲ့ပြီး ၎င်းအနေဖြင့် AIPA အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၃၀ရက် အထိ ထမ်းဆောင်မည်ဖြစ်သည်။


လွှတ်တော်ရေးရာ စွမ်းရည်မြှင့်တင်ရေး အကြံပေးအဖွဲ့အဖွဲ့ခေါင်းဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင် ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှ ရန်ကုန်မြို့သို့ သြဂုတ် ၃၀ ရက် နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိကြရာ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်နှင့် လွှတ်တော်ကိုယ်စားလှယ်များက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။ 


သတင်းစဉ်