လွတ်လပ်ရေးရည်မှန်းချက်ကိုဖော်ဆောင်

၂၆ ဒီဇင်ဘာ

 

မြန်မာနိုင်ငံသည် လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုင်သည့် နိုင်ငံတော်ဖြစ်သည်။ လွတ်လပ်ပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ပြီ။ လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလက မျှော်မှန်းချက်ဖြစ်သည့် နိုင်ငံကို ပြန်လည်ထူထောင်ရေး၊ ပြည်သူများကောင်းစားရေး စသည်တို့ကို ဦးစွာ အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သည်။ လွတ်လပ်ရေး ရရှိလုနီးကာလတွင် နိုင်ငံထူထောင်ရေး၊ ကောင်းစားရေးအတွက် ၁၀ နှစ်တန်သည်၊ အနှစ် ၂၀ တန်သည် အစွမ်းကုန်ကြိုးပမ်းမှသာ တန်ကာကြမည်ဟု လွတ်လပ်ရေးဖခင်ကြီးက မှာကြားခဲ့သည်။

 

နိုင်ငံပြန်လည်ထူထောင်ရေးအတွက် လွတ်လပ်ရေးမရမီ တစ်နှစ်ခန့် အလိုတွင် ဆိုရန်တိုဗီလာတွင် မြန်မာနိုင်ငံမှ ကုန်သည်များနှင့်တွေ့ဆုံဆွေးနွေး ခဲ့သည်။ လွတ်လပ်ရေးရပြီးလျှင် အကောင်အထည်ဖော်ရန် အစီအမံများကို ရေးဆွဲခဲ့သည်။ သို့သော်လွတ်လပ်ရေးရရှိသောအခါ မျှော်သလောက် ဖြစ်မလာချေ။ လွတ်လပ်ရေးရရှိပြီးသည်နှင့် အကွဲအပြဲများ၊ ဂိုဏ်းဂဏ စွဲများ၊ လက်နက်စွဲကိုင်ပုန်ကန်မှုများ ဖြစ်ကြရသည်။ တိုင်းပြည်ပြန်လည် ထူထောင်ရေးထက် နိုင်ငံငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ကြိုးပမ်းအားထုတ် ရသည်။

 

အမျိုးသားခေါင်းဆောင်ကြီး မျှော်မှန်းသကဲ့သို့၊ ဖြစ်စေလိုသကဲ့သို့ မလုပ်ဆောင်နိုင်ခဲ့ချေ။ ပြည်တွင်းမငြိမ်မသက်မှုများ၊ လက်နက်ကိုင် ပဋိပက္ခများ၊ မငြိမ်းချမ်းမှုများမှာ ယနေ့ထက်တိုင်ဖြစ်၍ အိမ်နီးချင်းနိုင်ငံများ ထက်ပင်နောက်ကျကျန်ခဲ့ပြီ။ နှစ်ပေါင်း ၆၀ ကျော်ရောက်မှ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ပြန်လည်ဖော်ဆောင်ပြီး နိုင်ငံကို နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရန် ကြိုးပမ်းနေရသည်။ ငြိမ်းချမ်းရေးကို ဦးစားပေး အကောင်အထည်ဖော်ရသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်လျှင် ငြိမ်းချမ်းမည်ဟုဆိုကြသည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ခွဲခြားရှုမြင်၍ ရမည်မဟုတ်ချေ။ မငြိမ်းချမ်းဘဲ ဖွံ့ဖြိုးရေးကို မည်သို့ဆောင်ရွက်နိုင်မည်နည်း။ ဖွံ့ဖြိုးရေးကို ဆောင်ရွက်နိုင်လျှင် လည်း ကြာရှည်တည်တံ့ခိုင်မြဲရန် လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်နေရသည်။ ပြည်သူပြည်သားများ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းနေရသည်။ ဖွံ့ဖြိုး တိုးတက်စေရန်အတွက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရသည်။

 

ပြည်တွင်းငြိမ်းချမ်းရေး မရရှိသေးသောကြောင့် ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာမဆောင်ရွက်နိုင်သေးသည်ကို နိုင်ငံတကာနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အိမ်နီးချင်းနိုင်ငံများ အရှိန်အဟုန်ဖြင့် တိုးတက်နေချိန်တွင် မြန်မာနိုင်ငံအနေဖြင့် တိုးတက်အောင် ကြိုးစားခွင့်မရခဲ့ချေ။ အခြား နိုင်ငံများနောက်မှလိုက်၍ ကြိုးပမ်းရသည်။ နောက်ကလိုက်ရသည်မှာလည်း ရှေ့ကသင်ခန်းစာများကို ရယူနိုင်သည်။ သင်ခန်းစာယူရာတွင် စိတ်ဓာတ် သင်ခန်းစာများကို ရရှိနိုင်သည်။

 

စစ်မှန်သောဒီမိုကရေစီနှင့်ကိုက်ညီသည့် စိတ်ဓာတ်များကို မွေးမြူ ကြရမည်ဖြစ်သည်။ ထိုသို့မွေးမြူမှသာ တည်တံ့ခိုင်မြဲသော ဒီမိုကရေစီဖြစ်မည်။ နိုင်ငံသူ နိုင်ငံသားများ၏ အတွေးအခေါ်၊ အယူအဆ၊ သဘောထား ရပ်တည်မှုများကို မပြုပြင်ဘဲ ဒီမိုကရေစီကို နိုင်ငံအတွက် အကျိုးရှိအောင် လုပ်ဆောင်နိုင်မည်မဟုတ်ချေ။ ဒီမိုကရေစီစနစ်ကိုထူထောင်သည်မှာ ယဉ်ကျေးမှုတစ်ခုကို ထူထောင်ခြင်းသာဖြစ်သည်။ ဒီမိုကရေစီသည် ပြည်သူထဲမှစတင်ခြင်းဖြစ်၍ လူမှုအသိုင်းအဝိုင်းယဉ်ကျေးမှုကို ခိုင်မာအောင်ထူထောင်ရသည်။

 

လွတ်လပ်ရေး၏ အနှစ်သာရသည် အပြန်အလှန်လေးစားမှု၊ အပြန်အလှန်နားလည်မှု၊ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ညီမျှမှု စသည်တို့ပါဝင်ပြီး ယင်းတို့ကို စနစ်တကျခံစားနိုင်ရန် စစ်မှန်သောဒီမိုကရေစီစနစ်ကို ပြုပြင် ပြောင်းလဲဖော်ဆောင်နေခြင်းဖြစ်သည်။ ထိုသို့ဖော်ဆောင်ရာတွင် ပြည်သူအားလုံး ညီညီညွတ်ညွတ်ဖြင့် လိုက်ပါဖော်ဆောင်နိုင်မှသာ ဒီမိုကရေစီ ပန်းတိုင်သို့ မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်မည်ဖြစ်သည်။

 

သို့ဖြစ်ရာ လွတ်လပ်ရေးရရှိပြီးသော်လည်း မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးမှု နောက်ကျကျန်ရစ်ခဲ့ရသည်။ သို့သော် ယနေ့အချိန်အခါတွင် လွတ်လပ်ရေး၏မျှော်မှန်းချက်ဖြစ်သည့် စစ်မှန်သောဒီမိုကရေစီစနစ်ကို ပြုပြင်ပြောင်းလဲဖော်ဆောင်နေသည်။ တိုင်းရင်းသားပြည်သူအားလုံးအနေဖြင့် မိမိတို့နိုင်ငံတော်ကြီး လွတ်လပ်ရေး အနှစ်သာရနှင့်ကိုက်ညီသည့် ငြိမ်းချမ်းသာယာသော နိုင်ငံဖြစ်လာအောင် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် တက်ညီလက်ညီ ပါဝင်ဆောင်ရွက်သင့်ပါ ကြောင်း။ ။

 

ကြေးမုံ