လွတ်လပ်ရေးနေ့ ဦးတည်ချက်ကို ရှေးရှု

၂၅ ဒီဇင်ဘာ

 

ဦးတည်ချက်ဟူသည် ရှေ့ခရီးလုပ်ငန်းစဉ်အတွက် လုပ်ဆောင်ရမည့် အလုပ်လမ်းညွှန်များပင်ဖြစ်သည်။ အကြောင်းကိစ္စတို့နှင့်ပတ်သက်၍ ဦးတည်ချက်များချမှတ်လေ့ရှိရာ များသောအားဖြင့် အမှုမဲ့အမှတ်မဲ့ပင်ဖြစ်သည်။ လွတ်လပ်ရေးနေ့ ဦးတည်ချက်သည် မြန်မာနိုင်ငံအတွက် မျက်မှောက်ကာလအခြေအနေ၏ လိုအပ်ချက်ကို ထင်ဟပ်ဖော်ပြနေသည့် အရေးကြီးသော အချက်များဖြစ်၍ အလေးအနက် ရှေးရှုရမည်ဖြစ်သည်။

 

 

၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ ပေါ်ထွက်လာသည်။

 

 

(၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက်တိုင်းရင်းသားအားလုံး “စုပေါင်းအင်အား” ဖြင့် ကာကွယ်စောင့်ရှောက်ရေးကို အလေးအနက်ထားကြရမည်ဖြစ်သည်။ နိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရေးအတွက် အစဉ်အမြဲနှိုးဆော်နေရမည့် အချက်ပင်ဖြစ်သည်။

 

 

(၂) ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးအတွက် ဒီမိုကရေစီစံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်နှင့် သင့်လျော်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ်ပေါ်ပေါက်ရန် ကြိုးပမ်းဆောင်ရွက်ရေးသည် မျက်မှောက်ကာလ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ပကတိလိုအပ်ချက်ပင်ဖြစ်သည်။ မြန်မာနိုင်ငံ၏ရှေ့ခရီးမှာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်လာရေးဖြစ်သည်။ ထိုသို့ ဖြစ်ပေါ်လာရန်အတွက် စစ်မှန်သော ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့် လျော်ကန်သင့်မြတ်ကိုက်ညီမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လိုအပ်သည်။

 

 

(၃) နိုင်ငံသူ၊ နိုင်ငံသားများ၏ ကျန်းမာရေးနှင့် အကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုများကို ထိရောက်စွာ တားဆီးကာကွယ်ရေးသည် အလွန်အရေးကြီးသောအချက်ဖြစ်သည်။ လက်ရှိတွင် ပြည်တွင်း၊ ပြည်ပရန်ထက် မူးယစ်ဆေးဝါးရန်စွယ်မှာ အလွန်ကြီးမားစွာ ကျရောက်နေသည်။ တစ်နိုင်ငံလုံး ပျံ့နှံ့နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေးအသွင်ဖြင့် ထိထိရောက်ရောက် တိုက်ဖျက်ကြရမည်။ ထိထိရောက်ရောက် မတိုက်ဖျက်နိုင်ပါက အမျိုးသားရေးကိုယ်ခံစွမ်းအားများ တစ်စတစ်စလျော့နည်းကျဆင်း၊ ပျက်ယွင်းလာပြီး မည်သည့်ရန်စွယ်ကိုမျှ ခုခံတွန်းလှန်နိုင်မည်မဟုတ်ချေ။ မူးယစ်ဆေးဝါးအန္တရာယ်သည် အနာဂတ်ကို ပုံဖော်တည်ဆောက်မည့် မျိုးဆက်သစ်များကို ဖျက်ဆီးပစ်ရန် ခြိမ်းခြောက်နေသည်။

 

 

(၄) တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဘက်ညီမျှတစွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်နေသည်။ တရားမျှတ၊ ခွင့်တူညီမျှ ဖွံ့ဖြိုးတိုးတက်မှုမရှိလျှင် လွတ်လပ်ရေးတန်ဖိုး၊ လွတ်လပ်ရေး၏ အနှစ်သာရတို့နှင့် ကိုက်ညီမှုမရှိနိုင်သဖြင့် လွတ်လပ်ရေးသည် အမည်ခံသက်သက်မျှသာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် တိုင်းဒေသကြီးများ၊ အထူးသဖြင့် ပြည်နယ်များ ဘက်ညီမျှတစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အကောင်အထည်ဖော်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး ညီညီညွတ်ညွတ် ပါဝင်ကြရမည်ဖြစ်သည်။

 

 

(၅) ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာဖြစ်ပေါ်ရေးနှင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်၏ကြိုးပမ်းဆောင်ရွက်ချက်များကို ဘက်ပေါင်းစုံမှ ပံ့ပိုးကူညီပေးရေး၌ အားလုံးပါဝင်ဆောင်ရွက်ကြရမည်ဖြစ်သည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးစနစ်ကောင်းမွန်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှသာလျှင် နိုင်ငံတော်၏ဓနအင်အား တောင့်တင်းခိုင်မာပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုဘဝ မြင့်မားတိုးတက်ရေးကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ သို့ဖြစ်ရာ ၂၀၁၉ ခုနှစ် (၇၁)နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် ချမှတ်ထားသော အမျိုးသားရေးဦးတည်ချက်များသည် ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရေးပါသော လုပ်ငန်းလမ်းညွှန်များဖြစ်ပါ၍ နိုင်ငံတော်အစိုးရနှင့် ပြည်သူ ပြည်သားများအားလုံး အတူလက်တွဲကာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါသည်။ ကြေးမုံ