လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပွဲများဖြင့် ထည့်သွင်းကျင်းပ

ဘားအံ ၄ ဇန်နဝါရီ


ကရင်ပြည်နယ် ဘားအံမြို့တွင် (၇၀)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို ပြည်နယ်သီရိကွင်း အတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင်တွင် ကျင်းပခဲ့ပြီး လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများပြသပြီး ပျော်ပွဲရွှင်ပွဲအားကစား ပြိုင်ပွဲများကို  ဇန်နဝါရီလ  ၄ ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

 

DSCN9136


(၇၀)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပြခန်းများပြသရာတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ပြခန်း၊ ကရင်ပြည်နယ်လွှတ်တော်ပြခန်း၊ သစ်တော၊သတ္ထုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနပြခန်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနပြခန်း၊ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနပြခန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနပြခန်း၊ လူမှုရေးဝန်ကြီးဌာနပြခန်း၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်းများဖြင့် ဝန်ကြီးဌာနအလိုက် ဒေသဖွံ့ဖြိုးရေးနှင့် အသိပညာပေးခြင်းများကို ဌာနများစုပေါင်းပြသထားသည်။ 


အားကစား ပြိုင်ပွဲများဖြစ်သော ဘားအံမြို့နယ် အတွင်းရှိ မူလတန်းကြိုကျောင်းများမှ  မူကြိုကလေးငယ်များ အားကစားပြိုင်ပွဲများ၊ ကျား/မအလွတ်တန်း မြို့ပတ်တာဝေးအပြေးပြိုင်ပွဲ၊ အသက် (၅၀)အထက် အမျိုးသားသီရိကွင်း သုံးပတ် အပြေးပြိုင်ပွဲ၊ အသက်(၄၀)အထက် အမျိုးသမီး သီရိကွင်းနှစ်ပတ် အပြေးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဘော်လီဘော ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်၊ သံလုံးပစ်၊ သံပြားပစ်ပြိုင်ပွဲ  ကျင်းပရာ ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


နေမျိုးလွင်(ပြန်/ဆက်)