လွတ်လပ်ရေး ဒီမိုကရေစီရေး တရားမျှတရေး ငြိမ်းချမ်းရေး

နေပြည်တော် ၂၃ ဒီဇင်ဘာ

 

ကိုယ့်ထီးကိုယ်နန်း ကိုယ့်ကြငှန်းနှင့် နေခဲ့ကြသော မြန်မာပြည်သူလူထုမှာ ကမ္ဘာ့အရင်းရှင်နယ်ချဲ့စနစ် အရှေ့တိုင်းနိုင်ငံများသို့ ဦးတည်လာခဲ့ပြီးသည့်နောက်၊ ၂၉ နိုဝင်ဘာ ၁၈၈၅ တွင် အင်္ဂလိပ်စစ်တပ်က သီပေါဘုရင်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြင့် အင်္ဂလိပ်ကျွန်လုံးလုံး ဖြစ်ခဲ့ရလေတော့သည်။

 

 တစ်ပါးကျွန်ဘဝကို လက်တွေ့ခံစားခဲ့ကြရသူ တိုင်းရင်းသားပြည်သူ အပေါင်းတို့မှာ နယ်အသီးသီးမှ ရရာလက်နက်စွဲကိုင်ကြကာ နယ်ချဲ့သမား တို့ကို ပုန်ကန်တော်လှန်ရန် ကြိုးစားခဲ့ကြ၏။ သို့သော်လည်း ခေတ်အများကြီး နောက်ကျနေသော နိုင်ငံသားတို့ မည်သို့မှ မတွန်းလှန်နိုင်ခဲ့ကြ။ သည်လိုနှင့် ဗြိတိ သျှနယ်ချဲ့သမားတို့ မြန်မာနိုင်ငံ၌ အခြေကျခဲ့ပြီး စစ်ရေး၊ နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားစီရင်ရေး၊ လူမှုရေး အစရှိသဖြင့် အဘက်ဘက်မှာ ကြီးစိုးလွှမ်းမိုးခဲ့ကြသည်။ 

 

ပြည်သူတို့ကို လူကလေး၊ မောင်မင်း၊ ဗြိတိသျှတို့က သခင်ကြီး အစရှိ သလို အခေါ်အဝေါ်အသုံးအနှုန်းမှအစ ရိုင်းပျစော်ကား အနိုင်ကျင့်ချိုးနှိမ် ခဲ့သည်ကိုကြည့်လျှင် လူထု၏ ခံစားချက်ကို ခန့်မှန်းနိုင်လောက်ပါသည်။ အင်္ဂလိပ်တို့သာ ဝင်နိုင်သော ကလပ်များ၊ ပန်းခြံများ၊ မြန်မာနိုင်ငံသား မဝင်ရဆိုသော ကန့်သတ်ခြင်းများက ကိုယ့်မြေ ကိုယ့်ရွာထဲလာပြီး မည်မျှလောက် စော်ကားချင်တိုင်း စော်ကားနေသည်ဆိုတာ သိသာလောက် ပါသည်။ 

 

ယင်းသို့ဖြင့် အင်္ဂလိပ် အုပ်ချုပ်ရေး၊ အင်္ဂလိပ် တရားစီရင်ရေး၊ အင်္ဂလိပ် စီးပွားရေးလုပ်ငန်းများ၊ အင်္ဂလိပ်စီးပွားရေးလုပ်ငန်းရှင်ကြီးများသာ နေရာတကာ ကြီးစိုး။ မြန်မာနိုင်ငံ၏ သယံဇာတရင်းမြစ်များဖြစ်သည့် ရေနံ၊ ဓာတ်သတ္တု၊ ရွှေငွေ၊ ကျောက်သံပတ္တမြား၊ ကျွန်းသစ်၊ ဆန်စပါး ပြည်ပပို့ကုန် သွင်းကုန်အားလုံးကို ဗြိတိသျှတို့က မောင်ပိုင်စီးထားပြီး ရသမျှ အမြတ်ငွေအလုံးအရင်းက ဗြိတိသျှအင်ပါယာအတွက်သာ ဖြစ်ခဲ့၏။ တိုင်းရင်းသားပြည်သူတို့၏ ရင်တွင်းခံစားချက်က ဘယ်လိုမှ သည်းမခံ နိုင်တော့သည့်အခါ ဟိုတစ်စ သည်တစ်စ ရသည့်နေရာက တော်လှန် ပုန်ကန်ဖို့ ကြိုးစားအားထုတ်ကြတော့သည်။ ဗြိတိသျှအင်ပါယာက ဧရာမ၊ စစ်အင်အားက အကြီးကြီး၊ သူတို့၏ လိုချင်လောဘစိတ်က မိုးတက်နေတာ ဖြစ်သည့်အချိန်မှာ သူတို့ကို ဖယ်ရှားဖို့ လှုပ်ရှားရုန်းကန်ရသည်မှာ လွယ်လွယ်နှင့် မဖြစ်နိုင်။ ရင်းနှီး ပေးဆပ်မှုများစွာနှင့် ကာလရှည် တော်လှန်ခဲ့ကြရ၏။ 

 

လွတ်လပ်ရေးသည် လွယ်လွယ်ရခဲ့သည် မဟုတ်။ 

 

ကိုယ်ကျိုးစွန့်လွှတ် အနစ်နာခံကြသော မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားပေါင်းစုံ ပြည်သူတို့၏ စည်းလုံးညီညွတ်မှု စွန့်လွှတ်စွန့်စားမှုများကို အရင်းတည်ခဲ့၏။ အင်အားကြီးရုံမက လောဘကြီးရုံမက မသမာသည့်နေရာတွင်လည်း ကမ္ဘာလှည့်ကာ ကောက်ကျစ်လှည့်ဖြားနေကြသော အလိမ်အညာ ကျွမ်းကျင် သူများက ဦးဆောင်နေသည့် နယ်ချဲ့အရင်းရှင်။ ပြီးတော့ ခိုင်မာမြဲမြံလာနေသည့် နယ်ချဲ့အရင်းရှင်စနစ်။ 

 

သည်လို အရင်းရှင်ကြီးနှင့် အရင်းရှင်နယ်ချဲ့စနစ်ကို ရင်ဆိုင်တော်လှန် ခဲ့ကြရာ၌ သခင်စိတ်ကိုမွေးကာ နယ်ချဲ့ဆန့်ကျင်ရေးအလံကို မြင့်မြင့် လွှင့်ထူရင်း စစ်ရေး၊ စိတ်ဓာတ်ရေး၊ နိုင်ငံရေး၊ သံတမန်ရေး စသည့် နည်းမျိုးစုံဖြင့် ယှဉ်ပြိုင်အနိုင်တိုက်ကာ ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၏။ သည်မျှမက၊ ရက်စက်ကြမ်းကြုတ် မှုတွင် နာမည်ကြီးလှသော ဖက်ဆစ်စနစ်နှင့် တစ်ကမ္ဘာလုံးကို အန်တုဖို့ ကြိုးစားနေသော ဂျပန်တို့ကို လည်း အသက်ပေါင်းများစွာ နှိပ်စက်ခံရမှုများစွာဖြင့် ရယူခဲ့ရခြင်းဖြစ်၏။ 

 

သည်စဉ်ကတည်းက ပြည်သူလူထု၏ မျှော်မှန်းချက်က ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရေး၊ လွတ်လပ်ရေး ဒီမိုကရေစီရေး။ တရားမျှတရေး ငြိမ်းချမ်းရေး။ 

 

ကွန်မြူနစ်ပါတီ၊ ပြည်သူ့အရေးတော်ပုံပါတီ၊ ဗမာ့တပ်မတော်တို့၏ ခေါင်းဆောင်မှု၊ သခင်အောင်ဆန်း၊ သခင်စိုး၊ သခင်နု၊ သခင်ဗဟိန်း၊ သခင်သိန်းဖေ၊ သခင်သန်းထွန်း အစရှိသည့် နိုင်ငံရေး စစ်ရေး ခေါင်းဆောင်များ၊ အထူးသဖြင့် မြန်မာနိုင်ငံ တိုင်းရင်းသား ပြည်သူ လူထုကြီး၏ လွတ်လပ်ရေး လိုချင်သည့် စိတ်ဓာတ်နှင့် ဝိုင်းဝန်းပါဝင် တော်လှန်ခဲ့ကြသော အင်အားကြောင့် အောင်မြင်စွာ ရယူခဲ့ရသော လွတ်လပ်ရေးဖြစ်၏။ 

 

ယခုကဲ့သို့ ရှေးလူတို့ ရင်းနှီးပေးဆပ်ကာ ရရှိခဲ့သော လွတ်လပ်ရေးကို တန်ဖိုးထား ဂုဏ်ပြုရင်း ပြည်သူတို့ မျှော်မှန်းခဲ့ကြသော လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ တရားမျှတရေး၊ ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ မရောက် မချင်း ဆက်လက်ချီတက်ကြရပါဦးမည်။ အနှီပန်းတိုင်က မဝေးတော့ဟု ယုံကြည်သော်လည်း ခက်ခဲကြမ်းတမ်း ဦးမည်ဟူ၍ အားတင်းထားကြရန်တော့ လိုပါမည်တည်း။ ။

 

မြန်မာ့အလင်း