လွတ်လပ်ရေး၊ အခွင့်အရေးနှင့် တာဝန်

အဓွန့်ရှည်တည်တံ့ခိုင်မြဲပြီး လွတ်လပ်သောနိုင်ငံတော်၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်သောနိုင်ငံတော်တွင် ထိန်းကျောင်း မောင်းနှင်နေသည့် မဏ္ဍိုင်ကြီးသုံးရပ်နှင့် ထောက်ကန်အားပြုထားသော စတုတ္ထမဏ္ဍိုင်၊ ပဉ္စမမဏ္ဍိုင်တို့ အပြန်အလှန်အကျိုးပြု လည်ပတ်စီးဆင်းကောင်းမွန်မှုအတွက် ထိုနိုင်ငံတည်ဆောက်မှုနှင့် ဆီလျော်မှုရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိမဖြစ်လိုအပ်ပါသည်။

 

သာမန်အနေဖြင့်ဆိုလျှင်လည်းကောင်း၊ များသောအားဖြင့် ဆင်ခြင်လျှင်လည်းကောင်း မျက်မှောက်ကာလ အခြေအနေ၌ လွတ်လပ်ရေးနှင့် အခြေခံဥပဒေကို ခွဲခြားရှုမြင်တတ်ကြသည်။ အမှန်တကယ်တွင် အခြေခံ ဥပဒေနှင့် လွတ်လပ်ရေးသည် တစ်သားတည်းဖြစ်ပါသည်။ အခြေခံဥပဒေမပေါ်ပေါက်ဘဲနှင့် လွတ်လပ်ရေးဟူသည် ဖြစ်လာမည်မဟုတ်ပေ။ အခြေခံဥပဒေမရှိဘဲနှင့် လွတ်လပ်၍တရားမျှတသည့်နိုင်ငံ ဖြစ်မလာပေ။ အခြေခံ ဥပဒေမရှိဘဲနှင့် အများပြည်သူကောင်းကျိုးကို မဆောင်ကြဉ်းနိုင်ပေ။ အခြေခံဥပဒေမရှိဘဲ အများပြည်သူတို့ကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်မလာနိုင်ပေ။

 

ယနေ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ငါးနှစ်လျှင်တစ်ကြိမ် ကျင်းပသည့် လွှတ်တော်အခင်းအကျင်း များဖြင့် နိုင်ငံတော်ကို ပါတီစုံ ဒီမိုကရေစီစနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည်။ ယင်းသို့ အကောင်အထည် ဖော်နိုင်ခြင်းသည် လွတ်လပ်ရေးမှ မွေးဖွားပေးလိုက်သော အနှစ်သာရများကို ဆက်လက်ပုံဖော်အသက်ဝင် ရှင်သန်စေပြီး လွတ်လပ်ရေးအမွေကို ဆက်ခံနေခြင်း ဖြစ်သည်။ သို့ဖြစ်၍လည်း ဒီမိုကရေစီအနှစ်သာရများနှင့် ရည်မှန်းချက်များကို ပြည်သူများ လက်တွေ့ခံစားနေရမည် ဖြစ်သည်။

 

မြန်မာနိုင်ငံတွင် ကိုလိုနီနယ်ချဲ့စနစ်ကို တွန်းလှန်ဖြိုဖျက်ပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင်အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာ့လွတ်လပ်ရေး ရှေ့ပြေး မှတ်တိုင်ဖြစ်သည့် အောင်ဆန်း-အက်တလီစာချုပ်ကို လန်ဒန်မြို့တွင် ချုပ်ဆိုပြီးနောက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် တောင်တန်းဒေသ တိုင်းရင်းသားများ သွေးစည်းညီညွတ်ခြင်းကိုပြသည့် ပင်လုံစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့သည်။ ထိုနှစ်နွေဦးတွင်ပင် ပထမတိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကြီးကို စည်းကမ်းစနစ် ကျနစွာဖြင့်ပြုလုပ်နိုင်ခဲ့ပြီး လွတ်လပ်သောမြန်မာနိုင်ငံအတွက် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြု ပြဋ္ဌာန်းခဲ့သည်။

 

အချုပ်အခြာအာဏာပိုင်ဆိုင်သည့် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံတွင် ဒီမိုကရေစီလုပ်ငန်းစဉ်များကို အဆင့်ဆင့် တည်ဆောက်ကြရသည်။ ဒီမိုကရေစီနိုင်ငံများသည် လွတ်လပ်သောနိုင်ငံတစ်နိုင်ငံနှင့် လျော်ညီသည့်လုပ်ငန်းစဉ် များကို လေးနှစ်တစ်ကြိမ်ဖြစ်စေ၊ ငါးနှစ်တစ်ကြိမ်ဖြစ်စေ အစဉ်အမြဲ အကောင်အထည်ဖော်ကြရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲ၊ လွှတ်တော်နှင့် မဏ္ဍိုင်ကြီးသုံးရပ်ကို ကာလအပိုင်းအခြားအလိုက် အသစ် အသစ် ဖွဲ့စည်းတည်ဆောက်ကာ သစ်လွင်သောဒီမိုကရေစီနိုင်ငံတော်ကြီး အစဉ်ဖြစ်ထွန်းအောင် တည်ဆောက်ကြရသည်။ ရွေးကောက်ပွဲ၊ လွှတ်တော်နှင့် မဏ္ဍိုင်ကြီးသုံးရပ်တို့သည် တစ်သားတည်းဖြင့် နိုင်ငံတော်ကို တည်ဆောက်ကြရသည်။ နိုင်ငံတော်ကို အသစ်အသစ်တည်ဆောက်ရာ၌ နိုင်ငံတော်နှင့် ပြည်သူတစ်ရပ်လုံးအတွက် သင့်မြတ်ဆီလျော်မှုရှိမည့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲနိုင်မှသာ နိုင်ငံတော်ပန်းတိုင်ဆီသို့ အောင်မြင်စွာ ရောက်နိုင်မည်။

 

လွတ်လပ်သောနိုင်ငံတော်၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းရင်းသားပြည်သူအပေါင်းတို့အတွက် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းတည်းဟူသော လောကပါလတရားများကို အခြေပြုကာ လူသတ္တဝါခပ်သိမ်းတို့၏ ငြိမ်းချမ်းသာယာရေးကို ခိုင်မြဲတည်တံ့အောင်ထိန်းသိမ်းရန် သန္နိဋ္ဌာန်ချ၍ လူမှုဆက်ဆံရေး တရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ နိုင်ငံရေးတရားမျှတမှု၊ လွတ်လပ်စွာတွေးကြံနိုင်မှု၊ လွတ်လပ်စွာဖွင့်ဟ ရေးသားဖော်ပြနိုင်မှု၊ လွတ်လပ်စွာယုံကြည်နိုင်မှု၊ လွတ်လပ်စွာကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ပရိယေသနရှာမှီးနိုင်မှု၊ လွတ်လပ်စွာစည်းရုံးနိုင်မှု၊ လွတ်လပ်စွာပြုမူဆောင်ရွက်နိုင်မှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေ အရာတွင်ညီမျှမှုတို့ကို နိုင်ငံသားအားလုံးတို့ ရရှိခံစားနိုင်စေခြင်းငှာ လွှတ်တော်၌ အတည်ပြုပြီးလျှင် ပြည်သူတို့အား အပ်နှင်းထားသည့် ဥပဒေဖြစ်သည်။

 

သို့ဖြစ်ရာ လွတ်လပ်သောနိုင်ငံတော်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ပြည်သူတို့အား အပ်နှင်းထားသည်ဖြစ်၍ နိုင်ငံတော်ရှိ ပြည်သူတို့သည် လူ့အခွင့်အရေးများကို အပြည့်အဝခံစားခွင့်ရှိသကဲ့သို့ ပြည်သူတို့ကလည်း နိုင်ငံတော်ကြီး အင်အားတောင့်တင်းအောင်၊ ခံ့ညားတည်ကြည်အောင် အစွမ်းကုန်ဖြည့်ဆည်းပေးရန် တာဝန်ရှိပေသည်။ လွတ်လပ်သောနိုင်ငံတော်ကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာတွင် အခွင့်အရေးနှင့်တာဝန် ဒွန်တွဲအမြဲရှိနေသည်ကို သတိမူဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။   ။

ကြေးမုံ