လရောင်ဖြာတဲ့အင်းလေးမှာ

၃ ဇန်နဝါရီ

 

ယခုတစ်ပတ်တွင် အသစ်ရုံတင် ပြသမယ့် မြန်မာဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အင်းလေးဒေသရဲ့ သဘာဝ အလှအပတွေကို ထင်ဟပ်ရိုက်ကူးထားတဲ့ လရောင်ဖြာတဲ့အင်းလေးမှာ မြန်မာရုပ်ရှင် ဇာတ်ကားကြီးကို ယခုလာမယ့် သောကြာနေ့ (ဇန်နဝါရီ ၅ ရက်) မှာ မြန်မာနိုင်ငံ တစ်ဝန်းက ရုပ်ရှင်ရုံတွေမှာ စတင်ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

 

ဝါဝါဝင်းရွှေ ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးပြီး အနုပညာ အကြံပေးအဖြစ် အကယ်ဒမီ ဆုများရှင် ဒေါ်ဝါဝါဝင်းရွှေ ပါဝင်ထားသည့် လရောင်ဖြာတဲ့အင်းလေးမှာ ဇာတ်ကားကို ပုံဖော်ရိုက်ကူးသူကတော့ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် ဖြစ်ပါတယ်။

 

ပါဝင်ထားကြတဲ့ သရုပ်ဆောင်တွေကတော့ နေတိုး၊ ဝတ်မှုံရွှေရည်၊ ဝါဇင်၊ မေသဉ္ဇာဦး၊ ဆုမြတ်နိုးဦးနဲ့ အနုပညာရှင်ပေါင်းများစွာက ပါဝင်သရုပ်ဆောင် ထားကြတာ ဖြစ်ပါတယ်။

 

ဒီဇာတ်ကားမှာ အင်းလေးဒေသ၏ အထင်ကရ ဖောင်တော်ဦး ဘုရားပွဲ မြင်ကွင်းများ၊ အင်းလေးဒေသရဲ့ သဘာဝ အလှအပများ၊ အင်းတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ ခြေဖြင့် လှော်ခတ်သည့် လှေပြိုင်ပွဲ မြင်ကွင်းများစတဲ့ သဘာဝ အလှအပများကိုလည်း မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။

 

လရောင်ဖြာတဲ့အင်းလေး ဇာတ်ကားမှာ မထင်မှတ်သည့် ဖြစ်ရပ်တစ်ခုကြောင့် တစ်ဦးမှာ မကောင်းဆိုးဝါးသဖွယ် ဖြစ်ခဲ့ရသည့် မင်းနောင်ရိုးနှင့် ထက်နောင်ရိုး အမြွှာညီအစ်ကို နှစ်ဦးနှင့် ဂီတာတီး သီချင်းဆိုကောင်းသည့် အင်းတိုင်းရင်းသူလေး နန်းခမ်းကြာညိုသွယ်တို့ မိသားစုကြား ကြုံတွေ့ရတဲ့ အချစ်ဇာတ်လမ်းကို စိတ်ဝင်စားဖွယ် ပုံဖော်ထားသည့် မြန်မာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။

 

ဖြိုး(MDN)