သတင်းဆောင်းပါး - ဘကြီးကောင်း
“လေးအသင်္ချေကိန်း တစ်သိန်းကပ်ကြုံ၊ သုမေဓာလောင်း ညွန့်ပျောင်းဗွက်အုံ၊ ဒီပင်ထံပါး ဝမ်းလျားမှောက်ခုံ၊ ဆုပန်နေ့ လပြည့်နွေကဆုန်”
“ဘကြီးကောင်း၊ တရားနာနေတာလားဗျ”
“အေး၊ ဟုတ်တယ်ကွယ့်။ ကဆုန်လပြည့် ဗုဒ္ဓနေ့နီးလာတိုင်း ဘကြီးကောင်းက သီတဂူ ဆရာတော်ဘုရားကြီး ဟောကြားတော်မူခဲ့တဲ့ ‘ကဆုန်လပြည့်ဗုဒ္ဓနေ့’ တရားတော်ကို အမြဲနာယူ လေ့ရှိတယ် မောင်မြင့်အေးရဲ့၊ ဆရာတော်ကြီးစပ်ဆို ထားတဲ့ လင်္ကာပုဒ်လေးတွေကြားတိုင်း စိတ်ထဲမှာ အလွန်ကြည်နူးမိတယ်ကွယ့်”
“ဟုတ်တယ် ဘကြီးကောင်းရေ။ ကျွန်တော် လည်း ခုနကကြားလိုက်ရတော့ စိတ်ထဲမှာ တအားကြည်နူးသွားတာပဲ။ ကဆုန်လပြည့်နေ့ တောင် ရောက်တော့မယ်နော်”
“အေးကွယ်၊ ကဆုန်လပြည့်နေ့ဆိုတာ တို့ဗုဒ္ဓ ဘာသာဝင်တို့အတွက် တကယ့် နေ့ထူးနေ့မြတ်ကြီး ပေါ့ကွယ်။ ကဆုန်လပြည့်နေ့ကို မြတ်ဗုဒ္ဓရဲ့ဘဝနဲ့ ဆက်စပ်ပြီး ပြောမယ်ဆိုရင် ဒီပင်္ကရာမြတ်စွာ ဘုရားထံမှာ သုမေဓာရသေ့ဘဝနဲ့ ဗျာဒိတ်ခံခဲ့ တာလည်း ကဆုန်လပြည့်နေ့ပဲ၊ နောက်ဆုံးဘဝမှာ ဖွားတော်မူတာလည်း ကဆုန်လပြည့်နေ့ပဲ၊ ဘုရား အဖြစ်သို့ရောက်တော်မူတာလည်း ကဆုန်လပြည့် နေ့ပဲ၊ ဘဝအဆုံးသတ်ပြီး ပရိနိဗ္ဗာန်စံတာလည်း ကဆုန်လပြည့်နေ့ပဲ။ ဒါကြောင့် ကဆုန်လပြည့်နေ့ ကို “ဗျာဒိတ်တော်ခံ၊ ဖွား၊ ပွင့်၊ စံ”လို့ အကျဉ်းချုပ် မှတ်သားကြတယ်ကွယ့်။ “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း”လို့လည်း မှတ်သားကြ တယ်ကွယ့်။
ကမ္ဘာ့ရုံးပိတ်ရက်အဖြစ် အသိအမှတ်ပြု
မြတ်ဗုဒ္ဓရဲ့ဘဝနဲ့ ဒီလိုထူးထူးခြားခြား ဆက်စပ် တဲ့နေ့ဖြစ်တဲ့အတွက် ကုလသမဂ္ဂမှာ ဗုဒ္ဓဟာ အင်မတန်မှထူးခြားတဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်၊ ဗုဒ္ဓရဲ့အဆုံးအမတွေဟာ ထူးခြားတဲ့ အဆုံးအမတွေ ဖြစ်တယ်၊ ကမ္ဘာကြီးငြိမ်းချမ်းအောင်၊ လူတွေရဲ့ စိတ်နှလုံးပူလောင်မှုတွေကို ငြိမ်းချမ်းအောင် ဟောပြောနိုင်တဲ့ အင်မတန်မှထူးခြားတဲ့ပုဂ္ဂိုလ် ဖြစ်တယ်ဆိုပြီး ဗုဒ္ဓဖွားမြင်တဲ့နေ့ကို ကမ္ဘာ့ရုံးပိတ် ရက်အဖြစ် အသိအမှတ်ပြုသင့်တယ်လို့ အဆို တင်သွင်းကြတဲ့အတွက် ကုလသမဂ္ဂ(UN)က ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် တစ်ကမ္ဘာလုံး က အသိအမှတ်ပြုတဲ့ရုံးပိတ်ရက်အဖြစ် ၁၉၉၉ ခုနှစ်က ဆုံးဖြတ်ချက်ချမှတ်ခဲ့တယ်ကွယ့်။
မြတ်ဗုဒ္ဓဟောကြားတော်မူတဲ့ ...
“ရန်ပြုသူကို ပြန်၍ရန်ပြုခြင်းဖြင့် ငြိမ်းချမ်း ရေးမရနိုင်၊
ရန်ငြိုးဖွဲ့သူကို ပြန်၍ရန်ငြိုးဖွဲ့ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
အကြမ်းဖက်သူကို ပြန်၍အကြမ်းဖက်ခြင်း ဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
မုန်းတီးသူကိုပြန်၍မုန်းတီးခြင်းဖြင့် အမုန်း ဇာတ်အဆုံးမသတ်နိုင်၊
ဆဲရေးပုတ်ခတ်သူကို ဆဲရေးပုတ်ခတ်ကာ တုံ့ပြန်ခြင်းဖြင့် ငြိမ်းချမ်းရေးမရနိုင်၊
လိမ်လည်လှည့်ဖြားမှုကို မုသာဝါဒနဲ့ တုံ့ပြန် ခြင်းဖြင့် သစ္စာတရားမထွန်းကားနိုင်၊
“ရန်ပြုလာသူ၊ ရန်ငြိုးဖွဲ့သူ၊ အကြမ်းဖက်သူ၊ မုန်းတီးသူ၊ ဆဲရေးသူ၊ ပုတ်ခတ်သူ၊ လိမ်လည်သူ တို့ကို မေတ္တာ၊ ခန္တီ၊ သစ္စာ၊ သမာဓိ၊ ပညာတို့ဖြင့်သာ ငြိမ်းချမ်းစေရာ၏”ဆိုတဲ့ အဆုံးအမကိုကြည့်ပြီး မြတ်ဗုဒ္ဓဟာ ကမ္ဘာကြီးငြိမ်းချမ်းအောင် လူတွေရဲ့ စိတ်နှလုံးပူလောင်မှုတွေကို ငြိမ်းချမ်းအောင် ဟောပြောနိုင်တဲ့ အင်မတန်မှထူးခြားတဲ့ပုဂ္ဂိုလ် ဆိုပြီး အဆိုတင်သွင်းကြတာဖြစ်မယ်လို့ ဘကြီးကောင်း စဉ်းစားနေမိတယ်”
“ဘကြီးကောင်းပြောမှပဲ တစ်ကမ္ဘာလုံးက ကဆုန်လပြည့်နေ့ကို ဗုဒ္ဓနေ့အဖြစ် တလေးတစားတန်ဖိုးထားအသိအမှတ်ပြုထားမှန်း သိရတော့တယ်။ ကျွန်တော်တို့ကတော့ ကဆုန်လပြည့်နေ့ရောက်ရင် ညောင်ရေသွန်းဖို့လောက်ပဲ သိပါတယ်”
“အေးပေါ့ကွယ်၊ ကဆုန်လ ညောင်ရေသွန်းပွဲ ဆိုတာကလည်း မြန်မာ့ရိုးရာ ၁၂ လ ရာသီပွဲတော် ထဲမှာလည်း အစဉ်အလာအဖြစ်သတ်မှတ်ထားခဲ့ကြတာကိုး။ ထေရဝါဒဗုဒ္ဓသာသနာတော်ကို လက်ခံ ယုံကြည်ကိုးကွယ်ကြတဲ့ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာ ဝင်တွေအနေနဲ့လည်း ကဆုန်လညောင်ရေသွန်းပွဲကို ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ်ကနေ ကနေ့ အထိ အစဉ်အလာမပျက် ကျင်းပပြုလုပ်ကြတယ် ကွယ့်။ လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ နာမည်ကျော် မဲဇာတောင်ခြေရတုမှာ ပွဲခါညောင်ရေဆိုတဲ့ စာပုဒ် ကလေးကို ဖတ်ကြည့်ရင်ပဲ မြင်နိုင်တယ်ကွယ့်။
ဗောဓိပင်ကို ရေသွန်းလောင်းပူဇော်
ဒါပေမဲ့ ရှေးဘိုးဘွားမိဘတွေက ညောင်ရေ သွန်းပွဲတော်ကို ပွင့်ရာဗောဓိအား ရည်မှန်းခြင်း၊ ရေပြတ်ချိန်မှာ မညှိုးနွမ်းစေလိုခြင်းဆိုတဲ့ ရည်ရွယ် ချက်နှစ်ရပ်နဲ့ကျင်းပခဲ့ခြင်းဖြစ်တယ်ကွယ့်။ ဗုဒ္ဓ ဘာသာဝင်တို့ဟာ ဘုရားဖြစ်တဲ့နေ့ထူးနေ့မြတ်ကိုအာရုံပြုပြီး ကဆုန်လပြည့်နေ့မှာ ပရိဘောဂစေတီ ထိုက်တဲ့ ဗောဓိပင်ကို ရေသွန်းလောင်းပူဇော်ကြတာ ဖြစ်တယ်။ သစ္စာလေးပါးတရားတို့ကို သိမြင်ရာဌာန ဖြစ်တာကြောင့် ပွင့်တော်မူရာ သစ်ပင်ကို ဗောဓိပင် လို့ ခေါ်တယ်။ ဥပမာ - ကံ့ကော်ပင်မှာ ဘုရားပွင့်ရင် ကံ့ကော်ပင်ဟာ ဗောဓိပင်ဖြစ်တယ်၊ ညောင်ပင်မှာ ဘုရားပွင့်ရင် ညောင်ပင်ဟာဗောဓိပင် ဖြစ်တယ်။ ဗောဓိပင်ဟာ ဖွားဖက်တော် ခုနစ်ပါး စာရင်းဝင်လည်း ဖြစ်တယ်ကွယ့်။
ဗောဓိပင်ကိုပူဇော်မှုနဲ့ပတ်သက်ပြီး အသန ဗောဓိယမထေရ်လောင်းဟာ တိဿဘုရားရှင်ရဲ့ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရတဲ့ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာဝတေးမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်း အကျိုးများကိုခံစား ရကြောင်း ထေရာပဒါန်ကျမ်းဂန်မှာ ဟောကြားခဲ့တယ် ကွယ့်။ ဂန္ဓောဒတတိဿမထေရ်လောင်းဆိုလည်း ပဒုမုတ္တရဘုရားရှင်ရဲ့ဗောဓိပင်ကို နံ့သာရေနဲ့ သွန်းလောင်းပူဇော်တဲ့ ကုသိုလ်ကြောင့် နတ်ပြည်မှာ ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောက ကင်းဝေးခြင်းစတဲ့ အကျိုးတွေကို ခံစားရတယ်လို့ လည်း စာပေကျမ်းဂန်တွေမှာ ဖော်ပြထားတယ် ကွယ့်။
ဗောဓိပင်ဟာ မြတ်စွာဘုရားရှင်နဲ့ တိုက်ရိုက် ဆက်စပ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်တွေဟာ နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗောဓိပင်မှာ ညောင်ရေသွန်းခြင်း၊ ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော် များကို အနေကဇာတင် ဗုဒ္ဓအဘိသေကမင်္ဂလာသဘင် ဆင်ယင်ကျင်းပခြင်း၊ ကျောင်းကန်ဘုရား သွားရောက် ပြီး ဒါန၊ သီလ၊ ဘာဝနာအမှုကုသိုလ်အထူးကို ဆည်းပူးခြင်း စတဲ့ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အမှတ် တရဆင်နွှဲကြတယ်ကွယ့်”
“ဘကြီးကောင်းပြောမှပဲ ညောင်ရေသွန်းရခြင်း ရဲ့အဓိပ္ပာယ်ကို ကျယ်ကျယ်ပြန့်ပြန့်၊ နက်နက်ရှိုင်းရှိုင်း သဘောပေါက်လာမိတော့တယ်”
ဝိသာခါဒေး “ဝေဆာခ်ဒေး”
“အေးကွယ့်၊ တို့မြန်မာနိုင်ငံမှာ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ညောင်ရေသွန်းလောင်း ပူဇော်ပွဲလောက်ပဲ ကျင်းပပေမယ့် အခြားနိုင်ငံတွေမှာတော့ ကဆုန် လပြည့်နေ့မှာ ထွက်ပေါ်လာတဲ့ လပြည့်ဝန်းကြီးဟာ ဝိသာခနက္ခတ်နဲ့ ယှဉ်တွဲပြီး ဖြစ်ပေါ်လာခြင်း၊ ကောင်းကင်က ကြယ်တွေဟာ တောက်ပနေခြင်း၊ မြတ်ဗုဒ္ဓဟာ ဝိသာခနက္ခတ်နဲ့ယှဉ်ပြီး ဖွားမြင်တော် မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းတွေကို အကြောင်း ပြုပြီး ကဆုန်လပြည့်နေ့ကို ဝိသာခါဒေး “ဝေဆာခ်ဒေး” လို့လည်းခေါ်ကြပြီး ဝေဆာခ်ပွဲတွေလည်း ကျင်းပ ကြတယ်လို့ဆိုတယ်။ အခုရက်ပိုင်း မေလ ၈ ရက်နေ့ ကဆိုရင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ ဆော်ရှီ ဘုရားကျောင်းမှာ ထောင်နဲ့ချီတဲ့ မြို့သူမြို့သား တွေက ဗုဒ္ဓမွေးနေ့အခမ်းအနားကို ပါဝင်ဆင်နွှဲနေ ကြတာကို တွေ့လိုက်ရတယ်။ တောင်ကိုရီးယားဘုရား ကျောင်းတွေမှာလည်း ဧပြီလဆန်းပိုင်းကစပြီး မီးပုံး အလှပြပွဲ၊ မီးပုံးပျံပွဲ၊ အထူးဖျော်ဖြေပွဲတွေနဲ့ ဗုဒ္ဓ မွေးနေ့အခမ်းအနားကို ကျင်းပနေကြတယ်။
“ဟုတ်ကဲ့ ဘကြီးကောင်း၊ အင်မတန်မှတ်သား စရာတွေပါခင်ဗျာ”
“ဘကြီးကောင်းတို့လည်း အစကမသိခဲ့ပါဘူး။ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဟောကြား တော်မူတဲ့ ‘ဗျာဒိတ်တော်ကြားဘုရား ၂၄ ဆူ’ တရားတော်ကို ဖတ်မှတ်နာယူမှ သိရတာ။ ဒီတရား တော်မှာ ကဆုန်လပြည့်ဗုဒ္ဓနေ့နဲ့ပတ်သက်ပြီး အင်မတန် မှတ်သားနာယူစရာကောင်းတယ်ကွယ့်။
လုပ်သင့်လုပ်ထိုက်တဲ့ပွဲ
ဆရာတော်ကြီးက ‘ကဆုန်လပြည့်နေ့ကို အိန္ဒိယမှာ ဘယ်လိုခေါ်တုန်းဆိုရင် ‘ဝေဆာခ်’လို့ ခေါ်တယ်၊ ဝေဆာခ်ဆိုတာ ဝိသာခကိုပြောတာ၊ ဝေသာခဆိုတဲ့စကားလုံးကို ပါဠိစကားလုံးမှာ ‘ဝေသာခ’ပဲ။ အိန္ဒိယကလူတွေရဲ့ အသံထွက်အရ ‘ဝေဆာခ်’ ဒီလို အသံထွက်တာ။ တချို့နိုင်ငံတွေမှာ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်အရ ဝေဆာခ်ပွဲတွေ ကျင်းပကြတယ်။ မြတ်စွာဘုရားရဲ့ဂုဏ်တော်၊ ကျေးဇူးတော်တွေကို အာရုံပြုပြီး လုပ်သင့် လုပ်ထိုက်တဲ့ပွဲပဲ။
ဘုန်းကြီးတို့ သီရိလင်္ကာနေတုန်းက သီရိလင်္ကာက ဝေဆာခ်ပွဲဟာ အလွန်ကြီးကျယ် တယ်။ အခု မြန်မာပြည်မှာကြီးကျယ်နေတာ သင်္ကြန်ပွဲဖြစ်တယ်။ ကဆုန်လမှာ သာမန်ညောင်ရေ သွန်းပွဲလောက်ပဲလုပ်ကြတယ်။ ဒီနေ့က ဘုရား ဖွားတော်မူတဲ့နေ့လည်းဖြစ်တယ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူတဲ့နေ့လည်းဖြစ်တယ်၊ ပရိနိဗ္ဗာန် စံတော်မူတဲ့နေ့လည်းဖြစ်တယ်။ အင်မတန်မှ ထူးခြားတဲ့နေ့။ ဒီထဲမှာ ထပ်ထည့်မယ်ဆိုလို့ရှိရင် ဗျာဒိတ်ခံတဲ့နေ့လည်းဖြစ်တယ်။ ဒါကြောင့်မို့ ‘ကဆုန်လပြည့်ဗုဒ္ဓနေ့’ဆိုတာ အင်မတန်မှထူးခြား တယ်။ ဗုဒ္ဓဘာသာနိုင်ငံတွေမှာ ကဆုန်လပြည့် နေ့ဟာ တကယ့်ကိုအမှတ်တရလုပ်သင့်တဲ့ နေ့ပဲ။ သီရိလင်္ကာနိုင်ငံမှာ နှစ်လလောက်ကကြိုပြီး ‘ဝေဆာခ်ကတ်’ဆိုတာ (ခရစ္စမတ်ကတ်လို)ထုတ်ဝေကြတယ်။ မြတ်စွာဘုရားဟောတဲ့ဒေသနာ တွေ၊ ဘုရားပုံတော်တွေနဲ့ greeting ကတ်တွေ သူငယ်ချင်းတွေ တစ်ဦးနဲ့တစ်ဦး၊ ဗုဒ္ဓဘာသာတွေ တစ်ဦးနဲ့တစ်ဦး ပေးပို့ကြတယ်။
မြန်မာပြည်မှာ အဲဒါလုပ်သင့်တယ်၊ ညောင်ရေ သွန်းရုံလောက်တင် မဖြစ်သင့်ဘူး၊ ဗုဒ္ဓနေ့ညောင်ရေ သွန်းတာက ဗုဒ္ဓရဲ့ဖွားဖက်တော် ဗောဓိပင်ပဲ ရေလောင်းဖို့သတိရကြတယ်။ မြတ်စွာဘုရားရဲ့ ဘဝကို မေ့နေသလို ရှိတယ်ပေါ့၊ ကိုယ့်မွေးနေ့ပွဲ တွေလုပ်ကြတယ်၊ ဘုရားမွေးနေ့ကိုတော့ မေ့နေ ကြတယ်လို့ပြောစရာဖြစ်တယ်။
ဗုဒ္ဓနေ့ကိုအမှတ်ရကြပါလို့ ဗုဒ္ဓဘာသာဝင် တွေကို ပြောချင်တယ်၊ ကိုယ်ကိုးကွယ်တဲ့ ဘုရား ဟာ ကိုယ့်အပေါ် ဘယ်လောက်ကျေးဇူးရှိလဲ စဉ်းစားကြည့်။ ကုသိုလ်အကုသိုလ်၊ လုပ်သင့်တာနဲ့ မလုပ်သင့်တာ၊ အပြစ်ရှိတာနဲ့အပြစ်မရှိတာ၊ ဘဝခရီး ဘယ်လိုလျှောက်လှမ်းရမယ်ဆိုတဲ့ တရား ဓမ္မတွေဟောပြောနေတာ ဘယ်သူတုန်းဆိုရင် ဘုရားပဲ။ ဘုန်းကြီးတို့ဟောတယ်ဆိုတာ ဘုရားရဲ့ တရားတွေ ပြန်ဟောနေရတာ။ ကမ္ဘာကြီးကို ငြိမ်းချမ်းအောင်စွမ်းဆောင်နိုင်ပြီးတော့ လူတွေရဲ့ ဒုက္ခတွေလျော့ပါးအောင် ဟောပြော ပေးတဲ့ကျေးဇူး ရှင်ဟာ ဘယ်သူတုန်းဆိုရင် ဗုဒ္ဓပဲပေါ့။ အဲဒီတော့ မြတ်စွာဘုရားရဲ့ဖွားတော်မူတဲ့နေ့ဟာ မမေ့သင့်တဲ့ နေ့တစ်နေ့ပါပဲ။ ညောင်ရေသွန်းပွဲလေးနဲ့တင် အားမရဘဲနဲ့ မြတ်စွာဘုရားရဲ့ ဖွားတော်မူတဲ့နေ့မှာ အထူးတလည်မြတ်စွာဘုရားကို ပူဇော်သင့်တာ ပေါ့။
အဲဒီတော့ ဗုဒ္ဓနေ့ကိုအလေးအနက်ထားပြီး လုပ်သင့်တယ်၊ ကုလသမဂ္ဂဆုံးဖြတ်ချက်ကြောင့် တချို့နိုင်ငံတွေမှာဆိုရင် ‘ဝေဆာခ်ပွဲတော်’ ဆိုပြီး တော်တော်လေး ကြီးကြီးကျယ်ကျယ်လုပ်နေကြပြီ။ ခုမြန်မာပြည်မှာတော့ လုပ်တာသိပ်မတွေ့ရသေးဘူး ပေါ့နော်၊ လုပ်သင့်လုပ်ထိုက်တယ်ပေါ့၊ သူများတွေ လုပ်လုပ်၊ မလုပ်လုပ် ကိုယ့်ဗုဒ္ဓဘာသာဝင်တွေက နေပြီးတော့ အထူးတလည် ကိုယ်တတ်နိုင်တဲ့ရှုထောင့် ကနေပြီး လုပ်သင့်တယ်။
ကျေးဇူးဆပ်နည်း တစ်ခု
ဒါကြောင့်မို့ အခုလို ‘ကဆုန်လပြည့်ဗုဒ္ဓနေ့’မှာ တရားဓမ္မဟောပြောနာယူကြပြီး ဘုရားကို ပူဇော် တယ်၊ ကျေးဇူးဆပ်တယ်။ ဒီလို ဓမ္မသဘင်အခမ်း အနားတွေဟာလည်းပဲ ဗုဒ္ဓကြိုက်တဲ့ကျေးဇူးဆပ် နည်းတစ်ခုပါပဲ။ အဲဒီနေ့မှာ သီလဆောက်တည်မယ်၊ တရားထိုင်မယ်၊ ဘုရားဂုဏ်တော်ပွားမယ်၊ ဒါ အကောင်းဆုံးပူဇော်ခြင်းပဲ’စသဖြင့် ဟောကြား တော်မူခဲ့တယ်ကွယ့်။ မောင်မြင့်အေးရော လာမယ့် ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်စွာဘုရားကို ဘယ်လို ပူဇော်မလဲကွယ့်။
“ခါတိုင်းနှစ်တွေကတော့ ညောင်ရေသွန်း လောင်း ပူဇော်တာပေါ့။ ဘကြီးကောင်း အခုလိုပြောပြ တဲ့အတွက် လာမယ့်ကဆုန်လပြည့်ဗုဒ္ဓနေ့မှာ ညောင်ရေသွန်းလောင်း ပူဇော်တာအပြင် ဒါန၊ သီလဆောက်တည်ပြီး ဘုရားဂုဏ်တော်ကိုးပါးကို ပုတီးစိတ် ပူဇော်မယ်လို့စိတ်ကူးဖြစ်လာပါတယ်”
“အေးကွယ်၊ သာဓု သာဓု သာဓုပါ မောင်မြင့်အေး ရေ၊ ဘကြီးကောင်းကတော့ ကိုးပါးသီလဆောက်တည် ပြီး ဘုရားကိုပူဇော်မယ်။ ‘ဗုဒ္ဓေါ ဗောဓေယျံ - မိမိကိုယ်တိုင် အမှန်အတိုင်းကိုသိအောင်ကြိုးစားပြီး လောကသားများအားလည်း အမှန်တရားသိရှိ အောင်လည်း ကြိုးပမ်းအားထုတ်မည်။ တိဏ္ဏော တာရေယျံ - မိမိကိုယ်တိုင်ဒုက္ခပင်လယ်ကြီးကို ဖြတ်ကူးနိုင်အောင် ကြိုးစားပြီး လောကသားများအား ဒုက္ခပင်လယ်ကြီးကို ဖြတ်ကူးနိုင်အောင်လည်း ကြိုးပမ်းအားထုတ်မည်။ မုတ္တော မောဓေယျံ - မိမိ ကိုယ်တိုင် ဘဝဒုက္ခမှလွတ်မြောက်အောင် ကြိုးစား ပြီး လောကသားများအား ဘဝဒုက္ခမှ လွတ်မြောက် အောင် ကြိုးပမ်းအားထုတ်မည်’ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ မဟာကရုဏာတော်တွေ၊ ဂုဏ်တော်တွေကို ဗုဒ္ဓနုဿတိအဖြစ် ရင်ထဲနှလုံးသားထဲရောက်အောင် ကြည်ညိုပွားများမယ်။ ဓမ္မစာပေတွေ ဖတ်ရှု လေ့လာမယ်။ အခါအားလျော်စွာ ဝိပဿနာ ဘာဝနာကမ္မဋ္ဌာန်း နှလုံးသွင်းမယ်ကွယ့်။ မြတ်စွာ ဘုရားကိုတရားနဲ့ပူဇော်ခြင်းဟာ အကောင်းဆုံး ပူဇော်ခြင်းပဲကွယ့်။ မြတ်စွာဘုရားရှင်ကိုယ်တော် တိုင်ကလည်း တရားနဲ့ပူဇော်ခြင်းဟာ အမြတ်ဆုံး၊ အကောင်းဆုံးပူဇော်ခြင်းပဲလို့ ဟောကြားတော် မူခဲ့တယ်ကွယ့်။ အေးကွယ်၊ ဘကြီးကောင်းလည်း သီတဂူဆရာတော်ကြီးရဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့ တရားတော် ဆက်နာယူလိုက်ဦးမယ်ကွယ့်”
“မဟာသက္ကရာဇ် ၆၈ ကြုံ၊ လုမ္ဗိနီတော သာမောရဂုံ၊ မာယာလှည့်ဖြား ပတ္တမြား နှုတ်ငုံ၊ ဖွားမြင်နေ့ လပြည့်နွေကဆုန်”။ ။