လျှပ်စစ်ယာဉ်များအကြောင်း တစေ့တစောင်း

ဝိုင်တူးကေ (စက်မှု)

 

ဗို့အားမြင့် ဘက်ထရီမှ လျှပ်စစ်အန္တရာယ်ကာကွယ် ရေးဆိုင်ရာအခြေခံအချက်များ

 

လျှပ်စစ်သုံးယာဉ်များတွင် အဓိကအရေးကြီး ဆုံးသည် ဗို့အားမြင့်ဘက်ထရီဖြစ်ပါသည်။ အလုပ်လုပ်မည့် ဗို့အားသည် 60 V DC (သို့မဟုတ်) 30 V AC ထက်ကျော်လွန်ပါက အန္တရာယ်ရှိသည့် ဘက်ထရီဖြစ်ပါသည်။ ထို့ကြောင့် လျှပ်စစ်သုံးယာဉ် များအတွက် ယာဉ်ကိုယ်ထည်တည်ဆောက်ရာတွင် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အခြေခံ အချက်အလက် စံနှုန်းများ၊ နည်းလမ်းများ၊ အကာအကွယ်အတားအဆီးများ၊ ယာဉ်ရှိ ဝိုင်ယာကြိုး၊ ဘက်ထရီများ၊ အန္တရာယ်ဖြစ်စေနိုင်သည့် ဗို့အားအစိတ်အပိုင်းများကို ယာဉ်ပေါ်တွင်ပါသည့် လူများမှ တိုက်ရိုက်ထိတွေ့ခြင်းမှ ကာကွယ်ရန်၊ သွယ်ဝိုက်ထိတွေ့ခြင်းမှ ကာကွယ်ရန်နှင့် လူများကို ထိခိုက်မှုမဖြစ်စေရန် လျှပ်ကာထားခြင်းနည်းလမ်းဖြင့် ကာကွယ်ရန် စသည့်အချက်များကို နိုင်ငံတကာ စံနှုန်းများနှင့်အညီ တည်ဆောက်တပ်ဆင်ထားရန် ဖြစ်ပါသည်။ အသုံးပြုသူများအနေဖြင့် လိုက်နာ သိထားသင့်သည့် ကာကွယ်ရေးဆိုင်ရာ အချက် အလက်များကိုလည်း အလွယ်တကူ သိရှိနားလည် နိုင်ရေးအတွက် ထုတ်လုပ်သူများက အသိပေးအမှတ် အသားသင်္ကေတကို မဖြစ်မနေ ထည့်သွင်းပေးရန် လိုအပ်ပါသည်။

 

ဗို့အား 60 V ထက်နည်းသည့် ယာဉ်များနှင့် ဆိုင်ကယ်များ၌ အသုံးပြုသည့် ဗို့သည် 48 V ဖြင့် အလုပ်လုပ်သည့်အချိန်တွင် ယာဉ်ကိုယ်ထည်အတွက် လျှပ်စစ်ဆိုင်ရာအကာအကွယ်များ မလိုအပ်သော်လည်း Li-Ion Battery အတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများ မဖြစ်မနေ ဆောင်ရွက်ရန် ဖြစ်ပါသည်။ ဘက်ထရီများသည် မီးလောင်၍ ပေါက်ကွဲလွယ်သဖြင့် တပ်ဆင်ရာတွင် အထိုင်ကို သေချာအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ သို့မှသာ ယာဉ်မတော်တဆ ထိခိုက်မှုဖြစ်သည့်အခါတွင် ဘက်ထရီမှတစ်ဆင့် မီးလောင်ပေါက်ကွဲမှုမဖြစ်စေရန် လိုအပ်ပါသည်။ ဘက်ထရီကို ကိုင်တွယ်ခြင်း၊ လဲလှယ်ပြုပြင်ခြင်းများ ပြုလုပ်ရာတွင် တတ်ကျွမ်းနားလည်သည့် ပညာရှင်များဖြင့်သာ ကိုင်တွယ်ရန် လိုအပ်မည်ဖြစ်ပါသည်။

 

EV Charging System (လျှပ်စစ်ယာဉ်များကို အားသွင်းသည့်စနစ်)

 

(က) Charging သွင်းခြင်းနည်းလမ်း

 

လျှပ်စစ်ယာဉ်များ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရန်အတွက် အများပြည်သူသုံး Charging Station များကို ဈေးဝယ်စင်တာများ၊ ဘတ်စ်ကားမှတ်တိုင်များ၊ ကားပါကင်များ စသည့်နေရာများတွင် အလွယ်တကူ အားသွင်းနိုင်ရေးအတွက်တည်ဆောက် ပေးသည့်နည်းလမ်းအပြင် ဘက်ထရီများကို အစားထိုး လဲလှယ်တပ်ဆင်ခြင်း နည်းလမ်း (Battery Swap System ) ကိုလည်း ထည့်သွင်းစဉ်းစားနိုင်ပါသည်။ ၎င်းသည် ဘက်ထရီများကို သီးသန့်အားသွင်းပေးနိုင်သည့် နေရာများထားရှိပေးပြီး အဆိုပါ ဘက်ထရီ အစားထိုးလဲလှယ်သည့်နေရာ (Swap Station) မှ ဘက်ထရီနှင့် ယာဉ်တွင်ပါရှိသည့် ဘက်ထရီများကို အစားထိုးလဲလှယ်တပ်ဆင်ခြင်း နည်းလမ်းဖြစ်ပါသည်။

 

ဘက်ထရီများကို အစားထိုးလဲလှယ်တပ်ဆင်ခြင်နည်းလမ်း ဆောင်ရွက်ခြင်းအားဖြင့် အားသွင်းချိန်ကို စောင့်ဆိုင်းရန်မလိုဘဲ လိုအပ်သည့် ဘက်ထရီ အလုံးအရေအတွက်အတိုင်း ပြောင်းလဲတပ်ဆင်ပြီးချိန်တွင် လိုရာခရီးကို ချက်ချင်းထွက်ခွာနိုင်ခြင်းဖြစ်ပါသည်။ ၎င်းလုပ်ငန်းများကို ဆောင်ရွက် မည်ဆိုပါက တင်သွင်း / ထုတ်လုပ်သည့် လျှပ်စစ် ယာဉ်နှင့်အတူ ဘက်ထရီအစားထိုး လဲလှယ်သည့် နေရာအတွက် ဘက်ထရီများ လုံလောက်စွာ ပါဝင်လာရန် လိုအပ်ပါသည်။

 

(ခ) စံသတ်မှတ်ရန် လိုအပ်ခြင်း

 

လျှပ်စစ်ကားတွင် အသုံးပြုမည့် အားသွင်းသည့် စနစ်နှင့်ပတ်သက်သည့် စံနှုန်းအားရေရှည်တွင် တစ်နိုင်ငံလုံး၌ တစ်ပြေးညီအသုံးပြုနိုင်ရေးသတ်မှတ် ရန် လိုအပ်မည်ဖြစ်ပါသည်။ လျှပ်စစ်ယာဉ်များ၏ အားသွင်းစနစ်စံနှုန်းသည် ထုတ်လုပ်သည့် မူရင်း နိုင်ငံနှင့် ယာဉ်အမျိုးအစား (Brand)ပေါ်မူတည်၍ အားသွင်းရသည့် အားသွင်းခေါင်းနှင့် အထိုင် (Connector & Inlet ) များသည် ကွဲပြားခြားနား သည်။

 

ဥပမာအားဖြင့် လျှပ်စစ်ကားများ၏ Connector နှင့် Inlet သည် ဂျပန်စံနှုန်း CHAdeMO၊ တရုတ်စံနှုန်း GB/T၊ အမေရိကန်စံနှုန်း US-COMBO၊ ဥရောပ စံနှုန်း EURO-COMBO အစရှိသည်ဖြင့် နိုင်ငံအလိုက် အခြေခံ၍ ထုတ်ထားခြင်းများ ဖြစ်ခြင်းတို့ကြောင့် အများပြည်သူသုံး Charging Station များ တည်ဆောက်မည်ဆိုပါက မတူညီသော Brand မျိုးစုံသည့်ယာဉ်များအတွက် အသုံးပြုနိုင်မည့် စံနှုန်းတစ်ခုတည်းဖြစ်နိုင်ရေးအတွက် စဉ်းစား ရွေးချယ်၍ စတင်ဆောင်ရွက်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။

 

လျှပ်စစ်ယာဉ်အမျိုးအစားနှင့် အားသွင်းမည့်စနစ်

 

လျှပ်စစ်ယာဉ်များသည် ဘက်ထရီကို အားပြန်သွင်းပြီး အသုံးပြုရသည့် ယာဉ်ဖြစ်၍ အောပ်ပါအတိုင်း အမျိုးအစား အုပ်စု လေးမျိုး ခွဲခြားနိုင်ပါသည် -

 

(၁) လျှပ်စစ် နှစ်ဘီး၊ သုံးဘီး မော်တော်ဆိုင်ကယ် များသည် ပုံမှန် Level 1 Charging စနစ် (110 V – 1.3 kW ) အသုံးပြုပြီး အိမ်သုံးမီတာယူနစ်မှတစ်ဆင့် အားပြန်ဖြည့်နိုင်သောကြောင့် Public Charging Station မဖြစ်မနေ မလိုအပ်ပါ။

 

(၂) လျှပ်စစ်လူစီးယာဉ်ငယ်သည် အိမ်သုံးမီတာ ယူနစ်ဖြင့် အသုံးပြုသုံးစွဲနိုင်သကဲ့သို့ မြို့တွင်းခရီးတိုသွားသည့်အချိန်တွင် Public Charging Station များတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 

(၃) လျှပ်စစ်လုပ်ငန်းသုံးယာဉ်ငယ် (Light Truck) သည် မြို့တွင်းပစ္စည်းသယ်ယူပို့ဆောင်ရေး လုပ်ငန်းများတွင် အသုံးပြုသင့်သည့် ဝန်ပေါ့ ယာဉ်ငယ်လေးများဖြစ်သောကြောင့် Battery Swap Station (သို့မဟုတ်) Public Charging Station များ ရှိလာပြီဆိုပါက အသုံးဝင်သည့် ယာဉ်များ ဖြစ်လာမည်ဖြစ်ပါသည်။

 

(၄) လျှပ်စစ်ဘတ်စ်ကား (E-bus) သည် Public Charging Station မဖြစ်မနေ လိုအပ်ခြင်း ဖြစ်ပါသည်။ သတ်မှတ်ခရီးစဉ်လမ်းကြောင်း အကွာအဝေးအတိုင်း သွားရမည်ဖြစ်သဖြင့် ဆောင်ရွက်မည့် ကုမ္ပဏီလုပ်ငန်းအနေဖြင့် အုပ်စုအလိုက် ဆောင်ရွက်ခြင်းသည် စီးပွားရေးအရ ရေရှည်တွက်ခြေကိုက်နိုင်ခြင်း ကြောင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စတင် ဆောင်ရွက်သင့်ပါသည်။

 

လျှပ်စစ်သုံးယာဉ်နှင့် လောင်စာဆီသုံးယာဉ် နှိုင်းယှဉ်အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့် အားသာချက်/ အားနည်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

 

လျှပ်စစ်သုံးယာဉ်များ၏ အားသာချက်မှာ ရိုးရိုးဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီကားများထက် သဘာဝပတ်ဝန်းကျင်နှင့် ပိုပြီးသဟဇာတဖြစ်စေပါသည်။ ရိုးရိုးဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီ အင်ဂျင်သုံးသည့်ကားများက မောင်းနှင်နေစဉ်တွင် ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီအင်ဂျင်တစ်မျိုး တည်းကိုသာ သုံးခြင်းဖြစ်ပါသည်။ HEV နှင့် PHEV မှာ ဓာတ်ဆီ (သို့မဟုတ်) ဒီဇယ်ဆီအင်ဂျင်နှင့် လျှပ်စစ်မော်တာကို နှစ်မျိုးပေါင်းစပ်အသုံးပြုရခြင်း ဖြစ်ပြီး BEV မှာ အင်ဂျင်လုံးဝ အသုံးမပြုရခြင်းများကြောင့် လေထုထဲသို့ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ထုတ်လွှတ်မှု လျော့နည်းသက်ာစေခြင်း ဖြစ်ပါသည်။

 

ဆီစားနှုန်း သက်သာခြင်းကြောင့်လည်း လောင်စာဆီ အသုံးပြုမှုစရိတ် လျော့နည်းစေမှာလည်း ဖြစ်ပါသည်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ကာကွယ်နိုင်မည်ဖြစ်ခြင်းနှင့် လောင်စာဆီသုံးစွဲမှုများ ရေရှည်မှာ လျော့နည်းသက်သာသွားမည် ဖြစ်သည့်အတွက် ကမ္ဘာ့နိုင်ငံအသီးသီးတွင် လျှပ်စစ်ယာဉ်များတွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် EV ဆိုင်ရာ ပြပွဲ၊ ပြိုင်ပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ EV နှင့် စပ်လျဉ်းသည့် အဖွဲ့အစည်းများ ခိုင်မာအားကောင်း လာစေရန် အစီအမံများ၊ နည်းပညာသစ်များနှင့် ပညာရပ်ဆိုင်ရာများတွင် လေ့လာသင်ယူမှုများ၊ သုတေသနပြုလုပ်ခြင်းများ၊ ရေတိုရေရှည်အစီအမံများ၊ လမ်းပြမြေပုံများ၊ အချိန်ကာလအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ၊ ဘဏ္ဍာငွေသုံးစွဲ နိုင်မှု အစီအမံများ၊ မူဝါဒ၊ ဥပဒေများဖြင့် ကျောထောက်နောက်ခံပြု၍ လျှပ်စစ်သုံးယာဉ်များ တွင်ကျယ်စွာ အသုံးပြုနိုင်ရေးအတွက် ဆောင်ရွက် နေကြပြီဖြစ်ပါသည်။

 

မြန်မာနိုင်ငံအနေဖြင့်လည်း လျှပ်စစ်ယာဉ်များ အသုံးပြုမည့်အစီအမံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ချမှတ်ခြင်းကို နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီက “Public Transportation အတွက် ခရီးတိုမြို့တွင်းပြေးဆွဲသည့် လျှပ်စစ်ယာဉ် များ၊ လျှပ်စစ်ဘတ်စ်ကားများ တင်သွင်းထုတ်လုပ် အသုံးပြုနိုင်ရေးအတွက် ပြည်တွင်း/ပြည်ပရင်းနှီး မြှုပ်နှံမှုများ ဖိတ်ခေါ်၍ ဆောင်ရွက်ရန်” လမ်းညွှန် ချက်များအရ ထုတ်ပြန်ထားသည့် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ မူဝါဒပါလုပ်ငန်းရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် EV ကဏ္ဍအတွက် ပြည်တွင်းထုတ်လုပ်မှုများကို ဖိတ်ခေါ်နိုင်ရေး EV Development Action Plan ရေးဆွဲဆောင်ရွက်လျက်ရှိရာ မူကြမ်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

 

Action Plan (မူကြမ်း) အရ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် ၁၉ ရပ်ရှိပြီး ကနဦးမှာ တင်သွင်းအသုံး ပြုခြင်းဖြင့် စတင်မှာဖြစ်ပြီး နောက်ပိုင်း EV များ အသုံးပြုမှုတွင်ကျယ်လာသည်နှင့်အမျှ ပြည်တွင်း၌ EV ယာဉ်အမျိုးမျိုးကို တပ်ဆင်ထုတ်လုပ်ခြင်းဖြင့် EV စက်မှုလုပ်ငန်းသို့ ရောက်ရှိရန် စီမံဆောင်ရွက် လျက်ရှိပါသည်။ တင်သွင်းအသုံးပြုခြင်းနှင့်အတူ အရည်အသွေး ကောင်းမွန်ပြီး စံချိန်စံညွှန်းနှင့်အညီ အသုံးပြုနိုင်ရေး ဦးစွာ ဆောင်ရွက်မည်ဖြစ်ခြင်းကြောင့် လက်ရှိတွင် EV ယာဉ်နှင့် ဘက်ထရီအတွက် စံချိန်စံညွှန်း သတ်မှတ် ထုတ်ပြန်နိုင်ရေးအတွက် အမျိုးသားစံချိန် စံညွှန်းကောင်စီနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ထားပြီးဖြစ်ပါသည်။

 

 

မကြာမီတွင် ကုလသမဂ္ဂ၏ ဥရောပဆိုင်ရာ စီးပွားရေးရာကော်မရှင် (United Nations of Economic Commission for Europe – UNECE) မှ ယာဉ်အတွက် ပြုစုထားသည့်စည်းမျဉ်း (UNECE Regulations) များမှ EV ဆိုင်ရာ UNECE Regulations နှစ်ခုကို တိုက်ရိုက်လက်ခံ၍ လျှပ်စစ်မော်တော်ကားအတွက် MMS UNECE R 100 (Electric Vehicle Safety) နှင့် မော်တော်ဆိုင်ကယ် ဘက်ထရီအတွက် MMS UNECE R 136 (Electric Motorcycle Battery Safety) များသည် မြန်မာ စံချိန်စံညွှန်းများအဖြစ်ဖြင့် ထွက်ရှိလာတော့မည် ဖြစ်ပါသည်။ EV များတင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း များနှင့်အတူ လိုအပ်သည့် အခြေခံအဆောက်အအုံဖြစ်သော အားသွင်းစနစ် တည်ဆောက်ခြင်းများကို ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများ ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ ကာဗွန်ထုတ်လွှတ်မှု အနည်းဆုံး ဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု နည်းစေရေးနှင့် လောင်စာဆီ အသုံးပြုမှု လျှော့ချနိုင်ရေး ရည်ရွယ်၍ လျှပ်စစ်ယာဉ်များ တွင်တွင်ကျယ်ကျယ် အသုံးပြုလာနိုင်ရန်နှင့် ပြည်တွင်း၌ ထုတ်လုပ် အသုံးပြုလာနိုင်ရန် ရေရှည်မြော်တွေး၍ ရှေ့ဆက်ဆောင်ရွက်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ခိုင်မာသည့် မူဝါဒများအဖြစ် ချမှတ်၍ အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ပြည်သူများ၏ အင်အားဖြင့် EV စက်မှုကဏ္ဍ ဖွံ့ဖြိုးရေးအတွက် တက်ညီလက်ညီ အကောင်အထည်ဖော် ဆောင်ရွက် ကြရမည်ဖြစ်ကြောင်း အကြံပြုဖော်ပြလိုက်ရပါသည်။ ။

 

Reference များ -

၁။ Brief History of Hybrid Cars sources by internet

၂။  History of Plug-in Hybrid Vehicle sources by Wikipedia

၃။ History of Battery Electric Vehicle sources by internet

၄။ www.adlittle.com/bev-icev

၅။ https://history-computer.com/tesla-a-complete-guide/

၆။  History of BYD company in USA

၇။ China issue three National standard for EV

၈။  www.ergon.com.au

၉။  https://bit.ly/2rFXjZ9

၁၀။ https://bit.ly/2IxBHI2

၁၁။ Evolution on Charging Standards by CHAdeMO Association in 30th AMEICC  Meeting at Philippine

၁၂။ UNECE Regulation 100 (Electric Vehicle Safety)

၁၃။ UNECE Regulation 136 (Battery for Electric Motorcycle Safety)