လျှပ်စစ်ရေနွေးအိုး အပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်၍ မီးလောင်မှု ကော့သောင်း၌ ဖြစ်ပွား

ကော့သောင်း ၁၈   မေ 

 

ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ နွယ်သာကီလမ်း၊ နေအိမ်တစ်ဆောင်တွင် ယမန်နေ့ မွန်းလွဲပိုင်းက လျှပ်စစ်ရေနွေးအိုးအပူလွန်ကဲရာမှ ဝါယာရှော့ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါနေအိမ်မှ  မင်းလှိုင်ဦး(၃၃)နှစ်သည် နေအိမ်၌ နံနက်ပိုင်းအချိန်ခန့်က လျှပ်စစ်ရေနွေးအိုး တည်ထားခဲ့ပြီး အလုပ်လုပ်ရန်ထွက်ခွာသွားရာ ရေနွေးအိုးမှတစ်ဆင့် အပူလွန်ကဲပြီး ဝါယာရှော့ဖြစ်၍ မီးလောင်ကျွမ်းခဲ့ခြင်း ဖြစ်သည်။

 

ထိုမှတစ်ဆင့် နေအိမ်မီးဖိုခန်း သစ်သားနံရံများအား မီးကူးစက်လောင်ကျွမ်းရာ မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲဝေနှင့်အဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ မီနစ်သုံးဆယ်ခန့်တွင် မီးငြိမ်းသွားခဲ့ပြီး  မီးပေါ့ဆစွာအသုံးပြုသူ မင်းလှိုင်ဦးအား ကော့သောင်းမြို့မရဲစခန်း က အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)