လှည်းကူးမြို့နယ်၌ တရားမဝင်ပျဉ်းကတိုးခွဲသားများတင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးဖမ်းမိ

လှည်းကူး ၂၇ မေ 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်၌ မေ(၂၆)ရက် ညနေ(၃)နာရီခန့်က ပျဉ်းကတိုး ခွဲသားများ တရားမဝင် တင်ဆောင်လာသော (၆)ဘီးယာဉ်တစ်စီးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။   

ဖြစ်စဉ်မှာ မြို့နယ်သစ်တောဦးစီးဌာန၊ အင်းတိုင်သစ်နှင့်သစ်တောထွက်ပစ္စည်းစစ်ဆေးရေးစခန်းမှ တာဝန်ကျ ဝန်ထမ်းများအဖွဲ့သည် ရန်ကုန်မြို့သို့ဝင်ရောက်လာသော ကုန်တင်ယာဉ်များအား သစ်တရားမဝင် တင်ဆောင် သယ်ယူမှုမရှိစေရေး မသင်္ကာဖွယ်ယာဉ်များအား ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် ပဲခူးဘက်မှ မောင်းနှင်လာသော 5J/-----Light Truck၊(၆)ဘီးအဖြူ ရောင်ယာဉ်အား မသင်္ကာဖွယ်တွေ့ရှိသဖြင့် အင်းတိုင်သစ်နှင့်သစ်တောထွက်ပစ္စည်းစစ်ဆေးရေးစခန်းအရောက်တွင် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ ရန်ကုန်-မန္တလေးအမှတ်(၁)လမ်းမကြီးအတိုင်း လှည်းကူးဘက်သို့ မောင်းနှင်သွားသည့်အတွက် ရှေ့မှပိတ်ဆို့ တားဆီးနိုင်ရေး ဆောင်ရွက်ခဲ့သည်။

ထို့နောက် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးတင်ထွဏ်းအဖွဲ့သည် ရန်ကုန်-မန္တလေး အမှတ်(၁) လမ်းမကြီး၊ မြို့မပျိုးဥယျာဉ်ရှေ့တွင်အသင့်စောင့်ဆိုင်းနေစဉ် အဆိုပါယာဉ် ရောက်ရှိလာသဖြင့် တားဆီးရာ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်မောင်းနှင်ထွက်ပြေးသွားသည့်အတွက် နောက်မှလိုက်လံခဲ့ရာ လှည်းကူးတာဆုံ မီးပွိုင့်အနီးတွင် အဆိုပါယာဉ်အားတားဆီးနိုင်ခဲ့သည်။

အဆိုပါယာဉ်အား မြို့မပျိုးဥယျာဉ်သို့မောင်းနှင်ခဲ့ပြီး ယာဉ်အားစစ်ဆေးရာ ယာဉ်၏အောက်ခြေကြမ်းခင်းတွင် အံဝှက်ပြုလုပ်ကာ ပျဉ်းကတိုးခွဲသားများ တရားမဝင် သိုဝှက်တင်ဆောင်ထားကြောင်း တွေ့ရှိရသဖြင့် ချတိုင်းစစ်ဆေးနေစဉ် ပျဉ်းကတိုးခွဲသားများ၏အောက် နောက်ထက်အံဝှက်(၁)ခု အား ထပ်မံတွေ့ရှိခဲ့ရပြီး အဆိုပါအံဝှက်ထဲတွင်လည်း တရားမဝင်ပျဉ်းကတိုးခွဲသားများ ထည့်သွင်းသိုဝှက်ထားကြောင်း စစ်ဆေးတွေ့ရှိရပြီး ချတိုင်းစစ်ဆေးရာ တရားမဝင်ပျဉ်းကတိုးခွဲသား(၁၅၇)ချောင်း၊ (၁.၂၆၃၂) တန်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

နိုင်လင်း(လှည်းကူး)