လင်မယားချင်းစကားများရာမှ နေအိမ်မီးရှို့မှုဖြစ်ပွား

ဖားကန့်    ၃၀    မေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာ ဘွမ်ဘရာကုန်း၊ ကွက်သစ်(ကျူးကျော်)တွင် နေထိုင်လျက်ရှိသူ ဦးစောမောင်သိန်း(၆၂)နှစ်နှင့် ဇနီးဒေါ်ယိန်းမျှော်(၃၈)နှစ်တို့ လင်မယားချင်းစကားများရာမှ ဦးစောမောင်သိန်းက နေအိမ်အားအတွင်းမှနေ၍ တံခါးပိတ်မီးရှို့ခဲ့သဖြင့် လင်မယားနှစ်ဦးလုံးမီးလောင် သေဆုံးခဲ့မှု ယနေ့နံနက်(၅)နာရီခွဲခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့နှင့် အနီးပတ်ဝန်းကျင်ရှိပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက်(၆)နာရီခန့်တွင် မီးငြိမ်းခဲ့ပြီး ဦးစောမောင်သိန်းတို့ ဇနီးမောင်နှံနှင့်အတူ ၎င်းတို့ နေထိုင်သည့် (၃×၂)ခန်းပါ ပျဉ်ခင်း၊ သွပ်မိုး၊ သွပ်ကာ နေအိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့သည်။

သေဆုံးသူဇနီးမောင်နှံတွင် အသက်(၁၇)နှစ်အရွယ် သမီးတစ်ဦးကျန်ရစ်ခဲ့ပြီး မီးလောင်မှုဖြစ်ပွားချိန်တွင် သမီးဖြစ်သူမှာ အိမ်အပြင်သို့ ရောက်ရှိနေကြောင်း သိရသည်။

တာလင်းမောင်(ပြန်/ဆက်)