လမြတ်နတ်တော်နှင့် စာဆိုတော်နေ့

ပန်းတောင်းသန်းကြွယ်

 

မြန်မာတို့၏တစ်ဆယ့်နှစ်လတွင် ကိုးလမြောက်လမှာ နတ်တော်လ ဖြစ်သည်။ ရာသီအားဖြင့် ဓနုရာသီ၊ စန်းယှဉ် နက္ခတ်မှာ မိဂသီ ဖြစ်သည်။ ရာသီရုပ်မှာ လေးဆွဲသော ယောက်ျားရုပ် ဖြစ်သည်။ ရာသီပန်းမှာ တော်ဝင်နတ်ပန်း ဟုတင်စားကြရသော သဇင်ပန်း ဖြစ်သည်။ ရှေးဘုရင်များ လက်ထက်က ရွှေသိုင်းများရှေ့ဆောင်ကာ ဘုရင်မင်းမြတ် အား ဆက်သရမြဲဖြစ်သော ပန်းမြတ်သဇင်တို့သည် ဤနတ်တော်လတွင် ဖူးပွင့်မြဲဖြစ်ကြောင်းကို ရည်ရွယ်၍ ရှင်ဥတ္တမကျော်က

“ရွှေသိုင်းဝင့်ချီ၊ မိုးရင့်သီလျက်

မတီကေတု၊ တိုင်းဇေယုက

သမ္မုတိမှန်၊ ကေသာနှံသည်

ရွှေလျှံသဇင်၊ ဂမုန်းအင်လည်း

ဥကင်မြင့်ခေါင်၊ ရနံ့လှောင်ခဲ့” ဟု စပ်ဆိုခဲ့သည်။ လမြတ်နတ်တော်ဝယ် ကောက်သစ်ငယ်တို့ ပေါ်ဦးခြင်း ကြောင့် တောင်သူလယ်သမားများ ပျော်မြူးကြသော ရာသီထူးလည်းဖြစ်သည်။ ကောက်သစ်စားပွဲများလည်း ကျင်းပကြသည်။ ရှေးလူကြီးများက “လနတ်တော် မုန့်ဆန်းလှော်” ဟု ဆိုကြသည်။

 

နတ်တော်လ

 

နတ်တော်လဟုတွင်သည်မှာ ထိုလတွင် နတ်ကို ပူဇော်ပသရသောကြောင့်ဖြစ်သည်။ ရှေးအခါက ဗြဟ္မဏ ပုဏ္ဏားတို့သည် ဘုရင့်အပါး၌ ဘုရင်အား မြှောက်စား ချီးကျူးလျက် လောကီအကျိုးထူးများဖြစ်စေရန် ဖန်တီး ပေးကြလေ့ရှိသည်။ နှစ်ရှည်ကြာလာသည့်အခါတွင် မြန်မာတို့၏ရိုးရာဓလေ့ကဲ့သို့ မှတ်ယူစွဲလမ်းလာကြပြီး မြန်မာစာပေကျမ်းဂန်များ၊ လောကဓမ္မ၊ ရာဇရေးရာ အဖြာဖြာတို့၌ပင် ဗြဟ္မဏတို့၏အာဘော်များ ပါဝင်လာခဲ့ သည်။ ရတနာပူရ အင်းဝနန်းတည် ဘိုးတော်ဘုရင် လက်ထက်တွင် ဗြဟ္မဏပုဏ္ဏားတို့၏ ဝါဒအဟောင်း အဆွေးများကို စာပေတို့မှ ထုတ်နုတ်သုတ်သင်၍ မြန်မာ စာပေကို သန့်စင်စေခဲ့သည်ဟု အဆိုရှိသည်။ ဗြဟ္မဏ ပုဏ္ဏားပညာရှိများကိုလည်း ဟူးရားသမားအဖြစ် သီးခြား ခန့်ထား၍ သက်ဆိုင်ရာတို့၌သာလျှင် အမှုထမ်းစေခဲ့ သည်။

 

ထိုအချိန်မှစတင်၍ နတ်တော်လတွင် နတ်ပူဇော် ပွဲများကျင်းပခြင်းကိုပြောင်းလဲ၍ မြန်မာပညာရှိကြီးများ အားချီးမြှောက်ပူဇော်သော ပွဲတော်ရာသီအဖြစ် သတ်မှတ်ခဲ့ကြသည်။ နတ်တော်လရာသီပွဲတော်တွင် စာပေပညာရှိကြီးများနှင့်တကွ ထူးချွန်သော လူရည်ချွန် များကိုလည်း ချီးမြှောက်ထောက်ပံ့ခဲ့ကြသည်။ ဘိုးတော် မင်းတရားကဲ့သို့ပင် မြန်မာစာပေနှင့် ယဉ်ကျေးမှုတို့ကို သုတ်သင်ပြုစုလာခဲ့ကြရာ အင်းဝခေတ်မှ ရတနာပုံခေတ် သို့တိုင်အောင် မြန်မာစာပေသမိုင်းဆက်သည် ပြောင်မြောက်သန့်စင်ခဲ့သည်။

 

သူ့ကျွန်ဘဝရောက်ခဲ့သော ကိုလိုနီခေတ်၌မူ မြန်မာစာပေသည် အားနည်းမှေးမှိန်ခဲ့ရသည်။ နိုင်ငံရေး နှင့် အမျိုးသားရေးစိတ်ဓာတ်များ နိုးကြားလာသော ကိုလိုနီခေတ်နှောင်းပိုင်းကာလတွင် မြန်မာစာပေသည် ပြန်လည်ဦးမော့လာခဲ့သည်။ မြန်မာစာရေးဆရာများ၏ စုစည်းမှုများလည်း ဖြစ်ပေါ်လာခဲ့သည်။ မြန်မာနိုင်ငံ စာရေးဆရာများအသင်းကို ၁၉၄ဝ ပြည့်နှစ်တွင် ဖွဲ့စည်း ခဲ့ပြီး ၁၉၄၄ ခုနှစ် ဂျပန်ခေတ်၊ မြန်မာသက္ကရာဇ် ၁၃၀၆ ခုနှစ်တွင် စာဆိုတော်နေ့ကျင်းပနိုင်ရေးအတွက် စာပေ ဆိုင်ရာလူကြီးများ စုဝေးညှိနှိုင်း၍ နှစ်စဉ် နတ်တော် လဆန်း ၁ ရက်နေ့ကို “စာဆိုတော်နေ့” အဖြစ် သတ်မှတ် ခဲ့ကြသည်။

 

ဂျပန်ခေတ်က ပြန်လည်ဖွဲ့စည်းခဲ့သော စာရေး ဆရာအသင်းတွင် ဥက္ကဋ္ဌမှာ သူရိယဦးသိန်းမောင်ဖြစ်ပြီး ငွေထိန်းအဖြစ် ဒေါ်ဒဂုန်ခင်ခင်လေး၊ အမှုဆောင်လူကြီး များအဖြစ် မဟာဆွေ၊ ဒဂုန်နတ်ရှင်၊ ဒဂုန်ရွှေမျှား၊ ဇေယျ၊ ရွှေပိန်သောင်း၊ သင်္ခါ၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ မြို့မ မောင်၊ မြန်မာ့ရုပ်ရှင် ဦးမောင်မောင်၊ ဆရာကျော်၊ ဆရာစိန်၊ မြဒေါင်းညို၊ ဇဝန၊ သုခ စသည်တို့ ပါဝင်ကြသည်။

 

ပထမဆုံးသော စာဆိုတော်နေ့

 

စာရေးဆရာများအသင်း၏ ပထမဆုံးသော စာဆို တော်နေ့ကို ၁၃၀၆ ခုနှစ် နတ်တော်လဆန်း ၁ ရက်နေ့၊ ၁၉၄၄ ခုနှစ် နိုဝင်ဘာလတွင် ရွှေဂုံတိုင်လမ်း ကုန်းမြင့်ပေါ်ရှိ ဒဂုန်ခင်ခင်လေးစာအုပ်တိုက် မျက်နှာစာရှိ မြက်ခင်းပြင်၌ ကျင်းပခဲ့သည်။ ညနေ ၃ နာရီတွင် ရောက်ရှိလာသော စာရေးဆရာများနှင့် ဧည့်သည်တော်များအား ရေနွေးကြမ်း၊ ဘူးသီးကြော်၊ မုန့်စိမ်းပေါင်းတို့ဖြင့် ဒေါ်ဒဂုန်ခင်ခင်လေးက ဧည့်ခံကျွေးမွေးလေသည်။ ပထမဦးဆုံးသော စာဆိုတော်နေ့ အခမ်းအနားတွင် စာရေးဆရာများအသင်း ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က အဖွင့်အမှာစကားများပြောကြားပြီး မန္တလေးမှ စာရေးဆရာများအပါအဝင် တက်ရောက်သူ စာရေးဆရာများက မြန်မာ့စာဆိုအကျိုးတော်ဆောင်များဖြစ်ကြသော အနန္တသူရိယ၊ လက်ဝဲသုန္ဒရ၊ နတ်သျှင်နောင်၊ နဝဒေး၊ ဦးပေါ်ဦး၊ မမြကလေး၊ လှိုင်ထိပ်ခေါင်တင်၊ ဦးပုည၊ အချုပ်တန်းဆရာဖေစသော ပုဂ္ဂိုလ်ကြီးများ၏ စာပေဂီတ၊ ကဗျာများကို ရွတ်ဆို၍ ချီးကျူးဂုဏ်ပြုကြသည်။

 

ယင်းစာဆိုတော်နေ့အခမ်းအနား ပြီးဆုံးသည့်နေ့ ညနေပိုင်းတွင် စာရေးဆရာများ၏ စာပေဟောပြောပွဲ၊ စာပေရွတ်ဆိုပွဲတစ်ရပ်ကို ဗဟန်းကန်တော်ကြီးရှိ မြိုင်ရုံတွင် ပြုလုပ်ရာ စာပေဝါသနာရှင်များ၊ ပညာရှိပုဂ္ဂိုလ်များ၊ ပညာရေးဌာနမှ ဆရာ ဆရာမများ ပါဝင်ပူးပေါင်း တက်ရောက်ကြကာ ရှေးခေတ်စာဆိုတော်ကြီးများ၏ ပြောင်မြောက်သော အရေးအသားတို့မှ ထုတ်နုတ်ရွတ်ဆို ခြင်းဖြင့် ဂုဏ်ပြုကြသည်။ စာရေးဆရာသုခ၏ ဦးပုညဝိဇယ ပြဇာတ်မှ ထုတ်နုတ်ရွတ်ဆိုဂုဏ်ပြုသော သရုပ်ပြကဏ္ဍမှာ လူကြိုက်အများဆုံးဖြစ်ကာ နာမည်ကြီးခဲ့လေသည်။

 

၁၉၄၅ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၁၂ ရက်နေ့ အထိ စာရေးဆရာအသင်းရန်ပုံငွေအတွက် ဝိဇယပြဇာတ်ကို မြိုင်ရုံ၌ တင်ဆက်ကပြခဲ့သည်။ စာရေးဆရာများကိုယ်တိုင် ပါဝင်ကပြကြရာ ဝိဇယမင်းသားအဖြစ် သုခ၊ မယ်ကုဝဏ် အဖြစ် သီတာခင်ထွေး၊ ဝန်ကြီးများအဖြစ် မဟာဆွေ၊ ဒဂုန်ရွှေမျှား၊ ဆရာဟိန်နှင့် ဇဝနတို့က သရုပ်ဆောင် ကြသည်။ မုဆိုးအဖြစ် သတင်းထောက် ကိုချစ်ဦး၊ သိကြား မင်းအဖြစ် သင်္ခါ၊ နတ်မင်းအဖြစ် ရွှေပိန်သောင်း၊ ဘီလူး အဖြစ် ဝဇီရာ၊ ရှင်ဘုရင်အဖြစ် သဇင်မြင့်တို့က ပါဝင် သရုပ်ဆောင်ခဲ့ကြသည်။

 

နောင်နှစ် ၁၉၄၆ ခုနှစ် နိုဝင်ဘာလတွင် စာရေးဆရာ ပြဇာတ်ကို စာဆိုတော်နေ့နှင့်တစ်ပြိုင်တည်း ကပြခဲ့ ကြသည်။ နောက်ပိုင်းကာလများတွင် စာရေးဆရာပြဇာတ် များ ရံဖန်ရံခါသာ ပြသနိုင်ခဲ့သော်လည်း စာဆိုတော်နေ့ အထိမ်းအမှတ်စာပေဟောပြောပွဲများ၊ ကဗျာရွတ်ဆိုပွဲများ၊ ဆောင်းပါး၊ ကဗျာ၊ ဝတ္ထုတို၊ စာပေပြိုင်ပွဲများ၊ သက်ကြီး စာပေပညာရှင်ကြီးများ ကန်တော့ပွဲတို့ကို စဉ်ဆက်မပြတ် ကျင်းပလာနိုင်ခဲ့သည်။ စာပေဟောပြောပွဲများသည် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် မြို့နယ်ဒေသအလိုက် ခြိမ့်ခြိမ့်သဲ ကျင်းပကြရာ နှစ်သက်အားရဖွယ်ကောင်းလှသည်။

 

အစဉ်အလာမပျက် ချီးမြှင့်

 

နှစ်စဉ် နတ်တော်လဆန်း ၁ ရက်နေ့ စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားစာပေတစ်သက်တာဆု၊ အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆုများကို နိုင်ငံတော်က ချီးမြှင့်လျက်ရှိရာ ယခုနှစ်စာဆိုတော်နေ့ (ဒီဇင်ဘာလ ၁၅ ရက်နေ့) တွင်လည်း စာပေဆုများကို အစဉ်အလာ မပျက် ချီးမြှင့်ခဲ့သည်။

 

စာပေပညာရှင်ကြီးများ ရေးသားပြုစုခဲ့သည့် စာအုပ်စာပေများကြောင့် လူတစ်ဦးချင်းစီ၏ ပညာရေး၊ အတွေးအခေါ်၊ ဘဝရပ်တည်မှု၊ ကျန်းမာရေးစသည်တို့ကို ဖွံ့ဖြိုးတိုးတက်စေရုံသာမက စိတ်အေးချမ်းသာစေခြင်း၊ ကောင်းကျိုးလိုရာဆန္ဒများ ပြည့်ဝစေခြင်း၊ ပရဟိတ စိတ်ဓာတ်များ ရှင်သန်ပေါက်ဖွားလာခြင်း၊ ဘဝအခြေ အနေအလိုက် နေပျော်အောင်နေတတ်လာခြင်း စသော အကျိုးထူးများကို ခံစားရရှိစေနိုင်သောကြောင့် စာပေ ပညာရှင်ကြီးများ၏ ကျေးဇူးဂုဏ်ကား ကြီးမားလှတော့ သည်။

 

ထိုဂုဏ်ကျေးဇူးများကိုထောက်၍ နိုင်ငံတော်က ချီးမြှင့်သည့် စာပေဆုများအပြင် ပခုက္ကူဦးအုံးဖေ စာပေဆု၊ ဆရာဝန်တင်ရွှေစာပေဆု၊ ထွန်းဖောင်ဒေးရှင်း စာပေဆု၊ သုတစွယ်စုံစာပေဆု၊ ရွှေအမြုတေစာပေဆု စသည့် ပုဂ္ဂလိကစေတနာရှင်များကလည်း ထိုက်တန်စွာ ချီးမြှင့်ဂုဏ်ပြုလျက်ရှိရာ များစွာကျေနပ်နှစ်သက်ဖွယ်၊ သာဓုခေါ်ဖွယ်ကောင်းလှတော့သည်။

 

စာပေပညာရှင်ကြီး ၁၀ ဦးကို စတင်ကန်တော့

 

အသက် ၈၀ နှင့်အထက်ရှိ စာပေပညာရှင်ကြီး များအား ပူဇော်ကန်တော့ပွဲကို မြန်မာနိုင်ငံ စာပေ လုပ်သားအဖွဲ့ကြီး ၁၉၈၀ ပြည့်နှစ်တွင် စတင်ကျင်းပ ခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာပေပညာ ရှင်ကြီးများကိုသာ ကန်တော့ခဲ့ခြင်းဖြစ်ရာ ၁၉၈၀ ပြည့်နှစ်တွင် စာပေပညာရှင်ကြီး ၁၀ ဦးကို စတင် ကန်တော့နိုင်ခဲ့၏။ ၁၉၈၇ ခုနှစ်တွင် ၂၅ ဦးအထိ ရှိလာပြီး ၁၉၈၈ ခုနှစ် အရေးအခင်းကာလနှင့် ၁၉၉၃ ခုနှစ်အတွင်း ၌ ကန်တော့ပွဲ မကျင်းပဖြစ်ခဲ့ပေ။ မြန်မာနိုင်ငံ စာပေနှင့် စာနယ်ဇင်းအဖွဲ့ကြီးအဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ ခုနှစ်မှစတင်ကာ နှစ်စဉ်စာပေ သက်ကြီးပူဇော်ပွဲများ ပြန်လည်ကျင်းပနိုင်ခဲ့သည်။ ၁၉၉၆ ခုနှစ်မှစ၍ တစ်ပြည်လုံးမှ စာပေပညာရှင်ကြီးများကို ပင့်ဖိတ်စုဝေး ကာ ကန်တော့ခဲ့ကြသည်။ ၂၀၀၀ ပြည့်နှစ်တွင် သက်ကြီး စာပေပညာရှင် ၁၀၀ ကျော်အား ကန်တော့ခဲ့ကြသည်။ ၂၀၁၄ ခုနှစ်က စာပေပညာရှင်ကြီး ၁၈၀ အထိ တိုးမြှင့် ကန်တော့ခဲ့ကြသည်။ ယခုနှစ်တွင် စာပေပညာရှင်ကြီး ၁၈၅ ဦးအား ကန်တော့ရန်စီစဉ်ထားသည်။

 

သက်ကြီးစာပေပညာရှင်ကြီးများအား တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီနှင့် ဆေးဝါး၊ စာအုပ်စာပေများကို လှူဒါန်းခဲ့ကြသည်။ ရွှေသံလွင်စကိုင်းနက် ရုပ်သံကလည်း ရုပ်သံဖမ်းစက်များကို အကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးတို့ အိမ်အရောက် တပ်ဆင်လှူဒါန်းပေးခဲ့ သည်။ ယခုနှစ်တွင်လည်း တစ်ဦးလျှင် ငွေကျပ် နှစ်သိန်းစီ အခြေခံ၍လှူဒါန်းသွားနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်။ ယခင်နှစ်များကကဲ့သို့ပင် နိုင်ငံတော်သမ္မတရုံး၊ ပြန်ကြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးပါတီအဖွဲ့အစည်းများ၊ ရန်ကုန်မြို့တော်စည်ပင်၊ မန္တလေးမြို့တော်စည်ပင်၊ ကုမ္ပဏီအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စာရေးဆရာများ၊ ပုဂ္ဂလိကအလှူရှင်များက အလှူငွေများ ပါဝင်လှူဒါန်းကြမည် ဖြစ်သည်။

 

စာပေသည် လူမျိုး၏ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်သည်။ စာအုပ်မျိုးစုံသည် လူသားတို့၏ ခေတ်ကြေးမုံပင် ဖြစ်သည်။ စာအုပ်စာပေသည် လူ့မိတ်ဆွေပင် ဖြစ်သည်။ စာပေမြင့်မှ လူမျိုးမြင့်မည် ဖြစ်သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်းကို ထင်ဟပ် ဖော်ပြနေပေရာ မိမိဘဝ၊ မိမိလူမျိုး၊ မိမိတိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်းသည် စာပေချစ်စိတ်ရှိပြီး နတ်တော် မာသစာဆိုလတွင် စာပေနှင့် ယဉ်ကျေးမှုအမျိုးသားရေး လှုပ်ရှားမှုများတွင် တစ်တပ်တစ်အား ပါဝင်ဆင်နွှဲသင့် လှပါကြောင်း တိုက်တွန်းရေးသားလိုက်ရပေသည်။ ။